ဦးမောင်မောင်(သာယာဝတီမဲဆန္ဒနယ်)
သာယာဝတီခရိုင်၊ သာယာဝတီမြို့ ရှိ ပြည်သူ့ဆေးရုံကြီးသည် ၁၉၆၅ ခုနှစ်မှစ၍ ခုတင် ၁၀၀ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးအဖြစ် ချထားသတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။ ခရိုင်ပြည်သူ့ဆေးရုံကြီးဖြစ်တာနှင့်အညီ ဆေးရုံကြီးတွင် မေ့ဆေးအထူးကုဆရာဝန်ကြီးများ၊ ဆေးပညာအထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွားအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီးနှင့် သွားအထူးကုဆရာဝန်ကြီးများဖြင့် စောင့်ရှောက်ကုသလျက်ရှိပါတယ်။ သို့ရာတွင် အရိုးအကြောအထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကု ဆရာဝန်နှင့် ရောဂါဗေဒအထူးကုဆရာဝန်ကြီးများ လိုအပ်လျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အရိုးအကြောအထူးကုနှင့် မျက်စိအထူးကုဆရာဝန်ကြီးများကို တတိယပုံမှန်အစည်းအဝေးတွင် တစ်ကြိမ် တောင်းခံထားပါသော်လည်း ယနေ့တိုင် ရောက်ရှိခြင်းမရှိသေးပါ။
သာယာဝတီမြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိ လက်ထောက်ဆရာဝန် ၅ ဦးသာ ရှိပြီးတော့ သူနာပြု Train Nurse ၁၂ ဦး၊ Staff Nurse ၇ ဦးနှင့် Sister ၂ ဦးသာ ရှိပါတယ်။ သို့ရာတွင် ရံဖန်ရံခါ လက်ထောက်ဆရာဝန်နှင့် Sister များသည် သင်တန်းများသွားရောက်တက်သည့်အခါတွင် အရေအတွက် ထပ်မံလျော့ကျမှုများ ရှိနေပါတယ်။ ဒီအတွက် ခုတင် ၁၀၀ စံကိုက်ရှိရမယ့် ရာထူးအလိုက် ဝန်ထမ်းခန့်ထားရန် အင်အား ကွာခြားမှုများ များစွာရှိနေပါတယ်။ ဒါ့အပြင် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့်အညီ သာယာဝတီမြို့ အပါအဝင် ၈ မြို့နယ်မှ ဆေးကုသမှုခံယူရန်လူနာများသည် အထူးကုဆရာဝန်ကြီးများရှိရာသို့ အားကိုးတကြီး၊ အရေးတကြီးလာရောက်ကုသကြရာမှာ လက်ထောက်ဆရာဝန်နှင့် သူနာပြုဝန်ထမ်း များ၏ လွန်စွာအားနည်းနေမှုကြောင့် ဆေးကုသမှုလုပ်ငန်းတွင် ဆရာဝန်များသည် မိမိတာဝန်ချိန် အပြင် နေ့ရောညပါတာဝန်ယူနေရသည်အတွက် စိတ်ဖိစီးမှုများခံစားနေရခြင်း၊ လူနာများဘက်မှ လည်း မိမိတို့၏အပေါ် တာဝန်ယူမှုနည်းသည်ဟုယူဆကာ အထင်အမြင်လွဲမှားမှုများရှိနေပါသည်။ သို့အတွက် ဆရာဝန်နှင့်လူနာများအကြား မလိုလားအပ်သော ပြဿနာများ၊ စိတ်အနှောင့်အယှက် ဖြစ်မှုများ မကြာခဏ ခံစားနေကြပါတယ်။ သို့ပါ၍ အားကိုးတကြီးလာရောက် ဆေးကုသမှုခံယူသော ပြည်သူလူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရန်နှင့် အမှန်တကယ် အားကိုးထိုက်သော ခရိုင်အဆင့် ပြည်သူ့ဆေးရုံအဖြစ် ရပ်တည်နိုင်ရန် ရာထူးအလိုက် ဝန်ထမ်း အင်အားဖြည့်ဆည်းရန် အမှန်တကယ် လိုအပ်လျက်ရှိပါတယ်။ သို့ပါ၍ ကျွန်တော်မေးလိုတဲ့မေးခွန်းမှာ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးအား ခုတင် ၁၀၀ ဆံ့ ဆေးရုံဖြစ်သည်နှင့်အညီ ရာထူးအလိုက် ဝန်ထမ်းအင်အားစံနှုန်းပြည့်မီစွာ ခန့်အပ်ပေးနိုင်ခြင်း ရှိ၊ မရှိသိလိုပါသည်။ စံနှုန်းအပြည့်ခန့်ထား မည်ဆိုပါက မည်သည့်အချိန်တွင် ခန့်ထားချထားပေးနိုင်မည်ကိုသိလိုကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမဲဆန္ဒနယ်မှ မေးမြန်းထားသည့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသည် ခုတင် ၁၀၀ ဆံ့ ဆေးရုံဖြစ်သည်နှင့်အညီ ရာထူးအလိုက် ဝန်ထမ်းအင်အား စံနှုန်းပြည့်မီစွာ ခန့်အပ်ပေးနိုင်ခြင်းရှိ၊ မရှိနှင့် မည်သည့်ကာလတွင် စံနှုန်းပြည့်ထားရှိပေးနိုင်ရန် မေးမြန်းထားသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားခွင့်ပြုပါ ဥက္ကဋ္ဌကြီးရှင်။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံမှာ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ၁ ဦး၊ အထူးကုဆရာဝန် ခွင့်ပြု ၅ ဦး၊ ခန့်ထား ၅ ဦး၊ လက်ထောက်ဆရာဝန် ခွင့်ပြု ၈ ဦး၊ လက်ထောက်ဆရာဝန် (ကလေး) အပါအဝင် လက်ထောက်ဆရာဝန်ခန့်ထားပြီး ၇ ဦး၊ သူနာပြုဆရာမကြီး ခွင့်ပြု ၂ ဦး၊ ခန့်ထား ၂ ဦး၊ အထက်တန်း သူနာပြုခွင့်ပြု ၅ ဦး၊ ခန့်ထား ၅ ဦး၊ သူနာပြု ခွင့်ပြု ၁၀ ဦး၊ ခန့်ထား ၉ ဦးတို့ တာဝန်ထမ်း ဆောင်လျက်ရှိပါတယ်ရှင်။ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံတွင် လစ်လပ်လျက်ရှိသော လက်ထောက် ဆရာဝန်တစ်ဦးအား လောလောဆယ် ခန့်ထားပေးရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်းနှင့် ဝန်ထမ်း အင်အား စံကိုက်ဖွဲ့စည်းပုံတို့ ပြင်ဆင်ဖွင့်လှစ်ခွင့်ရရှိရန်အတွက် လက်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်း တင်ပြသွားရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ဖြေကြားပါသည်။
