ဝမ်းတွင်းမြို့ဟာ ရန်ကုန်- မန္တလေး ကားလမ်း၊ ရထားလမ်းများ ဖြတ်သန်းသွားတဲ့ မြို့တစ်မြို့ဖြစ်ပြီးတော့ အကျယ်အဝန်းအားဖြင့် ၅၄၃.၅၈ စတုရန်းမိုင်၊ ကီလိုမီတာအားဖြင့် ၁၄၁၇.၇၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၄၆၀ အမြင့်မှာတည်ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ မြို့ပေါ်မှာ ရပ်ကွက်အားဖြင့် ၆ ရပ်ကွက်ရှိပြီးတော့ ကျေးရွာအုပ်စုအားဖြင့် ၆၉ အုပ်စု၊ ကျေးလက်မှာအိမ်ထောင်စု ၃၉၉၃၀ ထိရှိပြီးတော့ စုစုပေါင်းအိမ်ထောင်စု ၄၅၀၁၅ စုရှိပါတယ်။ လူဦးရေအားဖြင့် ကျား က ၁၀၄၁၇၀ဦး၊ မ က ၁၁၆၅၇၄ ဦးရှိပြီးတော့ စုစုပေါင်း ၂၂၀၇၄၄ ဦး ရှိပါတယ်။ ဝမ်းတွင်းမြို့ပေါ်မှာ ၂၅ ခုတင်ဆေးရုံတစ်ရုံ၊ ကျေးလက်မှာ ၁၆ ခုတင်ဆေးရုံ ၂ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၅ ခုနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၁ ခု၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး ဌာန ၂ ခုရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအရ ဝမ်းတွင်းမြို့မှာမြို့နယ်ဆရာဝန်တစ်ဦး၊ လက်ထောက်ဆရာဝန် ၅ ဦး၊ မိခင်နှင့် ကလေးဆရာဝန် ၁ ဦး၊ သွားဆရာဝန် ၁ ဦး၊ တိုက်နယ်ဆရာဝန် ၂ ဦးရှိကြပါတယ်။ ဆရာဝန်နဲ့ လူဦးရေအချိုးဟာ ၁း၂၂၀၇၄ အနေအထားမှာရှိနေပါတယ်။ ဝမ်းတွင်းမြို့နယ်ရဲ့ မွေးဖွားနှုန်းဟာလည်း လူ ၁၀၀၀ မှာ ၉.၈ ရာခိုင်နှုန်း ရှိပါတယ်။ လူဦးရေ အများစုဖြစ်တဲ့ ကျေးလက်ပြည်သူများမကျန်းမာ၍ ဆေးကုသရန်အတွက် မြို့ပေါ်ဆေးရုံလာရာမှာ အခက်အခဲများစွာကြုံတွေ့နေရပြီးတော့ အချိန်ကြာမြင့်မှ အချိန်နောက်ကျပြီး ဆေးရုံကိုရောက်ရှိကြ ပါတယ်။ ဝမ်းတွင်းဆေးရုံမှာ အဆင့်မီဆေးရုံသုံးပစ္စည်းကိရိယာများမရှိခြင်း၊ အထူးကုဆရာဝန်များ မရှိခြင်းစသည်တို့ကြောင့် မသေသင့်မသေထိုက်သောပြည်သူများ သေဆုံးမှုနှင့်ရင်ဆိုင်နေရသည်မှာ အချိန်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ထပ်မံဖော်ပြလိုသည်မှာ ရန်ကုန်-မန္တလေးကားလမ်းပေါ်မှာ မတော်တဆကားမှောက်၊ ကားတိုက်၊ ဆိုင်ကယ်မှောက်မှုများကြောင့် ရောက်ရှိလာတဲ့ လူနာများကို အသက်ကယ်ပြုစုရာမှာ ခေတ်မီပစ္စည်းကိရိယာများမရှိခြင်း၊ အရေးပေါ်ခွဲစိတ်နိုင်တဲ့ အထူးကုခွဲစိတ် ဆရာဝန်ကြီးများမရှိခြင်းတို့ကြောင့် မသေသင့်ဘဲ အသက်နှင့်ခန္ဓာအစိတ်အပိုင်းများ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရခြင်းများ ရှိကြပါတယ်။ ဝမ်းတွင်းမြို့ဟာ မိတ္ထီလာနဲ့ ၂၁ မိုင်၊ မန္တလေးမြို့နဲ့ ၇၅ မိုင်ဝေးတဲ့ အတွက် အရေးပေါ်လူနာများ အနေဖြင့်လွှဲပြောင်းရန် လွှဲပို့မိန့်ရသော်လည်း လူနာရှင်များဟာ ငွေကြေးမပြည့်စုံ၍ ငွေရှာဖွေနေရသည့်အချိန်၊ ပြုစုစောင့်ရှောက်ရမည့်သူ၊ ပြုစုရမည့်အချိန်၊ သွားလာရေးအတွက် မော်တော်ယာဉ်ငှားရတဲ့အချိန်များကြောင့် အသက်ခန္ဓာဆုံးရှုံးမှုများ ကြုံတွေ့ နေရပါတယ်။ အကယ်၍ ဝမ်းတွင်းမြို့ကို ၂၅ ခုတင်ဆေးရုံကနေပြီးတော့ ခုတင် ၅၀ ဆေးရုံအဆင့် အဆင့်မြှင့်ရရှိမယ်ဆိုလို့ရှိရင် ၎င်းပြဿနာများဟာ လျော့နည်းပပျောက်သွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ခုတင် ၅၀ အဆင့်သို့တိုးမြှင့်ပေး နိုင်ရေးအစီအစဉ် ရှိ၊ မရှိ မေးမြန်းလိုပါတယ်။ အကယ်၍ ရှိပါကလည်း မည်သည့်အချိန်ကာလတွင် အဆင့်တိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဝမ်းတွင်းမြို့နယ်ဆေးရုံကို ၁၆ ခုတင်ဆံ့ကနေ ၂၅ ခုတင်ဆံ့ကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ၂၅-၇-၂၀၀၈ ရက်စွဲပါ စာအမှတ်၊ ကမဘ/ဃ-၇၀၃/၅၂ နဲ့ အဆင့်တိုးမြှင့်ခဲ့ပါတယ်။ ဒါကြောင့် ဝမ်းတွင်းမြို့နယ်မှာ ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံ၊ ၁၆ ခုတင်ဆံ့ ပင်းတလဲတိုက်နယ် ဆေးရုံတစ်ရုံ၊ နေပူကုန်းတိုက်နယ်ဆေးရုံတစ်ရုံ စုစုပေါင်း ဆေးရုံသုံးရုံဖွင့်လှစ်ထားရှိပြီးလည်း ဖြစ်ပါတယ်။ လက်ရှိဝမ်းတွင်းမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက် ဆရာဝန်၊ သူနာပြု၊ သွားဘက်ဆိုင်ရာဆရာဝန်အပါအဝင် ဝန်ထမ်းအင်အားစုစုပေါင်း ၅၅ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံနဲ့လုပ်ငန်းများကို ဆောင်ရွက်နေပါတယ်။ လက်ရှိမှာဝမ်းတွင်းမြို့နယ်ဆေးရုံကို ၂၅ ခုတင် ဆေးရုံကနေခုတင် ၅၀ ထိ တိုးမြှင့်ဖွင့်လှစ်ပေးရန် အဆိုပြုတင်ပြထားခြင်း မရှိသေးပါကြောင်းနှင့် လိုအပ်ချက်များကို အချက်အလက်များနှင့်ကိုက်ညီအောင် မြို့နယ် ဆေးရုံမှတစ်ဆင့် အဆင့်ဆင့် အဆိုပြုတင်ပြလာပါက ကျန်းမာရေးဝန်ကြီးဌာနမှတစ်ဆင့် အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနသို့ တင်ပြပြီး အဆင့်တိုးမြှင့်ရယူခွင့် ရရှိရေးအတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
