ရန်ကုန်-ပြည် မော်တော်ကားလမ်းသည် လမ်းအရှည်မိုင် ၁၈၀ ရှိပါတယ်။ လမ်းပိုင်းအနေနဲ့ ရန်ကုန်နှင့်လက်ပံတန်းသည် ၈၅ မိုင်ရှိပြီးတော့ လမ်းအကျယ်မှာ ၂၂ ပေ ဖြစ်ပါတယ်။ လက်ပံတန်းနဲ့ ပြည်ခရီးမိုင်သည် ၉၅ မိုင်ဖြစ်ပြီးတော့ လမ်းအကျယ်သည် ၁၈ ပေဖြစ်ပါတယ်။ ရန်ကုန်-ပြည် မော်တော်ကားလမ်းသည် မကွေးတိုင်း ဒေသကြီးမှလည်းကောင်း၊ ရခိုင်ပြည်နယ်မှလည်းကောင်း ဒေသထွက်ကုန်ပစ္စည်းများနဲ့ကုန်စည် စီးဆင်းမှု၊ ခရီးသွားလာမှုများသော လမ်းဖြစ်ပါသည်။ ၎င်းအပြင် ရန်ကုန်-ပြည် မော်တော်ကားလမ်း သည် ၁၉၈၈ ခုနှစ်က ဖောက်လုပ်ပြီးစီးခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ အကောင်းဆုံး၊ အဝေးပြေးနိုင်လွန် ကတ္တရာလမ်းအဖြစ်လူသိများခဲ့သော ကတ္တရာလမ်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ ရန်ကုန်-ပြည် မော်တော်ကားလမ်းသည် ယာဉ်များသွားလာရာတွင် လမ်းကျဉ်းမြောင်းခြင်း၊ လမ်းသက်တမ်းကြာ မြင့်ခြင်း၊ လမ်းကတ္တရာအလွှာများကွာနေခြင်းနဲ့ ချိုင့်များဖြစ်ပေါ်နေခြင်းကြောင့် ယာဉ်များသွား လာမှုနှောင့်နှေးရခြင်းများ ကြုံတွေ့နေရပါသည်။ ၎င်းအပြင် ကားလမ်း၏ ဘေးဝဲယာတစ်ဖက်တွင် ရှိသော လမ်းပုခုံးများသည်လည်းနိမ့်ကျ၍ ယာဉ်များရှောင်တိမ်းသည့်အခါမှာ အန္တရာယ်တွေ့ ကြုံနေ ရပါတယ်။ သို့ပါ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ချောမွေ့စေရေးအတွက် အောက်ပါမေးခွန်း များကို မေးမြန်းမှာဖြစ်ပါတယ်။ နံပါတ်(၁)မေးခွန်းက ရန်ကုန်-ပြည်ကားလမ်းကို အဆင့်မြင့် ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း အစီအစဉ်ရှိ၊ မရှိနဲ့ နံပါတ်(၂)မေးခွန်းက ရန်ကုန်-ပြည်ကားလမ်းအား ခြောက်လမ်းသွားတိုးချဲ့ရန် ယခင်တိုင်းတာမှုများရှိခဲ့သည်ကို ကြားသိရပါ၍ ယခုအနေနှင့် ခြောက်လမ်းသွားအဖြစ် တိုးချဲ့ရန်အစီအစဉ် ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်-ပြည်-မကွေးလမ်းဟာ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ၇၀ မိုင် ၆ ဖာလုံကနေပြီး ၁၉၃ မိုင် ၇ ဖာလုံအထိ ၁၂၃ မိုင် ၁ ဖာလုံ ပါဝင်လျက်ရှိပါတယ်။ မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီကနေပြီးတော့ ၂၈-၆-၂၀၁၁ နေ့မှာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ထံကနေ လမ်း၊ တံတားအဆင့်မြှင့်တင် တည်ဆောက်ရန်လုပ်ငန်းများ လွှဲပြောင်းယူပြီး BOT စနစ်နဲ့ တာဝန်ယူဆောက်ရွက်လျက်ရှိပါတယ်။ မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ဟာ ၂၈-၆-၂၀၁၁ နေ့ကစပြီး ရန်ကုန်-ပြည်-မကွေး လမ်းမကြီးအား ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်တဲ့ ကြိုတင်ရော ကျောက်ကတ္တရာနဲ့ လမ်းပေါက်များ ဖာထေးခြင်း၊ လမ်းပုခုံးများအား စက်ယန္တရားများဖြင့်ညှိခြင်း၊ တံတားနှင့်ရေပြွန်များ ရေစီးရေလာကောင်းရန် ဆောင်ရွက်ခြင်းတို့ကို ယာဉ်သွားလာမှုအဆင်ပြေစေရန် ဆောင်ရွက်လျက် ရှိပါတယ်။ လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့အတွက် ယခုအခါမှာ ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များ ယာဉ်အန္တရာယ်ကင်း ရှင်းစွာနဲ့သွားလာနိုင်ပြီဖြစ်ပါတယ်။ BOTစနစ်ဖြင့် လမ်းအဆင့်မြှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ၁၉၉၆ခုနှစ် မူလပဋိညာဉ်စာချုပ်အရ ယာဉ်သွားလမ်းဟာ ၂၄ ပေ အကျယ်သတ်မှတ်ထားသော်လည်း အချို့သောလမ်းအပိုင်းဟာ ယာဉ်သွားလာမှုနည်းပါးသေးတဲ့အတွက် ၎င်းလမ်းအပိုင်းတွေဟာ BOT စနစ်ဖြင့် ဆောင်ရွက်တဲ့ကုမ္ပဏီနဲ့ လုပ်ငန်းအဆင်ပြေစေရန်အတွက် လမ်းအကျယ်ကို တစ်ရက် ပျမ်းမျှယာဉ်စီးရေ သွားလာမှုပေါ်မူတည်ပြီးတော့ တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသောလမ်းများအနေနဲ့ အာရှလမ်းမကြီးများ၊ အာဆီယံလမ်မကြီးများ အဖြစ် သတ်မှတ်ထားသောလမ်းများကို အနည်းဆုံးယာဉ်သွားလမ်းအကျယ် ၂၄ ပေအထိ ရောက်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်-ပြည် ကားလမ်းရဲ့ တိုက်ကြီး-သာယာဝတီလမ်းအသုံးပြုခကောက်ခံရေးစခန်းများမှာ ၂၀၁၁ ခုနှစ်မေလ၊ ဇွန်လကစပြီးတော့ ယာဉ်သွားလာမှုကို ကောက်ယူစံနှုန်းအရ ယာဉ်စီးရေမှာ ၁၈၁၂ စီးရှိပြီးတော့ လက်ရှိလမ်း အကျယ်နဲ့လုံလောက်စွာ သွားလာနိုင်သောနေရာမှာ ကြည့်မယ်ဆိုရင် အချို့နေရာတွေမှာ လမ်းသား အကျယ်က ၁၈ ပေနဲ့ တချို့နေရာတွေမှာ ၂၂ ပေအကျယ်၊ တချို့နေရာမှာ ၂၄ ပေရရှိရန် အတွက် မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီကနေပြီးတော့ ပွင့်လင်းရာသီမှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်-ပြည်လမ်းကြီး ခြောက်လမ်းသွားအဆင့်တိုးမြှင့်ရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း ဖြေကြားပါသည်။
