(ဃ)-တောင်သူများ စိုက်ပျိုးစရိတ်ထုတ်ချေးခြင်းကိစ္စနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၅) ရက်မြောက်နေ့ (၁၇-၁၀-၂၀၁၁)

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လယ်ယာ စိုက်ပျိုးလုပ်ကိုင်သူတောင်သူလယ်သမားများအတွက် ဘဝဖွံ့ဖြိုးတိုးတက်မှုရှိဖို့ နိုင်ငံတော်မှစိုက်ပျိုး စရိတ်ချေးငွေကို တစ်ဧကလျှင် ၂၀၀၀၀ ကျပ်နှုန်းနဲ့ ချေးလျက်ရှိပါတယ်။ ဒီနှစ်မှာဆိုလို့ရှိရင် တောင်သူ တွေအတွက် ဒုတိယအကြိမ်ထပ်မံ၍ တစ်ဧကလျှင် ၂၀၀၀၀ ကျပ်နှုန်း ထပ်မံချေးတဲ့အတွက် စုစုပေါင်း တစ်ဧကလျှင် ၄၀၀၀၀ ကျပ်ရတဲ့အတွက်ကြောင့် တောင်သူလယ်သမားများအနေနဲ့ ဝမ်းသာကျေးဇူး တင်လျက်ရှိပါတယ်။ သို့ပါသော်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများထုတ်ချေးရာမှာ တောင်သူတစ်ဦးလျှင် ၁၀ ဧကစာသာ စိုက်ပျိုးစရိတ်ချေးငွေရရှိပါတယ်။ ၁၀ ဧကထက်ကျော်တဲ့ လယ်ဧကများအတွက် ချေးငွေမရရှိတဲ့အတွက်ကြောင့် ဥပမာ- ဧက ၂၀ ရှိသူ တောင်သူအတွက် ကျန်တဲ့ ၁၀ ဧကကို ငွေတိုးကြီးစွာဖြင့် ချေးငှားသုံးစွဲတဲ့အတွက် လယ်ယာသွင်းအားစုအတွက် မလုံလောက်ခြင်း၊ သူ့အပြင်စီမံရသည့် ပြုစုစောင့်ရှောက်ရသည့် လုံလောက်စွာသွင်းအားစုမထည့် နိုင်ခြင်းစသည်တို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားအခက်အခဲများ ဖြစ်စေပါတယ်။ ဒါ့အပြင် လယ် ၁၀ ဧကအထက်ချေးငွေထုတ်ချေးခွင့် ရရှိတဲ့အတွက်ကြောင့်မို့လို့ ကျန်တဲ့ဧကပိုအတွက် ထုတ်ချေးငွေရရှိရန် ကြံဆောင်လုပ်ဆောင်ရခြင်းများလည်း ရှိနေပါတယ်။ ၎င်းအပြင် အချို့လယ် ၁၀ ဧက ရှိသော်လည်း ၁၀ ဧကစာအပြည့်အဝထုတ်ချေးခွင့်မရခြင်း၊ ၅ ဧကစာ ရှိသော်လည်း ၅ ဧကစာ ထုတ်ချေးခွင့်မရရှိခြင်းများလည်းရှိနေပါတယ်။ စိုက်ပျိုးသီးနှံထွက်ရှိမှုအတွက် အရေအတွက်ရော၊ အရည်အသွေးရော ပြည့်မီတိုးတက်စေရန်နဲ့ တောင်သူလယ်သမားများအတွက် အကျိုးရှိစေရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေသည် လွန်စွာပဲအရေးကြီး လိုအပ်ပါတယ်။ သို့အတွက်ကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများထုတ်ချေးရာမှာ တောင်သူတို့ရဲ့ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်သည့် လယ်ဧကအတိုင်း ချေးငွေထုတ်ချေးပေးနိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

 မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စပါးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ချေးငွေများကိုနှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာတွင် ယခင်နှစ် ၂၀၁၀-၂၀၁၁ ခုနှစ်က တောင်သူလယ်သမား ဦးရေပေါင်း ၁၃.၇၄ သန်း စိုက်ဧက ၉.၂ သန်းအတွက် ချေးငွေကျပ်သန်း ၁၆၅၇၂၂.၈၅ ကို ထုတ်ချေး ပေးခဲ့ပါတယ်။ ယခုနှစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂၂-၉-၂၀၁၁ ရက်နေ့အထိ တောင်သူလယ်သမား ဦးရေပေါင်း ၁၄.၂၄ သန်း စိုက်ဧက ၉.၉၈ သန်းအတွက် ချေးငွေကျပ်သန်းပေါင်း ၂၁၇၉၃၇.၁၄ ကို ထုတ်ချေးပေးပြီး ဖြစ်ပါတယ်။ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်များထုတ်ချေးပေးခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်၏မူလစေတနာသည် အရင်းအနှီးနည်းပါးသူ တောင်သူလယ်သမားများကို ပံ့ပိုးကူညီပေးရန် ဖြစ်ပါတယ်။ လယ် ၁၀ ဧကအောက် ပိုင်ဆိုင်သူများအနေဖြင့် ၁၀ ဧကအထက် ပိုင်ဆိုင်သူများကဲ့သို့ အရင်းအနှီးစိုက်ထုတ်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ၎င်းတို့ကို ဦးစားပေး ထုတ်ချေးပေးနေရခြင်း ဖြစ်ပါတယ်။ ၁၀ ဧက အထက် ပိုင်ဆိုင်သူများသည် အရင်းအနှီးရှိသူ များဖြစ်သည့်အပြင် နောင်တွင်ပြဋ္ဌာန်းတော့မည့် လယ်ယာ‌ြမေဥပဒေအရ မိမိပိုင်လယ်များအနက်မှ လိုအပ်သမျှကို ပေါင်နှံခြင်း၊ ရောင်းချခြင်းဖြင့်လည်း အရင်းအနှီးကို ရှာဖွေနိုင်မည့် အ‌ြခေအနေတစ်ရပ် ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ယခုနှစ် ၂၀၁၁-၂၀၁၂ ခုနှစ် စပါးသီးနှံစိုက်ပျိုးရာသီတွင် တစ်ဧကကျပ် ၂၀၀၀၀ ထုတ်ချေးရာမှ ကျပ် ၄၀၀၀၀ အထိ တိုးမြှင့်ထုတ်ချေးပေးလျက်ရှိပါတယ်။ မူလကျပ် ၂၀၀၀၀ ချေးယူရရှိ ပြီးသူများအနေဖြင့်လည်း နောက်ထပ် ကျပ် ၂၀၀၀၀ ကို ချေးယူရရှိမှာဖြစ်ပါတယ်။ ဤသို့ တိုးမြှင့် ထုတ်ချေးရာတွင် မူလကျပ် ၂၀၀၀၀ ချေးယူရရှိထားတဲ့ တောင်သူလယ်သမားများ၏ ၅၀ ရာခိုင်နှုန်းကသာ ထပ်မံရယူပြီး ကျန်တောင်သူများကတော့ ကြွေးတင်မှုကို မလိုလားသည့်အတွက် ထပ်မံရယူခြင်းမရှိတော့ကြောင်း တွေ့ရှိခဲ့ပါတယ်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်များ ထုတ်ချေးရာတွင် စိုက်ပျိုးစရိတ်ငွေ အရင်းအနှီးမတည်ရန် အခက်အခဲရှိနိုင်သော လုပ်ကွက်ငယ် တောင်သူလယ်သမား များကို ဦးစားပေးပြီး ၁၀ ဧက နှင့် အောက်ကိုသာ ထုတ်ချေးပေးပြီး အရင်းအနှီးတတ်နိုင်သော အရင်းအနှီးရှာဖွေနိုင်သော ၁၀ ဧကအထက် တောင်သူများကိုထုတ်ချေးပေးရန် အစီအစဉ်မရှိပါ ကြောင်း ‌ြဖေကြားအပ်ပါတယ်။ နိုင်ငံတော်အနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား ဖြစ်ထွန်းမှုကိုရှေးရှုပြီး ချေးငွေများကို စနစ်တကျထုတ်ချေးပေးလျက်ရှိရာတွင် ယင်းချေးငွေများကို သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများမှာ ထိထိရောက်ရောက်နှင့် အကျိုးရှိစွာအသုံးပြုစေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များအနေဖြင့် ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ် ပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် လွှတ်တော်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းဦးစီးအဖွဲ့များကို ဖွဲ့စည်းပြီး အာဏာများခွဲဝေအပ်နှင်းထားပြီး ဖြစ်သည့်အားလျော်စွာ မိမိ၏ ပြည်နယ်/တိုင်းဒေသကြီးအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်သမျှကိစ္စရပ်များကို ဒေသအတွင်းပြီး ပြတ်အောင် ‌ဖြေရှင်းဆောင်ရွက် သင်‌့ကြောင်း ဖြေကြားပါသည်။