ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ဗဟန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်ဝင့်ရဲ့ မြန်မာနိုင်ငံဆေးကောင်စီအား အစိုးရမဟုတ်သော လွတ်လပ်သော Professional Body အဖြစ် ရပ်တည်ခွင့်ပြုရေးအဆိုနှင့် ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ (Medical Protection Society) ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ စီမံဆောင်ရွက်သင့်ကြောင်းအဆိုကို တင်သွင်းခဲ့ပါတယ်။ ဒီအဆို ၂ ခုဟာ ပြည်သူ့လွှတ်တော်က လက်ခံအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီရဲ့ တတိယပုံမှန်အစည်းအဝေးမှာ တင်သွင်းတဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံဆေးကောင်စီသို့ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာလည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လည်းကောင်း ဆောင်ရွက်ပြီးစီးမှုအြခေအနေကို မေးမြန်းထားတာတွေ့ရပါတယ်။ ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ (Medical Protection Society) နှင့်ပတ်သက်ပြီးတော့လည်း ညှိနှိုင်း ဆွေးနွေးပွဲများ ဆောင်ရွက်နေကြောင်း ပညာရှင်စုံညီစွာဖိတ်ခေါ်ပြီး Medical Protection Society Challenge Possibilities and Realities ခေါင်းစဉ်နှင့် Work Shop တစ်ခုကျင်းပမည် ဖြစ်ကြောင်းနှင့် ဆေးပညာရှင်များအတွက်သာမက လူနာရှင်များအတွက်ပါ ကျေနပ်မှုရနိုင်စေမည့် ပဋိပက္ခဖျန်ြဖေရေးအသင်းကြီးတစ်ခု ပေါ်ပေါက်ရန် ရှေ့ပြေးလုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ တတိယပုံမှန်အစည်းအဝေး အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။ ယခုအခါ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ၊ အဖွဲ့အစည်းပိုင်ဆေးခန်းများ၊ နိုင်ငံပိုင်ဆေးရုံဆေးခန်းများ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးနေကြတဲ့ အထူးကုဆရာဝန်ကြီးတွေ၊ တာဝန်ခံဆရာဝန်ကြီးတွေ၊ လက်ထောက် ဆရာဝန်တွေ၊ သူနာပြုနှင့်အခြားကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုကို ပေးနေသော ပုဂ္ဂိုလ်တွေဟာ အဆင့်ဆင့်ရှိနေကြပြီ ဖြစ်နေပါတယ်။ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် အချင်းချင်းသော်လည်းကောင်း၊ လူနာရှင်များနှင့်သော်လည်းကောင်း သဘောထား မတူညီမှုများ၊ နားလည်မှုလွဲမှားခြင်းများ၊ တာဝန်မကျေခြင်းများ၊ လူ့အခွင့်အရေး မလိုက်နာခြင်းများ၊ အရည်အချင်းပျက်ယွင်းခြင်းများ၊ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်ခြင်းများ၊ တည်ဆဲဥပဒေများနှင့် သွေဖည်နေခြင်းများ စတဲ့ပြဿနာတွေဟာရှိနေကြပါတယ်။ ထိုသို့ များပြားလှစွာသော လူမှုရေးနှင့် အတတ်ပညာရောထွေးနေတဲ့ ဆေးပညာဆိုင်ရာပြဿနာများကို လက်ရှိအခြေအနေမှာ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် နည်းလမ်းများကို ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံဆေးကောင်စီတို့က ဦးဆောင်ရှာဖွေဖော်ထုတ် အကောင်အထည်ဖော်ဖို့ တာဝန်ရှိနေ ကြောင်း တွေ့ရှိရပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးဖြစ်သော မြန်မာနိုင်ငံဆေးကောင်စီသည် လွတ်လပ်သော Professional Body ဖြစ်ရေးနှင့် ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ (Medical Protection Society) တို့ဖွဲ့စည်းသက်ဝင်လှုပ်ရှားလာမှသာ အထက် ဖော်ပြပါ ပြဿနာများကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်မည်လို့ယူဆပါတယ်။ အဲ့ဒါကြောင့် အချိန်ကာလ အားဖြင့်လည်း ၁ နှစ်ကျော်ကြာသွားပြီဖြစ်တဲ့အတွက် လွှတ်တော်က အတည်ပြုထားတဲ့ ဖော်ပြပါ အဆိုနှစ်ခုအား မည်ကဲ့သို့အကောင်အထည်ဖော်ဆောင်ရွက်နေသည်၊ မည်သည့်ကာလတွင် ပြီးမြောက် မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ဗဟန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်မောင်ဝင့်မှ တင်သွင်းပြီး ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံ ဆေးကောင်စီအား အစိုးရမဟုတ်သော၊ လွတ်လပ်သော Professional Body အဖြစ်ရပ်တည် ခွင့်ပြုမိန့်အဆိုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆေးကောင်စီသည် မြန်မာနိုင်ငံဆေးကောင်စီဥပဒေပါ လုပ်ငန်းဆောင်ရွက်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်တောင်းရန် လိုအပ် သော ကိစ္စရပ်များမှအပ ကျန် Professional ကိစ္စများကို လွတ်လပ်စွာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိနေပါတယ်။ မြန်မာနိုင်ငံဆေးကောင်စီသည် ဆရာဝန်များ၏ ဆေးပညာအရည်အသွေးထိန်းသိမ်းရန်နှင့် အများပြည်သူ ယုံကြည်စိတ်ချရသော ကုသမှုကိုရရှိရန်အတွက် အစိုးရဆေးတက္ကသိုလ်များနှင့် နောင်တွင် အစိုးရမဟုတ်သော ဆေးတက္ကသိုလ်များ ဖြစ်ပေါ်လာပါက ၎င်းတို့၏အရည်အသွေးကို စစ်ဆေးပြီး ပြည်သူ့လွှတ်တော်သို့ တိုက်ရိုက် အစီရင်ခံရန်၊ အစိုးရဆေးတက္ကသိုလ်များ၊ နိုင်ငံခြားဆေးတက္ကသိုလ်များနှင့် နောင်တွင် ပေါ်ပေါက်လာမည့် ပုဂ္ဂလိကဆေးတက္ကသိုလ်များမှ အောင်မြင်သော ဆေးပညာရှင်များကို ၎င်းတို့၏ အဆင့်အတန်းအလိုက် လိုင်စင်ထုတ်ပေးရာတွင် ပြည်သူလူထုကို စိတ်ချယုံကြည်စွာ ကုသနိုင်စွမ်း ရှိ၊ မရှိ စစ်ဆေးမည့် Licencing Examination စစ်ဆေးနိုင်ရန်၊ ဆေးကုသခွင့် လိုင်စင်ထုတ်ပေး သော ဆရာဝန်များအား ၃ နှစ်တစ်ကြိမ် ဆေးကုသခွင့် လိုင်စင်သက်တမ်းတိုးရာတွင် ဆေးပညာ အရည်အသွေးလုံလောက်မှုရှိ၊ မရှိ စစ်ဆေးသည့် အမှတ်ပေးစနစ် (Credit Point System) နှင့် အရည်အသွေးစစ်ဆေးသော (Accreditation System) တို့ကိုကျင့်သုံးနိုင်ရန်၊ အဆိုပါစနစ်များကို ၂၀၁၅ ခုနှစ်တွင် စတင်ကျင့်သုံးနိုင်ရန်၊ ဆရာဝန်များနှင့် ဆေးကုသမှုခံယူသူများအား ဖြစ်ပေါ်လာ သည့် ပြဿနာများကို ဖြေရှင်းသည့်အဖွဲ့အစည်း Medical Protection Society အဖွဲ့ဝင်ဖြစ်မှ သာ ဆေးကုသခွင့် လိုင်စင်ထုတ်ပေးရန်ဆိုသည့်အချက်ကို ဥပဒေတွင်ထည့်သွင်းရန် ကိစ္စရပ်များကို ဖြစ်မြောက်အောင် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ဆေးပညာရှင်များကာကွယ်ရေးအဖွဲ့ (Medical Protection Society) ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ စီမံဆောင်ရွက်သင့်ကြောင်း အဆိုအပေါ် ကျန်းမာရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားချက်များကို အြခေပြု၍ မြန်မာနိုင်ငံဆရာဝန်အသင်း အစည်းအဝေးမှညှိနှိုင်းဆုံးဖြတ်ချက်အရ ရှေ့ပြေးစီမံချက် လုပ်ငန်းတစ်ခုကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရေးဆွဲခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါစီမံချက်အရ မြန်မာနိုင်ငံဆရာဝန်အသင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆေး ကောင်စီ၊ မြန်မာနိုင်ငံဆေးပညာအဖွဲ့၊ အခြားသော မိတ်ဖက်ဆေးပညာရှင်အသင်းများနှင့်ပူးပေါင်း၍ ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ (Medical Protection Society) ဖွဲ့စည်းနိုင်ရေးအတွက် စည်းရုံးဆော်သြခြင်း၊ ပညာပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ လေ့လာဆည်းပူးခြင်း၊ အကြံဉာဏ်များ ရယူခြင်းတို့ကို ပြုလုပ်သွားရန်အတွက် လုပ်ငန်းကာလအဆင့်အလိုက်ခွဲခြား၍ လျာထားသတ်မှတ် ခဲ့ပြီး ဖြစ်ပါတယ်။ ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့သည် ဆေးပညာရှင်များအတွက် သာမက ဆေးကုသမှုခံယူသူ တိုင်းရင်းသားပြည်သူများနှင့် ဆေးကုသစောင့်ရှောက်မှု လုပ်ငန်းစဉ် တစ်ခုလုံး အား ဥပဒေကြောင်းအရ၊ လူ့အခွင့်အရေးအရ၊ ပညာရပ်ပိုင်းဆိုင်ရာအရ အကာအကွယ်ပေးထားသော Professional System ဖြစ်တဲ့အတွက် ခက်ခဲနက်နဲပြီး ကျယ်ပြန့်သောလုပ်ငန်းစဉ်ကြီးဖြစ်သည့် အားလျော်စွာ အချိန်ယူလေ့လာပြင်ဆင် အဖန်ဖန်တလဲလဲသုံးသပ်ပြီး ပကတိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန်၊ လုပ်သာကိုင်သာရှိစေရန် အထူးလိုအပ်ပါတယ်။ သို့ဖြစ်ပါ၍ ကျွမ်းကျင် သောပညာရှင်များ၊ အဖွဲ့အစည်းများ၏ အကြံဉာဏ်နှင့် ပံပိုးကူညီမှုများလိုအပ်မည်ဖြစ်ပါတယ်။ လူမှုရေးကဏ္ဍ၊ ပညာရပ်ဆိုင်ရာကဏ္ဍ၊ ဥပဒေကဏ္ဍ၊ လူ့အခွင့်အရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ များစသည်ဖြင့် ရောယှက်နေသော သဘောသဘာဝလည်း ရှိပါတယ်။ ဆေးပညာရှင်များ ကာကွယ် ရေးအဖွဲ့ ဖွဲ့စည်းရေးဟာ နေ့ချင်းညချင်းဆောင်ရွက်၍ မရနိုင်ဘဲ ထောင့်စေ့ရန်၊ အကွက်စေ့ရန်၊ ခိုင်မာတိကျစေရန်၊ လက်ခံနိုင်ချေရှိစေရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက် ရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် အိမ်နီးချင်းအာဆီယံနိုင်ငံများမှာ လက်ရှိကျင့်သုံးလျက်ရှိသော Medical Protection Society ကို အချိန်ယူလေ့လာခဲ့ပြီး ကျွမ်းကျင်ပညာရှင်အချို့ကိုလည်း ခေါ်ယူညှိနှိုင်းခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်းမှာ Head of Medical Service, Asia မှ ကျွမ်းကျင်သူပုဂ္ဂိုလ်အားလည်း တက်ရောက်ပါရန် ဖိတ်ကြားထားပြီးဖြစ်ပါတယ်။ အထက်ပါ ကျွမ်းကျင်သူရောက်ရှိလာချိန်မှာ National Seminar on Medical Protection Society တစ်ခုကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာန ဆေးပညာရှင် အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဘဏ်အဖွဲ့အစည်းများနှင့် အခြား ဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များအားလုံးကို ဖိတ်ကြား၍ မြန်မာနိုင်ငံဆရာဝန်အသင်းတွင် ကျင်းပ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်ပြီးကြောင်းလည်း တင်ပြအပ်ပါတယ်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့်ထင်ဟပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု အဆင့်အတန်း၊ ကျန်းမာရေးဆိုင်ရာ မတော်တဆအန္တရာယ် ဖြစ်နိုင်ချေ လေ့လာဆန်းစစ်ခြင်း (Health Related Risk Assessment)၊ ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့၏ မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ အာရှနိုင်ငံများ၏ ဆေးပညာရှင်များ ကာကွယ်ရေး အဖွဲ့ ဆောင်ရွက်မှုပုံစံနှင့် မြန်မာနိုင်ငံနှင့် သင့်လျော်မည့် နည်းစနစ်ကို ရှာဖွေခြင်းစသည်တို့ကို ဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်ပါတယ်။ ယခုကြိုတင်ပြင်ဆင်ချိန်ကာလမှာ မြန်မာနိုင်ငံဆရာဝန် အသင်း ဥက္ကဋ္ဌမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၀ ဦး ပါဝင်သော Arbitration Committee တစ်ရပ် ကို ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းမှာ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်းနှင့် အဆိုပါအဖွဲ့မှ အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ အဖွဲ့ဝင်ဆရာဝန်များ၏ ကျန်းမာရေး ဆိုင်ရာ အငြင်းပွားမှုများ၊ မကျေနပ်မှုများ၊ ပြည်သူမှတိုင်တန်းချက်များအပေါ် ယထာဘူတ ကျကျ လေ့လာဆန်းစစ်ခြင်း၊ ဥပဒေကြောင်းအရ အကြံပြုခြင်းနှင့် ပြေလည်မှုရှိစေရန် ဖျန်ဖြေခြင်း၊ ပညာရေးအစီအစဉ်များရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းအတွေ့အကြုံအပေါ် အခြေခံ၍ ပြဿနာအတိမ်အနက်ကို တိုင်းတာခြင်း၊ လေ့လာသုံးသပ်ခြင်း၊ ကျွမ်းကျင်ပညာရှင် များအား ဖိတ်ကြားခေါ်ယူ ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် Medical Protection Society အား စနစ်တကျ ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးလုပ်ငန်း တစ်ခုအဖြစ် အများပြည်သူ အကျိုးအလို့ငှာ အချိန်ယူပြင်ဆင်ဆောင်ရွက်လျက်ရှိနေပါကြောင်း ဖြေကြားပါသည်။
