ဒီကနေ့ မြန်မာနိုင်ငံရဲ့ AFTA ဇုန်အတွင်းမှာ မဝင်ရောက်ခင်မှာ လိုအပ်တဲ့ မေးခွန်းများကို မေးမြန်းခြင်းဖြစ်ပါတယ်။ ဒီမေးခွန်းနှင့်ပတ်သက်ပြီးတော့ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးဘဏ်က အထူးနှုန်းနဲ့ငွေချေးပေးနေတာကိုလည်း သိရှိပြီးဖြစ်ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဘဏ်တွေကနေပြီးတော့ ယခုတင်ပြတဲ့အတိုးနှုန်းနဲ့ လုံလုံလောက် လောက် ချေးပေးနိုင်ဖို့အတွက် မေးမြန်းခြင်းဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။ ဒါကြောင့် ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ ၂၀၁၅ ခုနှစ်မှာ AFTA (ASEAN Free Trade Area) ကို ဝင်ရောက်တော့မည် ဖြစ်ပါ၍ ပြည်တွင်းမှာရှိတဲ့ SME အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ အနေဖြင့် ယှဉ်ပြိုင်မှု အားကောင်းနိုင်စေရေးအတွက် အထောက်အပံ့ဖြစ်စေရန် လက်ရှိဘဏ် ချေးငွေ များ အပေါ်ပေးနေရသော ဘဏ်တိုးနှုန်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချပေးရန် ပြည်တွင်း SME အသေးစား၊ အလတ်စားလုပ်ငန်းရှင်များကလိုလားနေကြပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ထိုသို့လျှော့ချပေးနိုင်ရန် စီစဉ်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေး တိုင်းဒေသကြီး၊ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးရဲ့မေးခွန်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ကျွန်တော် ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိန်းမှပဲ ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီး ဦးမြင့်စိုးရဲ့မေးခွန်းမှာ ကတော့ ၂၀၁၅ ခုနှစ် AFTA ဝင်ရောက်မှာဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်း SME များကို အားပေးတဲ့ အနေနဲ့ ယင်းတို့ပေးနေရတဲ့အတိုးနှုန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ၈ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ၆ ရာခိုင်နှုန်းသို့လျှော့ချပေးနိုင်ခြင်းရှိ၊ မရှိမေးမြန်းထားတာ ဖြစ်ပါတယ်ခင်ဗျား။ ဒါနှင့်ပတ်သက်လို့ ကျွန်တော့်အဖြေက ၃ မျက်နှာလောက်ရှိပေမယ့် ကျွန်တော် အချိန်ကိုလေးစား သောအားဖြင့် လိုရင်းအချက်တွေပဲ ဖြေပေးပါ့မယ်။ SME တွေဟာ နိုင်ငံတည်ဆောက်ရေးမှာ အင်မတန်အရေးပါတယ်ဆိုတာကတော့ အငြင်းမပွားတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်ထပ်ပြီးတော့ မပြောတော့ပါဘူး။ အဲ့လို အရေးပါတဲ့အတွက်ကြောင့် ပုဂ္ဂလိကဘဏ်တွေရော၊ နိုင်ငံပိုင်ဘဏ်တွေရော SME တွေကို ထုတ်ချေးထားတဲ့ငွေဟာ သူတို့ထုတ်ချေးထားတဲ့ငွေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော် ပါတယ်ခင်ဗျား။ ထို့အတူပဲ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ် အခုတော့နာမည်ပြောင်းသွားပါပြီ ခင်ဗျား။ အသေးစားနှင့် အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်ဖြစ်သွားပါပြီ။ အဲ့ဒီ ဘဏ်နဲ့ မြန်မာ့ စီးပွားရေးဘဏ်တို့ကနေပြီးတော့ ထုတ်ချေးထားတာတွေဆိုလို့ရှိရင် SME ကို ထုတ်ချေးထားတာတွေ ဆိုရင် ချေးငွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ရှိပါတယ်ခင်ဗျား။ SME တွေကိုထုတ်ချေးတဲ့နေရာမှာလည်းပဲ သာမန်ချေးငွေနဲ့မတူဘဲ သက်သာ တဲ့ နှုန်းထားနဲ့ထုတ်ချေးပါတယ်။ သာမန်ချေးငွေမှာ ၁၅ ရာခိုင်နှုန်း အတိုးပေးနေရတဲ့အချိန်မှာ SME တွေအတွက်ကို ၁၄ ရာခိုင်နှုန်းပဲယူပါတယ်။ ထို့အပြင် ကျွန်တော်တို့ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နေ့မှာ SME အပေါ်ယူတဲ့အတိုးနှုန်းကိုထပ်မံပြီးတော့ လျှော့ချပေး လိုက်ပါတယ်။ ၁၄ ရာခိုင်နှုန်း ကနေ ပြီးတော့ ၁၂ ရာခိုင်နှုန်းအထိထပ်ပြီးတော့ လျှော့ချပေးပါတယ်။ အဲ့ဒီထက်ပိုပြီးတော့ လျှော့ချပေးနိုင်ခြင်းရှိ၊ မရှိဆိုတဲ့မေးခွန်းကို ကျွန်တော်ဆက်ပြီးတော့ ဖြေပေးပါ့ မယ်။ အဲ့ဒီထက်ပိုပြီးတော့ လျှော့ချပေးဖို့ကတော့ လောလောဆယ်မှာ မဖြစ်နိုင်ဘူးဆိုတာ တွေ့ရပါ တယ်။ ဘာကြောင့်လဲဆိုရင် ချေးငွေပေးတယ်ဆိုတာက Depositor တွေရဲ့ငွေကို လှည့်ပြီးတော့ ပေးတာ ဖြစ်ပါတယ်။ Depositor တွေကို ဘဏ်အနေနဲ့က ၈ ရာခိုင်နှုန်းပေးရပါတယ်ခင်ဗျား။ အဲတော့ ၁၂ ရာခိုင်နှုန်းနဲ့လျှော့ပေးမယ်ဆိုရင် သူတို့မှာအရှုံးပေါ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့မှာ Over Head တွေရော၊ အုပ်ချုပ်မှုစရိတ်တွေရောစသည်ဖြင့် စရိတ်တွေရှိတဲ့အတွက်ကြောင့် လောလောဆယ်မှာတော့ ၈ ရာခိုင်နှုန်း Depositor ကိုပေးရတယ်။ SME တွေကို ၁၂ ရာခိုင်နှုန်း ပေးထားရတော့ ဒီထက်လျှော့ရင် သူတို့မှာ အရှုံးပေါ်သွားနိုင်ပါတယ်။ အပ်ငွေ ပေးသွင်းသူတွေကို ၈ ရာခိုင်နှုန်း အတိုးပေးရပါတယ်ခင်ဗျား။ အဲ့ဒီထက်လျှော့ပေးမယ်ဆိုရင် လောလောဆယ်မှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဘဏ်တွေအရှုံးပေါ်သွားမယ်။ ဘဏ်တွေအရှုံးပေါ်လို့ရှိရင် တစ်နွယ်ငင်တစ်စင်ပါ ဆက်ပြီးတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး ပါထိခိုက်သွားနိုင်တဲ့အနေအထားရှိပါတယ်။ နောက်တစ်ချက်ကလည်းပဲ အပ်ငွေအတိုးကို ဒီထက် လျှော့လို့ရမလားဆိုတဲ့မေးခွန်းပါ။ လျှော့လို့ရှိရင်တော့ ချေးငွေအပေါ်မှာလည်းထပ်လျှော့လို့ရမယ် ဆိုတဲ့အနေအထားပါ။ ဒါကလည်းပဲ အပ်ငွေအပေါ်မှာအတိုးနှုန်းကိုလျှော့ဖို့ဆိုတာကတော့ နိုင်ငံတော် ရဲ့စီးပွားရေးအခြေအနေတို့၊ ငွေကြေးဖောင်းပွမှုအခြေအနေတို့၊ နိုင်ငံအတွင်းမှာလှည့်ပတ်နေတဲ့ ငွေကြေးပမာဏတို့ အဲ့ဒါတွေကိုထည့်သွင်းစဉ်းစားပြီးမှ လျှော့လို့ရပါတယ်ခင်ဗျား။ အဲ့တော့ လောလောဆယ်မှာကတော့ အပ်ငွေအပေါ်မှာပေးရတဲ့ အတိုးကိုလျှော့မယ်ဆိုလို့ရှိရင် ငွေဖောင်းပွနှုန်း နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငွေဖောင်းပွမှုနှုန်းထက် အပ်ငွေအပေါ်မှာပေးတဲ့အတိုးက လျှော့မယ်ဆိုရင် ငွေဖောင်းပွမှုနှုန်းကို အားပေးသလိုဖြစ်သွားပါမယ်။ အပ်ငွေကို ဘယ်သူမအပ်တော့ဘဲနဲ့ ပြန်ထုတ်သွား ကြမှာဖြစ်ပါတယ်။ အဲလိုထုတ်သွားတဲ့အခါမှာလည်း တစ်ဖက်ကဘဏ်တွေအနေနဲ့ ထုတ်ချေးဖို့အတွက် ငွေကြေးပမာဏနည်းသွားမှာဖြစ်ပါတယ်ခင်ဗျား။ အဲ့တော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေနဲ့ ကတော့ ဒါတွေအားလုံးကို အနီးကပ်ကြည့်ရှုစောင့်ကြပ်ပြီးတော့ အခြေအနေအချိန်အခါပေးတဲ့အခါမှာ လိုအပ်သလိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
