(ခ)-လယ်ယာစီးပွားစီမံခန့်ခွဲမှုတိုးတက်စေမည့် အစီအမံများနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၅) ရက်မြောက်နေ့ (၁၇-၁၀-၂၀၁၁)

ကျွန်တော်တို့နိုင်ငံဟာဆိုလို့ရှိရင် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီက လူဦးရေဟာ ၁၇ သန်း၊ ၁၆ သန်းခန့် ရှိပါတယ်။ လယ်မြေဧကက ၁၀ သန်းခန့်ပဲ ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ဟာ နိုင်ငံစားသုံးမှုဖူလုံတဲ့အပြင် နိုင်ငံခြားကို ဆန်တန်ချိန် ၃ သန်းခန့် တင်ပို့နိုင်ပြီးတော့ ကျွန်တော်တို့ရဲ့ဆန်ဟာ ဥရောပမှာ အင်မတန် နာမည်ရခဲ့ တယ်လို့ မှတ်သားခဲ့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ဆန်ဟာ အီတလီနိုင်ငံမှာ ရေပန်းစားပြီး တော့ နာမည်ရခဲ့တယ်လို့ ကျွန်တော်တို့ဂုဏ်ယူစွာနဲ့ မှတ်သားခဲ့ရပါတယ်။ သို့သော်လည်းပဲ ယနေ့ အချိန်အခါမှာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေဟာ သုတေသနလုပ်ငန်းတွေကို လူနဲ့တွဲဖက်ပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်တဲ့ အတွက် ဒီနေ့ထိုင်းနိုင်ငံဟာ ကမ္ဘာကို ဆန်တန်ချိန် ၁၀ သန်းတင်ပို့နိုင်ပြီးတော့ ဒုတိယ အဆင့်မှာ ဗီယက်နမ်နိုင်ငံဟာ ၇ သန်းတင်ပို့နိုင်တဲ့အချိန်မှာ ကျွန်တော်တို့ဟာ ဆန်တန်ချိန် ၁ သိန်းခန့်သာ ပြီးခဲ့တဲ့တစ်နှစ်က တင်ပို့နိုင်ခဲ့တယ်လို့ ကျွန်တော်တို့ သိရှိရပါတယ်ဆိုတော့ ကျွန်တော်တို့နဲ့ ဗီယက်နမ် နိုင်ငံ၊ ထိုင်းနိုင်ငံတို့ဟာ စိုက်ပျိုးတဲ့စိုက်ပျိုးဧက မကွာလှပါဘူး။ လူဦးရေကျတော့ ကျွန်တော်တို့ထက် အဆမတန်များပြားပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ထက် အဆပေါင်းများစွာ တင်ပို့ နိုင်ခြင်းသည် ခေတ်သစ်နည်းပညာနဲ့ လယ်ယာစီမံခန့်ခွဲမှုစွမ်းရည်တွေ လယ်သမားတွေ တိုးတက် လာတဲ့အတွက် လယ်သမားတွေဟာ လယ်ယာကိုစိတ်ပါဝင်စားစွာနဲ့ ကြွယ်ကြွယ်ဝဝ သက်သက် သာသာချောင်ချောင်ချိချိနဲ့ စီးပွားတိုးတက်ပြီးတော့ ဇောက်ချလုပ်ကိုင်တဲ့အတွက် ၎င်းလယ်သမား များရော၊ ၎င်းနိုင်ငံအတွက်ပါ ပိုပြီးတော့စီးပွားရေးအခြေအနေ တိုးတက်လာတဲ့အတွက် ကျွန်တော် တို့ထက် အဆပေါင်းများစွာသာသွားတဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းတိုးတက်ရေးကော်မတီဟာ ကျွန်တော်တို့ သုံးကြိမ်ခန့် ကွင်းဆင်းပြီး လေ့လာတဲ့အခါမှာ စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဒေါက်တာတင်ထွဋ်က မှတ်သားစရာ စကားကို ကျွန်တော်တို့ ဒါဆွေးနွေးခဲ့ပါတယ်။ အဲဒီအချက်ကတော့ ယခင်တုန်းက အပင်ကိုသာ လေ့လာမှုပြုခဲ့ပြီး လူကိုလေ့လာမှုမပြုတဲ့ သုတေသန အားနည်းချက်တွေကို ယခုအခါမှာ ပြုပြင်ပြီးတော့မှ လူနဲ့အပင် တွဲဖက်ပြီးလေ့လာရမယ့် သုတေသနလုပ်ငန်းများကို   တိုးချဲ့ဆောင်ရွက်ရ မှာဖြစ်တယ်လို့ ဒီလိုတင်ပြခဲ့ပါတယ်။ ကျွန်တော်တို့ အခု စပ်မျိုးစပါးတွေနဲ့ပတ်သက်လို့ အားရစဖွယ် နိုင်ငံတော်သမ္မတကြီးရဲ့ လယ်မှာကော၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးကိုယ်တိုင် ကြီးကြပ် ဆောင်ရွက်နေတဲ့လယ်မှာကော သွားရောက်လေ့လာတဲ့အခါမှာ အင်မတန်အားတက်စရာကောင်းတဲ့ ဆန်စပါးစိုက်ပျိုးနည်းစနစ်တွေကို ဝမ်းမြောက်ဖွယ်ရာ လေ့လာတွေ့ရှိရပါတယ်။ ဒီကနေထွက်တဲ့လယ် တွေကို ခင်ဗျားတို့ ခန့်မှန်းကြည့်စမ်းပါလို့ဆိုတဲ့အခါမှာ ကျွန်တော်တို့က ၁၅၀ နဲ့ ၂၀၀ ကြားမလျော့ အောင်ထွက်ရှိနိုင်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းခဲ့ရပါတယ်။ ခေတ်သစ်ပျိုးထောင်နည်း၊ နောက်စပ် မျိုးစပါး၊ နောက်တစ်ခါ စိုက်နည်းစနစ်၊ စက်ယန္တရားအကူအညီ၊ လူလုပ်အားနဲ့ပေါင်းစပ်ပြီးတော့မှ စနစ်ကျတဲ့စီမံခန့်ခွဲမှုကြောင့်မို့လို့ ဒီလောက်အထိ အထွက်တိုးတက်လာတာကို  ကျွန်တော်တို့တွေ့ ရှိရပါတယ်။ သို့သော်လည်းပဲ ဒီနည်းပညာနဲ့စီမံခန့်ခွဲမှုတွေဟာ ကျွန်တော်တို့ရဲ့ ၂၆ သန်းခန့်ရှိတဲ့ လယ်ယာမြေတွေမှာ အခြေခံကျကျ တောင်သူလယ်သမားတွေကိုယ်တိုင် ကျွမ်းကျွမ်းကျင်ကျင်နဲ့စီမံခန့် ခွဲနိုင်မှုမရှိသေးဘူးဆိုရင် ခုနတင်ပြတဲ့ ထိုင်းနိုင်ငံ၊ နောက် ဗီယက်နမ်နိုင်ငံရဲ့အခြေအနေကို ကျွန်တော်တို့ဟာ လိုက်မီမှာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ သယံဇာတနဲ့ပတ်သက်လို့ ရေ၊ မြေ သယံဇာတ၊ လူသယံဇာတနဲ့ လိုအပ်တဲ့နည်းပညာသယံဇာတပေါင်းဖက်လိုက်မယ်ဆိုရင် ဒီနိုင်ငံတွေကို ကျွန်တော်တို့ဟာ လုံးဝကျော်လွှားနိုင်မယ့် အခြေအနေမျိုးရှိတယ်လို့ သုံးသပ်လို့ရပါတယ်။ ကျွန်တော်တို့ အဲဒီလယ်ယာတွေကို အားရစဖွယ်လေ့လာပြီးတော့ ကျွန်တော်တို့ ယခု မိမိတို့ရဲ့ဌာနေကို ပြန်တဲ့အခါမှာ လမ်းတစ်လျှောက်မှာရှိတဲ့ လယ်ယာတွေ၊ နောက်ကျွန်တော်တို့ သုံးကြိမ်လောက် ကွင်းဆင်းပြီးတော့မှ လယ်တွေထဲကို  ကျွန်တော်တို့ မျက်မြင်ကြည့်တဲ့အခါမှာ ကျွန်တော်တို့စောစော ကတင်ပြခဲ့တဲ့ ကျွန်တော်တို့ လေ့လာခဲ့တဲ့လယ်ယာနဲ့ လယ်သမားတွေ လုပ်ကိုင်ခဲ့တဲ့လယ်ယာနဲ့ အခြေအနေကြည့်တဲ့အခါမှာ ဆီနဲ့ရေလိုကွာတဲ့ အခြေအနေရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ မျိုးကောင်းမျိုးသန့်သုံးတဲ့နေရာမှာ အားနည်းခဲ့ပါတယ်။ လယ်ယာစီမံခန့်ခွဲတဲ့နေရာမှာ အားနည်းခဲ့ပါ တယ်။ သမရိုးကျအဆင့်ကနေပြီးတော့မှ ကျော်လွှားနိုင်တဲ့အခြေအနေက အများစုမရှိသေးပါဘူး။ အခုန တိုးတက်လာတဲ့နိုင်ငံကို ကြည့်တဲ့အခါမှာ လယ်သမားတွေကိုယ်တိုင်က ဒီလယ်ယာလုပ်ငန်းကို မိမိတို့ဇောက်ချပြီး တစ်သက်လုံးမိမိတို့ရဲ့ အကျိုးစီးပွားအတွက် အကျိုးပြုတဲ့လုပ်ငန်းဆိုပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန့်စီမံခန့်ခွဲမှု စွမ်းရည်ရှိရှိနဲ့ဆောင်ရွက်တဲ့အတွက် ကျွန်တော်တို့ထက်အဆပေါင်းများ စွာသာတဲ့ လယ်သမားတွေဖြစ်သွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နေပြည်တော်မှာ လေ့လာခဲ့တဲ့ လယ်ယာလုပ်ငန်းခွင်အခြေအနေနဲ့ အဲဒီအခြေအနေမျိုးဟာ တစ်နိုင်ငံလုံးလယ်သမားတွေက လိုလိုလားလား ဒီနည်းပညာနဲ့စီမံခန့်ခွဲမှုတွေ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဆောင်ရွက်သွားနိုင်မယ်၊ တစ်ဘက်ကနိုင်ငံတော်ကလည်းပဲ ပံ့ပိုးမှုတွေပေးသွားနိုင်မယ်ဆိုရင် ဒီနေ့ ထိုင်းတို့၊ ဗီယက်နမ်တို့ကို လုံးဝကြောက်စရာမလိုဘဲနဲ့ တစ်ချိန်တုန်းက နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အခြေအနေကို မလွဲမသွေ ပြန်ရောက်မယ်လို့ လေးလေးနက်နက် ယုံကြည်မိပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းတဲ့အခါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ တာဝန်ပေးချက်ဖြစ်တဲ့ ပြည်သူ့အသံလွှတ်တော်အသံ ဆိုတဲ့အတိုင်းပဲ လယ်ယာလုပ်ငန်းတွေကို အလေးထားပြီးလေ့လာပါတယ်။ လေ့လာတဲ့အခါမှာ လက်ရှိမြေကြီး မြေပုံကိုက်ညီမှုနဲ့ ပတ်သက်လို့ ခေတ်မီတဲ့မြေတိုင်းပညာရပ်၊ ကျယ်ပြန့်တဲ့ကွင်းဆင်းမှု၊ တောင်သူ လယ်သမားတွေနဲ့ ထိတွေ့မှုနည်းပါးတဲ့အတွက် ကျွန်တော်တို့ရဲ့မြေကြီးမြေပုံ၊ စိုက်ဧကနဲ့ အထွက်နှုန်း တွေဟာ ဒီနေ့ထိကွာဟချက်ရှိနေသေးတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှာ လောလောဆယ် နယ်မတုတ်လို့ခေါ်တဲ့ စပါးဖျက်ပိုး၊ နောက် ပိုးလောင်မီး၊ နှံဖြတ်ပိုးတွေ ကျရောက်တဲ့အတွက် လယ်သမားတွေဟာဆိုလို့ရှိရင် စိုက်ဧက ၄၀၀ လောက် ပျက်စီးပြီးတော့မှ စိုက်ပျိုးစရိတ်တွေ ပြန်ဆပ်ရတဲ့အချိန်မှာ အခက်အခဲတွေနဲ့ကြုံတွေ့ နေရတာကို တွေ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ကော်မတီကစုစည်းလိုက်တဲ့အခါမှာ တော်တော်များများသော လွှတ်တော်ကိုယ်စားလှယ်များသည် သူတို့မှာစာရင်းဇယားတွေနဲ့တကွ လယ်သမားတစ်ဦးချင်း၊ ဦးပိုင် စသည်ဖြင့် ဒီလိုအခက်အခဲတွေ ပါလာပါတယ်။ နောက်တစ်ခါ ဟိုတုန်းက တစ်ဧကကို ၃၅ တင်းနှုန်း လောက်ထွက်တဲ့ လယ်ယာမြေမှာ အထွက်တိုးနဲ့ပတ်သက်လို့ လှုပ်ရှားမှု လုပ်တဲ့အခါမှာ ဟိုတုန်းက ရွှေဝါထွန်းတို့၊ မနော်ဟရီတို့စတဲ့  အထွက်တိုးစပါးတွေကို လုပ်ကြတဲ့အခါမှာ မြို့နယ်တိုင်းမှာ အထွက်တိုး စခန်းတွေ ဖွင့်လှစ်ပြီးတော့မှ လယ်သမားတွေကိုစိုက်နည်းစနစ်တွေ၊ သွင်းအားစုတွေ၊ မြေသြဇာသုံးပုံတွေ၊ ပိုးသတ်ဆေးတွေ၊ ပိုးမွှားနှိမ်နင်းနည်းတွေစသည်ဖြင့်  ဒီအထွက်တိုးစခန်းတွေမှာ လယ်သမားတွေဟာ ပျားပန်းခတ်မျှ  လယ်သမားတွေကို ပညာပေးတာတို့၊ စီမံခန့်ခွဲမှု ပညာပေးတာတို့ ရှိခဲ့သော်လည်းပဲ ဒီနေ့အထွက်တိုးစခန်းအချို့ဟာ လမ်းဘေးမှာဘီယာဆိုင် ဘဝကို ပြောင်းသွားတဲ့ အခြေအနေရှိပြီးတော့မှ ဒီအထွက်တိုးစခန်းတွေမှာ ဖွဲ့စည်းလာမယ့်လယ်သမား အဖွဲ့အစည်း၊ နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုတဲ့ နိုင်ငံတော်သမ္မတကြီးချမှတ်လိုက်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုတာနဲ့အညီ ရှေ့နောက်ညီညွတ်စွာ ဟန်ချက်ညီလှုပ်ရှားရမယ့်အချိန်ဟာ ဒီနေ့ဟာ အရှိန်အဟုန်နဲ့ ဆောင်ရွက်ရမယ့် အ‌ြခေအနေရှိလာပါတယ်။ ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံ များကနေပြီးတော့မှ Super Sonic Jet သွားနေတဲ့အချိန်မှာ ကျွန်တော်တို့ဟာ သုံးဘီးကားနဲ့ ချိနဲ့စွာသွားနေရတဲ့ အခြေအနေမျိုးနဲ့ ဆိုရင်တော့ ဘယ်နည်းနဲ့မှမမီနိုင်ဘူးလို့ စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ကလည်းပဲ သုံးသပ် တင်ပြချက်မှာ တင်ပြသွားတာရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီလယ်သမားတွေဟာ သာမန် ချေးငွေကိုပဲမျှော်ပြီးတော့မှ ချေးငွေတွေတိုးပေးပါ၊ ချေးငွေတွေမြန်မြန် လေးပေးပါစသည်ဖြင်‌့ ဒီချေးငွေရရှိတာကို မျှော်နေမယ့်အစား ချေးငွေလက်ခံရရှိချိန်မှစပြီးတော့မှ ပြန်လည်ပေးဆပ်ရမယ့် အချိန်အထိ လယ်ယာသွင်းအားစုတွေ၊ ငွေကြေးတွေ၊ ပံ့ပိုးပစ္စည်းတွေ၊ နည်းပညာတွေကို အကျိုးရှိရှိ ထိထိရောက်ရောက်နဲ့ ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတဲ့ လယ်ယာစီးပွားစီမံခန့် ခွဲမှုအမြင်နဲ့ တက်တက် ကြွကြွ စီမံဆောင်ရွက်နိုင်စွမ်းရှိဖို့လိုပါတယ်။လယ်သမားတိုင်းအများစုဟာ ဒီလိုစီမံခန့်ခွဲမှုစွမ်းရည်တွေ ရှိကြမယ်ဆိုရင် ကျွန်တော်တို့စပါးအထွက်တိုးမှု၊ သိပ္ပံနည်းကျစိုက်ပျိုးမှုတွေဟာ အောင်မြင်ပြီးတော့မှ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်နဲ့ လယ်ယာကုန်ထုတ် လုပ်မှုစွမ်းအားတွေဟာ သိသိသာသာမြင့်လာလိမ့်မယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ကျွန်တော်တို့ မြို့နယ်များရဲ့ အခြေအနေ ကို ကြည့်တဲ့အခါမှာ တစ်မြို့နယ်မှာ စိုက်ပျိုးရေးဝန်ထမ်းဟာ သုံးလေးယောက်သာ ရှိပါတော့တယ်။ သူတို့ကိုကြည့်တဲ့အခါမှာလည်း အင်မတန်အားငယ်ပါတယ်။ ကွင်းဆင်းမှုလည်းပဲ အင်မတန် အားနည်းနေပါတယ်။ ဒါ့ကြောင့် မြေစာရင်းဌာနနဲ့ စိုက်ပျိုးရေး ဌာနကိုတော့ ကမ္ဘာ့အဆင့်မီချင်ရင် ကမ္ဘာ့အဆင့်မီတဲ့နည်းပညာတွေ၊ နည်းစနစ်တွေနဲ့အညီ နိုင်ငံတော် ကနေပြီးတော့မှ မွေးထုတ်လိုက်တဲ့ စိုက်ပျိုးရေးတက္ကသိုလ်ကြီးက စိုက်ပျိုးရေးတက္ကသိုလ်ဆင်း အတတ်ပညာရှင်တွေ၊ နိုင်ငံခြားပြန် ပါရဂူဘွဲ့ယူလာတဲ့ ပုဂ္ဂိုလ်တွေကို  မြို့နယ်အဆင့်လောက်အထိ ကွင်းဆင်းပြီးတော့မှ ခုနဘီယာဆိုင် ဘဝကိုရောက်နေတဲ့ အထွက်တိုးစခန်းတွေမှာ ယခင်ကလို တောင်သူလယ်သမားတွေကို ပညာပေးပြီး တော့မှ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်မယ်ဆိုရင်တော့ ခုန ကျွန်တော်တို့ ကမ္ဘာပေါ်မှာအများဆုံး ဆန်တင်ပို့နိုင်တဲ့နိုင်ငံတွေကို ကျော်လွှားနိုင်မယ်လို့ယူဆပါတယ်။ ဒါ့ကြောင့် နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာကတော့ လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ လယ်ယာလုပ်ငန်းတွေကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်နဲ့ လယ်ယာသွင်းအားစု၊ ငွေကြေး၊ ပံ့ပိုးပစ္စည်း၊ နည်းပညာ တို့ကို ပေးအပ်ရန် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ တောင်သူလယ်သမားများ လက်ဝယ်သို့ ချေးငွေလက်ခံရရှိချိန်မှစပြီးတော့ ပြန်လည်ပေးဆပ်ရမယ့် အချိန်အထိ လယ်ယာသွင်း အားစုတွေ၊ ငွေကြေးတွေ၊ ပံ့ပိုးပစ္စည်းတွေ၊ နည်းပညာတွေကို တောင်သူလယ်သမားများကိုယ်တိုင် အကျိုးရှိရှိထိထိရောက်ရောက် ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတဲ့ လယ်ယာစီးပွားစီမံခန့်ခွဲမှုအမြင်နဲ့ စီမံ ဆောင်ရွက်နိုင်စွမ်းရှိရန် လက်ရှိလိုအပ်နေပြီးတော့ ချေးငွေအပေါ်မှီခိုမှု သံသရာမဖြစ်ပေါ်စေရန် လယ်ယာစီးပွားစီမံခန့်ခွဲမှုစွမ်းရည်၊ Rural Economic Management Skill  တိုးတက်စေမည်‌့ အစီအမံများဖြင့် ဘယ်လိုဆောင်ရွက်ရန်ရှိသည်ကို မေးမြန်းပါသည်။

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

 အဓိကမေးထားတဲ့အချက်အပေါ်မှာ ကျွန်တော်ခြုံငုံပြီးတော့ ထုတ်နှုတ်ရမယ်ဆိုရင် တောင်သူလယ်သမားချေးငွေအပေါ်မှီခိုမှု သံသရာဖြစ်ပေါ်မှုမရှိစေရန် လယ်သမားတို့၏ လယ်ယာ စီးပွားစီမံခန့်ခွဲမှုစွမ်းရည် (Rural Economic Management Skill) တိုးတက်စေမည့် အစီအမံများဖြင့် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းထားပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ တင်ပြရမယ်ဆိုရင် Management ဆိုတဲ့ စီမံခန့်ခွဲမှုအတတ်ပညာမှာ အကျယ်ချဲ့လျှင် ချဲ့သလောက် အလွန်ကျယ်ပြန့်ပါတယ်။ လယ်သမားများအတွက်မူ အဖြုန်းနှင့် အသုံးကို ချိန်ဆတတ်စေရန်နှင့် စိုက်ပျိုးထုတ်လုပ်မည့် သီးနှံအမယ်အလိုက် အကျိုးစီးပွား ဖြစ်ထွန်း ခံစားရရှိနိုင်စေရန်ဆိုသည့် အနှစ်သာရရည်မှန်းချက် ဖြစ်ပါတယ်။

Mission ဆိုသည့် ရည်မှန်းချက်အား အောင်မြင်ရန်အတွက် လုပ်ငန်းပမာဏကြီးမားမှုအပေါ် မူတည်၍ Management စီမံမှုအတတ်ပညာကို စာစောင်ဖွဲ့မည်ဆိုပါက Ph.D ဘွဲ့ပညာရှင်ကြီးများ ပင်လျှင် ရေးဖွဲ့ဆွေးနွေး၍ ပြီးပြည့်စုံနိုင်မည် မရှိပါ။ ထိုကဲ့သို့ ရည်မှန်းချက် Mission ကို အောင်မြင်စေရန် Management ဆိုတဲ့ စီမံခန့်ခွဲမှုကောင်းများ လိုအပ်ပါတယ်။ အဲဒါတွေကတော့ ပထမအချက်အနေနဲ့ ငွေကြေးအရင်းအနှီးစီမံခန့်ခွဲမှု Money Management ဖြစ်ပါတယ်။ ဒုတိယအချက်လိုအပ်ချက်ကတော့ လူမှန်၊ နေရာမှန် ကျွမ်းကျင်မှုအရ ရွေးချယ်တာဝန်စီမံခန့်ခွဲ ပေးအပ်ခြင်းဆိုတဲ့ Men Management ဖြစ်ပါတယ်။ တတိယလိုအပ်ချက်ဖြစ်တဲ့ လယ်ယာသုံး စက်ကိရိယာများ စီမံခန့်ခွဲအသုံးပြုခြင်း၊ Machine Management ဖြစ်ပါတယ်။ နံပါတ်လေး အချက်အနေနဲ့ လယ်ယာသုံးအ‌ြခေခံပစ္စည်း မျိုးစေ့၊ ပျိုးပင်၊ သွင်းအားစု၊ ဓာတ်‌ြမေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစသည်တို့အား စနစ်တကျ မှန်ကန်စွာအသုံးပြုနိုင်ခြင်းဆိုတဲ့ သွင်းအားစု ပစ္စည်းစီမံခန့်ခွဲမှု Material Management  လိုအပ်ပါတယ်။ နံပါတ်ငါးအချက်အနေနဲ့ ‌ြမေပြင်ဆင် ထွန်ယက်ချိန်၊ စတင်စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန် စသည်အားဖြင့် အချိန်ကိုက်လုပ်ဆောင်ရသည့် စနစ်မှာလည်း အချိန်စီမံမှုအတတ်ပညာ Time Management  လိုအပ်ပါတယ်။ မိုးလွန်မှထွန်ချ၍ မရနိုင်သကဲ့သို့ပင် ရင့်မှည့်ချိန်လွန်မှ ရိတ်သိမ်းလျှင် အလေအလွင့် အဆုံးအရှုံးများ ဖြစ်ပေါ်စေနိုင် ပါတယ်။ နံပါတ်‌ြခောက်အချက်အနေနဲ့ ‌ြမေဆီလွှာ၊ ရာသီဥတုနဲ့ စိုက်ပျိုးသီးနှံပေါ်မူတည်၍ စိုက်ပျိုးရေ လိုသလောက် စီမံခန့်ခွဲအသုံးပြုရခြင်း Water Management  လိုအပ်ပါတယ်။ နံပါတ်ခုနှစ်အချက် အနေနဲ့ ဒေသ၏ရေ‌ြမေ၊ ြမေဆီလွှာ၊ အ‌ြခေအနေ စိုက်ပျိုးရေရရှိနိုင်မှုအပေါ်မူတည်၍ သီးနှံပုံစံ Crop Pattern အား သီးထပ်သီးညှပ် သီးနှံရွေးချယ်စိုက်ပျိုးရခြင်းမှာလည်း လယ်ယာစီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်တွင် အကျုံးဝင်ပါရှိပါတယ်။ ဒါက သီးနှံပုံစံစီမံခန့်ခွဲမှု Crop Management ဖြစ်ပါတယ်။ Mission ဆိုတဲ့ ရည်မှန်းချက်အောင်မြင်ဖို့ လိုအပ်တဲ့စီမံခန့်ခွဲမှု Management များဖြစ်ကြောင်း တင်ပြလိုပါတယ်။ လယ်ယာစီးပွားစီမံခန့်ခွဲမှုအတတ်ပညာများကို လယ်သမားများ လက်လှမ်းမီအောင် မိမိတို့ စိုက်ပျိုးရေးပညာရှင် နိုင်ငံ့ဝန်ထမ်းများအပိုင်းကသာမက သက်ဆိုင်ရာနယ်‌ြမေဒေသအလိုက် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့များရဲ့ လုပ်ငန်းရှင်ကြီးများမှ စံနမူနာပြ စိုက်ကွင်းများ လက်တွေ့ထူထောင်ပြသပြီး တောင်သူလယ်သမားများ ယုံကြည်မှုအပြည့်အဝဖြင့် လက်တွေ့အသုံးချနိုင်အောင် ပညာပေးစည်းရုံး နည်းလမ်းများဖြင့် ဖေးမလက်တွဲဖော်ဆောင်ပေးကြ ရန် လိုအပ်မည်ဖြစ်ပါတယ်။

နိုင်ငံတော်အနေဖြင့် လယ်သမားများ၏ ငွေကြေးအရင်းအနှီးအခက်အခဲများ ကူညီပံ့ပိုး‌ြဖေရှင်း ပေးလိုသည့် ရည်ရွယ်ချက်စေတနာအားဖြင့် လယ်တစ်ဧကလျှင် ယခင်ကျပ် ၂၀၀၀၀ နှုန်း ထုတ်ချေး ပေးခဲ့ရာမှ နှစ်ဆတိုးပြီး ကျပ် ၄၀၀၀၀ နှုန်း တိုးတက်ထုတ်ချေးပေးလျက်ရှိနေပါတယ်။ ကျေးလက်ငွေစု ငွေချေးအသင်းအဖွဲ့များ ထူထောင်ပေးပြီး၊ အသေးစားငွေချေးလုပ်ငန်းများလည်း အထောက်အကူပေး နိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် ဒေသအလိုက် အထူးပြုကုမ္ပဏီများကဲ့သို့သော လုပ်ငန်းရှင်ကြီးများနှင့် Foundation အဖွဲ့အစည်းများမှလည်း ငွေကြေးအရင်းအနှီးများအား သက်သာသောနှုန်းထားများဖြင့် ထုတ်ချေးအထောက်အကူပေးလျက်ရှိပါတယ်။ လယ်ယာသုံး စက်ကိရိယာများကိုလည်း တောင်သူများလက်လှမ်းတမီ အသုံးပြုနိုင်ရေးအတွက် အရစ်ကျစနစ်ဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိနေပါတယ်။ လယ်သမားများ ငွေကြေးအရင်းအနှီး အပါအဝင် သွင်းအားစုပံ့ပိုးပစ္စည်းများအပေါ် အကျိုးရှိရှိထိထိရောက်ရောက်အသုံးချပြီး အလေအလွင့် အဆုံးအရှုံးလျော့နည်းသက်သာစေလျက် စိုက်ပျိုးရေးထုတ်ကုန်သီးနှံများ ဖွံ့ဖြိုးတိုးတက်လာစေရန်မှာ ကိုယ်တိုင်တစ်ဦးချင်းအသိတရားနှင့် သတိရှိရှိဖြင့် ကျင့်ကြံလုပ်ဆောင်ခြင်း နည်းလမ်းသာလျှင် ကုစားနိုင်မည်ဖြစ်ပါတယ်။ လယ်သမားများအနေဖြင့် ချေးငွေအပေါ် မှီခိုမှုသံသရာမှ ကင်းလွတ်ရန် အတွက် လယ်သမားစီးပွားစီမံခန့်ခွဲမှုစွမ်းရည် Rural Economic Management skill တိုးတက်စေရေးလုပ်ငန်းအပေါ် တစ်နိုင်ငံလုံးပြန့်နှံ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဒေသအလိုက်အ‌ြခေအနေနှင့် ကိုက်ညီစွာ အာဏာပိုင်အဖွဲ့အစည်းများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအပါအဝင် အသင်းအဖွဲ့များအနေဖြင့် တောင်သူလယ်သမားများအား စည်းရုံးပညာပေးခြင်းနည်းလမ်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ ထိန်းကြောင်းတည့်မတ်ပေးခြင်း နည်းလမ်းများ အားဖြင့် ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်စေရေးအတွက် အဓိကသော့ချက်လုပ်ငန်းစဉ်ကြီး ၅ ရပ်အား ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါ တယ်။ အဆိုပါ သော့ချက်လုပ်ငန်းစဉ် ၅ ရပ်မှာ-

(၁)     အထွက်ကောင်း မျိုးကောင်း၊ မျိုးသန့်စပါးများ(Good Quality Seeds)အသုံးပြုရန်၊

(၂)     ခေတ်မီသိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ( Good Agriculture Practice) အသုံးပြု ရန်၊

(၃)     စိုက်ပျိုးရေအပါအဝင် သွင်းအားစုဓာတ်‌ြမေသြဇာ၊ သဘာဝ‌ြမေသြဇာများကို အချိန်ကိုက် အချိုးကျအသုံးပြုရန်၊

(၄)     မျိုးစေ့သုံးစွဲခြင်း၊ သွင်းအားစုသုံးစွဲခြင်း၊ လုပ်အားခအပါအဝင် အပင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အလေအလွင့်ဆုံးရှုံးမှု၊ ထုတ်လုပ်မှုကုန်ကျစရိတ်၊ ရောင်းဝယ် လွှဲပြောင်းမှုကုန်ကျစရိတ် လျော့နည်းသက်သာအောင် ဆောင်ရွက်ပေးရန်လိုအပ် ပါတယ်။

(၅)     ထွက်ရှိလာသည့် သီးနှံများအပေါ် စီးပွားရေးတွက်‌ြခေကိုက်မှုရရှိပြီး ခိုင်မာသော ဈေးကွက် ရရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။

အထက်ပါ ရိုးစင်းလွယ်ကူသော လုပ်ငန်းစဉ် ၅ ရပ်ကို တောင်သူလယ်သမားများ လက်တွေ့ လိုက်နာဆောင်ရွက်ရန် အကောင်အထည်ဖော်ပေးနိုင်ခြင်းအားဖြင့် ကိုယ်စားလှယ်တော်ကြီး မေးမြန်း ထားသော တောင်သူလယ်သမားများ၏ ကြွေးသံသရာမှ လွတ်မြောက်စေရေးစေတနာကို လက်တွေ့ ဖော်ဆောင်နိုင်မည့်အပြင် တောင်သူလယ်သမားတစ်ဦးချင်းမှ ကျေးရွာတစ်ခုလုံး၊ မြို့နယ် တစ်ခုလုံး၊ တစ်နိုင်ငံလုံးအဆင့်အထိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းကို အကောင်အထည်ဖော်လာနိုင်မည်ဖြစ်ပါတယ်။ တောင်သူလယ်သမားများ ဆန်စပါးသီးနှံ တစ်ဧက တင်း ၁၀၀ အထက်ထွက်ရှိရန် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် ၁၄ ချက် Good Agriculture Practice မှာလည်း စပါးစိုက်ပျိုးကြသော လယ်သမားများအတွက် လယ်ယာစီးပွား စီမံခန့်ခွဲမှု ပညာရပ် Management ပင်ဖြစ်ပါတယ်။ အမှန်တကယ် တစ်ချက်ချင်းအားဖြင့် ထိရောက်မှန်ကန်စွာ လိုက်နာလုပ်ဆောင်ကြခြင်းအားဖြင့် စပါးအရည်အသွေးနှင်‌့ စပါးအထွက်နှုန်း ထိထိရောက်ရောက် တိုးစေပြီး လယ်သမားများ အကြွေးသံသရာမှလွတ်မြောက်စေနိုင်မည် ဖြစ်ပါတယ်။ အလားတူပင် ဆီထွက်နေကြာ၊ ပဲသီးနှံအမျိုးမျိုး၊ ကြံသီးနှံ၊ ‌ရော်ဘာစသည်ဖြင့် စိုက်ပျိုးသီးနှံ အမယ်အလိုက် သိပ္ပံနည်းကျ စိုက်နည်းစနစ်များသည် တောင်သူများအတွက် အလွယ်ကူဆုံး လိုက်နာကြရမည့် Management များပင်ဖြစ်ကြောင်း ‌ြဖေကြားအပ်ပါတယ်။

နိုင်ငံတော်အပိုင်းမှ ပြည်ထောင်စုအဆင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌ြမောင်းဝန်ကြီးဌာန အနေဖြင့်လည်း လက်ရှိဖွဲ့စည်းထူထောင်ပေးထားသော သုတေသနခြံများ၊ မျိုးစေ့ထုတ်ခြံများ၊ စိုက်ပျိုးရေးသင်တန်းကျောင်းများအားအ‌ြခေခံ၍ နိုင်ငံနှင့်တစ်ဝန်း တောင်သူပညာပေး စံပြစိုက်ကွင်း ကြီးများထူထောင်ပြီး တောင်သူလယ်သမားများနှင့် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်လာရေး အကောင်အထည်ဖော်ပေးရန် လိုအပ်မည်ဖြစ်ပါတယ်။ ထိုသို့သော ပညာပေးလုပ်ငန်းများကို မီဒီယာ နည်းလမ်းများ ဖြင့် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များတွင်လည်းကောင်း လယ်ယာစီးပွားနှင့် ဒို့ကျေးရွာဂျာနယ်များဖြင့်လည်းကောင်း တောင်သူများလက်ဝယ်သို့ ပြန့်နှံ့ရောက်ရှိစေရေးအတွက် ပညာပေးနည်းလမ်းများ ကျယ်ပြန့်စွာ ဆောင်ရွက်ရမည်ဖြစ်ပါတယ်။ အခြားတစ်ဖက်မှလည်း နိုင်ငံတော်အစိုးရအပိုင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများအနေဖြင့် နိုင်ငံတော်လယ်ယာကဏ္ဍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ‌ြခေခံကျကျ ပြုပြင်ပြောင်းလဲဖော်ဆောင်ပေးရန် လိုအပ်ချက်ကြီးများဖြစ်သော -

(၁)     လယ်ယာများအား ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျရေသွင်း/ရေထုတ်သည့်စနစ်များ တည်ထောင်ပေးခြင်း(Irrigation)လုပ်ငန်းဖြစ်ပါတယ်။

(၂)     လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရေး(Mechanization) လုပ်ငန်းဖြစ်ပါတယ်။

(၃)     တစ်ဧကထွက်နှုန်းတိုးတက်စေနိုင်မည့် အထူးအထွက်တိုး မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူး ပေးခြင်း(Hybridization)လုပ်ငန်းဖြစ်ပါတယ်။

(၄)     သီးနှံများအထွက်တိုးရန် သွင်းအားစုဓာတ်‌ြမေသြဇာ(Fertilizer)လိုအပ်ချက်ကို လုံလောက်စွာ အသုံးပြုနိုင်ရေးဆောင်ရွက်ပေးခြင်းလုပ်ငန်းဖြစ်ပါတယ်။

(၅)     ပုဂ္ဂလိက ငွေကြေးအရင်းအနှီးတတ်နိုင်သူများ အခန်းကဏ္ဍအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း များတွင် ထိထိရောက်ရောက် ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အားပေးဆောင်ရွက် ခြင်းလုပ်ငန်း

များကို ဟန်ချက်ညီစွာဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ပေးနိုင်မှသာလျှင် တောင်သူ လယ်သမားများ၏ လယ်ယာထွက်ကုန်များ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပါကြောင်း ကိုယ်စားလှယ်တော်၏ မေးမြန်းချက်ဖြစ်သည့် လယ်သမားများ အကြွေးသံသရာမှ လက်တွေ့ လွတ်‌ြမောက် စေရေးအတွက် လယ်ယာစီးပွားစီမံခန့်ခွဲမှု Management အစီအမံအား ရှင်းလင်း ဖြေကြားပါသည်။