အမှုတစ်ခုဖွင့်နိုင်ရန် သက်ဆိုင်ရာမြို့နယ်တရားရုံးသို့ သွားရောက်ရပါ တယ်။ တရားရုံးစာရေးနှင့်တွေ့ဆုံရပြီး ၎င်းရဲ့စီစဉ်ပေးမှုအရ မြို့နယ်တရားသူကြီးကို တွေ့ဆုံရာ အမှုလက်ခံရန်အတွက် ဂါရဝပြုရပါတယ်။ ပေးရတဲ့ပမာဏဟာ အမှုအခြေအနေပေါ်မူတည်ပြီး အနည်းအများ ရှိပါတယ်။ မြို့နယ်တရားသူကြီး၏ လမ်းညွှန်ချက်အရ မြို့နယ်ဥပဒေအရာရှိနှင့် ခရိုင်တရားသူကြီးတို့ထံ ဆက်လက်သွားရောက်တွေ့ဆုံကာ အမှုကိစ္စအဆင်ပြေစေဖို့ ဂါရဝပြုရပြန်ပါ တယ်။ မြို့နယ်တရားသူကြီးက အကြံပြုတဲ့ပမာဏအတိုင်းပေးရပါတယ်။ အဲဒီနောက် မြို့နယ်ဥပဒေ အရာရှိက အကြံပြုတဲ့အတိုင်း ခရိုင်ဥပဒေအရာရှိထံ ဆက်လက်သွားရောက်ပြီး ထပ်ဆင့်ဂါရဝပြုရပါ တယ်။ ထိုမျှနှင့်မပြီးသေးပါ တရားသူကြီးက အမှုကိစ္စပိုမိုအခြေအနေကောင်းမွန်စေဖို့ တရားရုံးနှင့် ဆက်ဆံလုပ်ကိုင်ရာမှာ အဆင်ပြေတဲ့ ရှေ့နေ ဦးအဝှာနှင့် ဒေါ်ဟိုဒင်းကို ငှားစေလိုကြောင်း၊ ၎င်းကို ငှားလျှင် အမှုအခြေအနေ ကောင်းမွန်နိုင်ကြောင်း အခြားရှေ့နေများဖြင့် ဆောင်ရွက်ပါက အမှု အခြေအနေအား အာမမခံနိုင်ကြောင်း ပြောကြားလေ့ရှိပါတယ်။ အဲ့ဒီအခြေအနေများကြောင့် ငှားရမ်းခဈေးနှုန်းပိုများတဲ့ တရားရုံးက ဆက်သွယ်ပေးတဲ့ ရှေ့နေများကို ငှားရပြန်ပါတယ်။ အဆိုပါကုန်ကျမှုများတွင် တရားရုံးစာရေးကို အလီလီပေးရမှုများ မပါသေးပါ။ ကာလကြာမြင့်စွာ အချိန်ယူစစ်ဆေးကြသော တရားရုံးဆောင်ရွက်ချက်များ ပြီးမြောက်၍ စီရင်ချက်မချမှတ်မီ ၎င်းအမှု အနိုင်ရရန်အတွက် မြို့နယ်တရားသူကြီးရဲ့ သတ်မှတ်ဈေးဖြတ်တဲ့အတိုင်း ကျေးဇူးတင်ကန်တော့ပန်း ဆင်ရပြန်ပါတယ်။ အကယ်၍ အမှုရှုံးနိမ့်ကာ ပြစ်ဒဏ်ချမှတ်ခံရပါက တရားသူကြီးအား ဥပဒေအရာရှိ နှင့် ၎င်းတို့ ၂ ဦးက စေတနာဖြင့် ကူညီတာကြောင့် ဒီလောက်ပဲ ကျခံရတာ သို့မဟုတ်ရင် ပြစ်ဒဏ်ပိုမိုကျခံနိုင်ရတယ်လို့ မိန့်ကြားလေ့ရှိ ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေ့တရားရုံးများဟာ ကျွန်တော်တင်ပြခဲ့တဲ့ ဖန်တီးကွက်၊ ဖန်ကွက်များ ခေတ်စားနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တရားရုံးအများစုဟာ ထိုကဲ့သို့ ဖန်ကွက်ဆင် ရိုက်စား လုပ်နေကြသလို မန္တလေးတိုင်းဒေသကြီးနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးမှာလည်း အဆိုပါ ဖန်ကွက်ရောဂါများ ကူးစက်ကာ လုပ်စားလျက်ရှိပါ ကြောင်း မြေပြင်သတင်းများအရ ကြားသိရပါတယ်။ ဖော်ပြပါအတိုင်းဖြစ်ပေါ်နေတဲ့ တရားရုံးများရဲ့ အခြေအနေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ အခြေခံတရားရုံးများသို့ ကွင်းဆင်းစုံစမ်း စစ်ဆေးအရေးယူအပြစ်ပေးမှုများ ပြုလုပ်သင့်ပါတယ်။ အဲ့ဒီလို တရားရုံးများရဲ့ လာဘ်ပေးလာဘ်ယူ အကျင့်ဆိုးများ လျော့နည်းပပျောက်စေရန် မည်ကဲ့သို့ အရေးယူစီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တရားရုံးအဆင့်ဆင့် မှာ ဖန်ကွက်များ ခေတ်စားနေကြောင်း မြေပြင်သတင်းများအရ ကြားသိရတယ်လို့ ဆိုပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး၏ ပြောဆိုချက်မှာ တရားရုံးအားလုံးတို့က ဖန်ကွက်ဆင်ပြီး အဂတိလိုက်စားနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။ မြေပြင်သတင်းအရ ကြားသိရတယ် ဆိုတဲ့အတွက် တစ်ဆင့်ကြားသတင်းတွေဖြစ်ပြီး တထစ်ချမှန်ကန်တဲ့သတင်းလို့ မပြောနိုင်ပါဘူး။ အမှန်အားဖြင့်တော့ အဖွဲ့အစည်းတစ်ခုမှာ အားလုံးရာနှုန်းပြည့် ကောင်းတယ်ဆိုတာမရှိပါဘူး။ မကောင်းသူ တစ်ယောက်တလေရှိတတ်ပါတယ်။ သို့သော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် က မကောင်းသူရှိတတ်တာဘဲဆိုတာ ဆင်ခြေနဲ့ မကောင်းတဲ့သူကို ပြုပြင်မှုမလုပ်ဘဲ မနေပါဘူး။ အားလုံးကောင်းအောင် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုတရားလွှတ်တော် ချုပ်အနေနဲ့ တရားရုံးအဆင့်ဆင့်မှာ လာဘ်ပေးလာဘ်ယူမှုများ မရှိစေရန်အတွက် ကြိုတင်ကာကွယ်မှု အပိုင်းနှင့် အရေးယူမှုအပိုင်းဆိုပြီးတော့ အပိုင်း ၂ ပိုင်း ခွဲခြားဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ တရားရုံးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ တရားသူကြီးများ၊ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု ကျူးလွန်ခြင်း မရှိစေရေးအတွက် ကာကွယ်တားဆီးရန်နှင့် ကျူးလွန်မှုများရှိပါကလည်း ဖော်ထုတ်အရေးယူနိုင်ရန် ဦးတည်ပြီးတော့ တရားရုံးများမှာ လာဘ်ပေးလာဘ်ယူမှုများ မရှိစေရန် ကြိုတင်ကာကွယ်ရေးနှင့် စည်းကမ်းဥပဒေ အရ ထိရောက်စွာ အရေးယူရန် စီမံချက်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ခဲ့ပါ တယ်။ လာဘ်ပေးလာဘ်ယူမှုကင်းရှင်းစေရန်အတွက် ကာကွယ်တားဆီးရေးအပိုင်းတွင် လာဘ်ပေး လာဘ်ယူမှု၊ အဂတိလိုက်စားမှု ပပျောက်ရေးအတွက် လှုံ့ဆော်ပညာပေးခြင်း၊ ဝန်ထမ်းများက လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတို့အပေါ်မှာ ဒဏ်ခတ်ခံရမည်ကို ကြောက်ရွံ့ပြီး မကျူး လွန်ခြင်းနှင့် ယင်းလုပ်ငန်းများကို ရွံရှာမုန်းတီးပြီး မကျူးလွန်လိုသည့် စိတ်ဓာတ်များ မပေါ်ပေါက် စေရန်အတွက် တာဝန်ရှိသူများက အခြေအနေပေးသလို ဆွေးနွေးရှင်းလင်းခြင်း၊ လာဘ်ပေးလာဘ်ယူ မှုများ ကင်းရှင်းစေရန် မိမိဌာနအလိုက် အများမြင်သာတဲ့နေရာမှာ ဆိုင်းဘုတ်များ ပြုလုပ်ချိတ်ဆွဲထား စေခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိကျစွာ သတ်မှတ်ပြီးတော့ အနီးကပ်ကြီးကြပ်သူများ အနေနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းရှိ၊ မရှိကြီးကြပ်ခြင်းနှင့် ပျက်ကွက်မှုပေါ်ပေါက်ပါက အနီးကပ် ကြီးကြပ်သူကိုပါ အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန်အတွက် စီမံချက်များ ရေးဆွဲ အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်ထမ်းများသည် မိမိလုပ်ငန်းအပေါ် ဂုဏ်ယူလိုစိတ်များ ရှိမှသာလျှင် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများပြုရန် ပတ်ဝန်းကျင်က စည်းရုံးသွေးဆောင် မှုကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းများ စိတ်ဓာတ်မြင့်မားရေးနှင့် လုပ်ငန်းအပေါ် ဂုဏ်ယူလိုစိတ်ရှိစေရေးတို့အတွက် ဝန်ထမ်းများ သက်သာချောင်ချိရေး၊ ဝန်ထမ်းရေးရာကိစ္စများမှာ ညီညွတ်မျှတစွာ ဆောင်ရွက်ရေး၊ ဝန်ထမ်းတစ်ဦးစီ၏ အခြေအနေကို အနီးကပ်ကြီးကြပ်သူများက စိတ်ဝင်တစား ကူညီဖြေရှင်းရေး၊ အဂတိလိုက်စားမှုများကို ဖော်ထုတ်ပေးနိုင်သူများကို ဂုဏ်ပြုနိုင်ရေး တို့ကို ဂရုပြုဆောင်ရွက်လျက်ရှိပါတယ်။ ဖော်ထုတ်အရေးယူမှုအပိုင်းမှာလည်း အမှုသည်များ တိုင်ကြားစာအရ သိရှိရပါက စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့မှ စုံစမ်းစစ်ဆေးစေပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ တိုင်ကြားစာပါအတိုင်း မှန်ကန်ကြောင်း ဖော်ထုတ်တွေ့ရှိ ပါက ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။
ဒါ့ပြင် တရားရေးဝန်ထမ်းများဟာ မိမိတို့ အားပေးအပ်ထားသည့် တရားစီရင်ရေးတာဝန်ကို လာဘ်ပေးလာဘ်ယူ ကင်းရှင်းစွာဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း တရားသူကြီး တစ်ဦး၏ ကျင့်ဝတ်သိက္ခာများကို စောင့်ထိန်းမည်ဖြစ်ကြောင်း တာဝန်ယူလက်မှတ်ရေးထိုးရန်နှင့် လာဘ်ပေး လာဘ်ယူကင်းရှင်းမှုမရှိလျှင်သော်လည်းကောင်း၊ တရားသူကြီးတစ်ဦး၏ ကျင့်ဝတ်သိက္ခာ စောင့်ထိန်း ခြင်း မပြုလျှင်သော်လည်းကောင်း ရာထူးမှ ထုတ်ပစ်ခြင်းခံရသည်အထိ ထိုက်သင့်သလို အရေးယူခံရ မည်ဖြစ်ကြောင်း ကတိဝန်ခံချက် လက်မှတ်များရေးထိုးစေခြင်းများကိုလည်း ပြုလုပ်ရန် ညွှန်ကြား ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
အလားတူပင် အကျင့်ပျက်ဝန်ထမ်းများ ဖော်ထုတ်ပြီးတော့ ထိရောက်စွာ အရေးယူခြင်းနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်များ ထုတ်ပြန်ပြီးတော့ အကျင့်ပျက်ဝန်ထမ်းများ ဖော်ထုတ်၍ ထိရောက်စွာ အရေးယူရေး၊ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေးနှင့် ကျင့်ဝတ်သိက္ခာစောင့်ထိန်းရေးတို့နှင့် စပ်လျဉ်း ပြီးတော့ ညွှန်ကြားချက်များကို တရားရေးဝန်ထမ်းများနှင့် ရုံးဝန်ထမ်းတစ်ဦးချင်းတို့ကို ကိုယ်တိုင် ပြန်လည်ဖတ်ရှုစေပြီး သိရှိလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းတို့ကို လည်း ပြုလုပ်ရန် ထပ်ဆင့်ညွှန်ကြားခဲ့ပါတယ်။
ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးနှင့်စပ်လျဉ်းပြီးတော့ နိုင်ငံတော်အကြီးအကဲ များ၏ လမ်းညွှန်အမှာစကားများကိုလည်း ဝန်ထမ်းများ သိရှိစေရန်အတွက် ထပ်ဆင့်ရှင်းလင်းပြော ကြားခြင်း၊ လက်အောက်တရားရုံးများမှ သိရှိလိုက်နာနိုင်စေရန်အတွက် အမှာစကားမိတ္တူများ ပူးတွဲ၍ ထပ်ဆင့်ရှင်းလင်းစေခြင်းများ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။
သို့ပါ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် တရားရုံးအဆင့်ဆင့်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ တရားသူကြီးများ၊ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်မှု၊ လုပ်ငန်းတာဝန်များ ပေါ့လျော့စွာ ဆောင်ရွက်ခြင်းတို့ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်စေရန် အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲခြင်း၊ လိုက်နာဆောင်ရွက်မှုမရှိပါက ထိရောက်စွာ အရေးယူခြင်း၊ တိုင်ကြားစာများအရ သိရှိရလျှင် စုံစမ်းစစ်ဆေးမှုပြုလုပ်၍ တိုင်ကြားစာပါအတိုင်း ပေါ်ပေါက်မှုရှိလျှင် ထိရောက်စွာ ပြစ်ဒဏ်ပေးသည်အထိ အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
