ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့နယ်သည် လူဦးရေ တစ်သိန်း နီးပါးနေထိုင်ပြီး မြို့နယ် ၇ မြို့နယ်နှင့် ဆက်စပ်လျက်ရှိပါသည်။ ဒေသခံပြည်သူများနှင့် နီးစပ်ရာရှိမြို့နယ်များမှ တိုင်းရင်းသားပြည်သူများသည် ဖယ်ခုံမြို့နယ်ရှိ မြို့နယ် ပြည်သူ့ဆေးရုံသို့လာရောက်၍ ကျန်းမာရေး ဆေးကုသမှုများ ခံယူလျက်ရှိပါသည်။ အဆိုပါ မြို့နယ် ပြည်သူ့ဆေးရုံကြီးအား ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၅၀ နီးပါးခန့် ကြာမြင့်ခဲ့ပြီးဖြစ်ပါ သဖြင့် ပြုပြင်ရန် သို့မဟုတ် အသစ်ထပ်မံတည်ဆောက်ရန် လိုအပ်လျက်ရှိပါသည်။ ၂၀၀၉ ခုနှစ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံသို့ အဆင့်မြှင့်တင်ခဲ့သော်လည်း ယနေ့ထိ ဆရာဝန်များနှင့် ဝန်ထမ်းများ ပြည့်မီ ခန့်ထားနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် ဖယ်ခုံမြို့နယ်ကျေးလက်ကျန်းမာရေး ကဏ္ဍ အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက် လတ်တလော ဒေသခံပြည်သူများက လွယ်ပေါကျေးလက် ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ တိုးမြှင့်ပေးရန်နှင့် ပီကင်းကျေးလက် ကျန်းမာရေးဌာနရှိ ကုန်းငူကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွင့်လှစ်ပေးနိုင်ရန် တောင်းခံတင်ပြလာပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော် မေးမြန်းလိုသည်မှာ (၁) ဖယ်ခုံပြည်သူ့ဆေးရုံ ပြုပြင်ရန် သို့မဟုတ် အသစ်တည်ဆောက်ပြီး အဆင့်မြှင့်တင်ရန် အစီအစဉ်ရှိ၊ မရှိ။ (၂) ဖယ်ခုံပြည်သူ့ ဆေးရုံတွင် သတ်မှတ် ထားသော ရာထူးအလိုက် ဖွဲ့စည်းပုံအပြည့်ဖြင့် ဝန်ထမ်းခန့်ထားပေးနိုင်မှုရှိ၊ မရှိ သိလိုပါကြောင်းနှင့် (၃) လွယ်ပေါကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာန အဖြစ် အဆင့်မြှင့်တိုးပေးရန်နှင့် ပီကင်းကျေးလက်ကျန်းမာရေးဌာနရှိ ကုန်းငူကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲအသစ် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံအားပြုပြင်ရန် သို့မဟုတ် အသစ် တည်ဆောက်ပေးနိုင်ရန် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဆောက်လုပ်ရေး အင်ဂျင်နီယာအဖွဲ့နှင့် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းစိစစ်ပြီး တင်ပြရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်းနှင့် စိစစ်ချက်များအပေါ် အခြေခံ၍ မွမ်းမံပြင်ဆင်ရန်သာလိုအပ်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အသစ်တည်ဆောက်ရန်လိုအပ်ပါက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက်ရမည့် ဒေသများအား လျာထားပြီးဖြစ်နေပါ၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးလျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ဆက်လက်၍ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး တစ်ဦးနှင့် လက်ထောက်ဆရာဝန်တစ်ဦး လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိပြီး လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်များ ခန့်ထားရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် အထက်တန်းသူနာပြု ခွင့်ပြု ၅ ဦး၊ ခန့်ထား ၅ ဦးနှင့် သူနာပြု ခွင့်ပြု ၁၀ ဦး၊ ခန့်ထား ၁၀ ဦး ခန့်ထားပေးပြီးဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းရှိ လွယ်ပေါကျေးရွာကျေးလက်ကျန်းမာရေး ဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ တိုးမြှင့်ပေးရန်နှင့် ပီကင်းကျေးလက်ကျန်းမာရေး ဌာနရှိ ကုန်းငူကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်ဖွင့်လှစ်ခွင့်ရရှိရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း စီစဉ်ဆောင်ရွက်ပေးရန် လျာထားပြီးဖြစ်ကြောင်း ဖြေကြားပါသည်။
