(က)-တရားဝင်ငွေလဲကောင်တာများမှ အကန့်အသတ်များကို ဖယ်ရှားရန် လိုအပ်လာပြီး ပြင်ပတရားမဝင် ငွေလဲဒိုင်များလည်း ကွယ်ပျောက်သွားနိုင်စေရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တတိယနေ့ (၂၂.၁၀.၂၀၁၂)

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ လှည့်လည် သုံးစွဲလျက်ရှိကြတဲ့ နိုင်ငံခြားငွေများဟာ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ တရုတ်ယွမ်၊ ယူရိုငွေ စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။ နိုင်ငံခြားသွားရန်အတွက် လေယာဉ်လက်မှတ် ဝယ်ယူရာတွင် လည်းကောင်း၊ နိုင်ငံခြားသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်ရမည့်သူများ သက်ဆိုင်ရာသံရုံး များတွင် လျှောက်ထားကြရသည့် ဗီဇာကြေးအစရှိသည်များကို နိုင်ငံခြားငွေများနှင့် ပေးချေကြရပါ တယ်။ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်လျက်ရှိကြတဲ့ ပြည်ပကုမ္ပဏီများ ဥပမာ NGO၊ ဆေးကုမ္ပဏီ စသည်တို့တွင် လုပ်ကိုင်လျက်ရှိကြသည့် နိုင်ငံသားဝန်ထမ်းအချို့မှာ လစာများကို နိုင်ငံခြားငွေ သို့မဟုတ် FEC များနဲ့ လက်ခံရရှိပါတယ်။ ရရှိသည့်နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေများဖြင့် လဲယူရပါတယ်။ ထိုကဲ့သို့ရရှိသော နိုင်ငံခြားငွေများကို လဲလှယ်ရာတွင် တရားဝင်ဖွင့်လှစ်ထားသော ပုဂ္ဂလိကဘဏ် Money Changer ကောင်တာများတွင် လဲလှယ်ရာတွင် အကန့်အသတ်များသဖြင့် ပြင်ပတရားမဝင် ငွေလဲဒိုင်များတွင် လဲလှယ်ကြရပါတယ်။ ထိုသို့ လဲလှယ်ရာတွင် ပြင်ပငွေလဲဒိုင်များ မှနေ၍ မတန်တဆ ဈေးနိမ်၍သော်လည်းကောင်း၊ နည်းမျိုးစုံတို့ဖြင့် လိမ်လည်၍ လည်းကောင်း ခေါင်းပုံဖြတ်၍ ပြုလုပ်လျက်ရှိကြတာကို တွေ့ရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလာသည်နှင့် အမျှ နိုင်ငံခြားငွေများဖြင့် လစာရရှိကြသူများ ပိုမိုများပြားလာမည်ဖြစ်ပါတယ်။ ယခုအခါ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို အတည်ပြု ပြီးဖြစ်ပါသဖြင့် ၎င်းဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၂) အဖြစ်    ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်မေးမယ့်မေးခွန်းကတော့ တရားဝင်ငွေလဲကောင်တာများမှ အကန့်အသတ်များကို ဖယ်ရှားရန် လိုအပ်လာပါသဖြင့် ထိုအကန့်အသတ်များကို ဖယ်ရှားပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် ပြင်ပတရားမဝင် ငွေလဲဒိုင်များ ကွယ်ပျောက်သွားအောင် မည်သို့ ပြုလုပ်ပေးနိုင် မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိန်း
အဖြေ

ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်က ကျင့်သုံးနေတဲ့ ပြုပြင်ပြောင်းလဲ မှုတွေနှင့်အညီ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လျက်ရှိပါ တယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ နိုင်ငံခြားငွေဈေးကွက် ထူထောင်ရေးပေါ့။ နိုင်ငံခြားငွေဈေးကွက် ထူထောင်ရေးဆိုရာမှာလည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မယ့် နိုင်ငံခြားငွေဈေးကွက် ထူထောင် ရေးကိုလည်း ကျွန်တော်တို့က အဆင့်ဆင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပထမအဆင့်အနေနဲ့ ကွာဟမှုကြီးမားနေတဲ့ ငွေလဲနှုန်းတစ်ခုကို တညီတညွတ်တည်းဖြစ်အောင်ဆိုပြီးတော့ Unification of Foreign Exchange ကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာလည်း နိုင်ငံတကာမှာ သုံးနေတဲ့ Floating Exchange Rate System ကိုတော့ တန်းသွားလို့ မရပါဘူးခင်ဗျား။ အဲဒီလို မရတဲ့အတွက် Managed Exchange Rate System ကို လက်ရှိ စပ်ကူးမတ်ကူးကာလမှာ ကျင့်သုံးလျက်ရှိပါတယ်။ အဲဒီ System အရဆိုလို့ရှိရင်တော့ နိုင်ငံခြားကို ဗဟိုဘဏ်ကနေပြီးတော့ Reference Rate တစ်ခုကို သတ်မှတ်ပါတယ်။ အဲဒီလိုသတ်မှတ်တဲ့အခါမှာလည်း ဘဏ်တွေက ကမ်းလှမ်းတဲ့ ရောင်းဈေး၊ ဝယ်ဈေးတွေကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ ကမ္ဘာမှာ ဖြစ်နေတဲ့ ငွေလဲနှုန်းတွေကိုလည်း ထည်‌့သွင်းစဉ်းစားပါတယ်ခင်ဗျား။ ပြီးတော့မှ တစ်ခါ ရောင်းလိုအား၊ ဝယ်လို အားတွေကိုပါ ထည်‌့သွင်းစဉ်းစားပြီးတော့မှ အဲဒါကို ဗဟိုဘဏ်က နေ့စဉ် Reference Rate သတ်မှတ်ပါတယ်။ အဲဒီလို သတ်မှတ်ပြီးတော့မှ အဲဒီ Reference Rate ကိုမှ Plus or Minus 0.8% နှင့် ဈေးကွက်မှာ ရောင်းဝယ်ခွင့်ပြုတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Managed Exchange Rate ကို ကျင့်သုံးပြီးတော့ နောင်အခါမှာတော့ လုံးဝကို Floating လုပ်တဲ့ Rate ကို ပြောင်းသွားမယ့် အစီအစဉ် ရှိပါတယ်။ အဲဒီလို ကျင့်သုံးတဲ့နေရာမှာ ဒုတိယအဆင့်အနေနဲ့က Foreign Exchange Market မှာ မရှိမဖြစ်တဲ့ Player များ ဖြစ်တဲ့ Money Changer တွေကို ကျွန်တော်တို့ မွေးထုတ် လျက်ရှိပါတယ်။ ပထမအဆင့်အနေနဲ့ ဘဏ်အဖွဲ့အစည်းတွေကို Money Changer လိုင်စင်တွေ ထုတ်ပေးထားပါတယ်။ ယခုအခါမှာဆိုရင် ပုဂ္ဂလိကဘဏ်ပေါင်း ၁၇ ဘဏ်ကို ကျွန်တော်တို့ Money Changer လိုင်စင်ထုတ်ပေးပြီး ဖြစ်ပါတယ်။ အဲဒီ ၁၇ ဘဏ်ကနေပြီးတော့မှ ငွေလဲကောင်တာပေါင်း ၁၃၁ ခုကို မြန်မာနိုင်ငံရဲ့ အချက်အချာကျတဲ့ ဒေသတွေမှာ ဖွင့်လှစ်ပြီးတော့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ပေးတဲ့အခါမှာ နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အမေရိကန် ဒေါ်လာ ၁၀၀၀၀ နှင့်ညီမျှတဲ့ငွေတွေကို ဘာအထောက်အထား၊ ဘာစာရွက်စာတမ်းမှ မလိုအပ်ဘဲနှင့် လွတ်လပ်စွာ လဲပေးလျက် ရှိပါတယ်။ သို့သော်လည်းပဲ ယနေ့ဈေးကွက်အခြေအနေကို ပြန်ပြီး လေ့လာတဲ့အခါမှာ ထူးခြားချက်ကလေးတွေ သွားပြီးတွေ့ရပါတယ်။ ပထမထူးခြားချက်ကတော့ ဈေးကွက်မှာ ငွေလဲကောင်တာတွေ အပြင်ပေါ့ နောက်ထပ်ဈေးကွက်ကြီးတစ်ခုပေါ်နေတဲ့ သဘော ရှိပါတယ်။ ပြင်ပဈေးကွက်ပဲ ခေါ်ခေါ်ပေါ့ အဲဒါပေါ်နေပါတယ်။ အဲဒီဈေးကွက်ကလည်း ဈေးကွက် အကြီးကြီးဆိုတော့ အရင်ကလို ယှဉ်ပြိုင်ပြီးပေါ်တာမျိုး မဟုတ်ဘဲနဲ့ Shadow Market လို့ ခေါ်လို့ရတဲ့ ဈေးကွက်မျိုးဖြစ်ပါတယ်။ အရိပ်ကလည်း အရိပ်မဲကြီးပေါ်တာ မဟုတ်ပါဘူးခင်ဗျား။ အရိပ်ဖျော့လေး တင်ပဲ ပေါ်သေးတာ ဖြစ်ပါတယ်။ အဲဒီအရိပ်ဈေးကွက်ကနေပြီးတော့ ဈေးနှုန်းကျသွားတဲ့အခါမှာ တချို့ သော ပုဂ္ဂိုလ်များက အဲဒါကို ဝယ်ပြီးတော့မှ ငွေလဲကောင်တာတွေမှာ ပြန်ရောင်းတာတွေ ရှိပါတယ်။ အဲဒီလိုရောင်းတဲ့အခါမှာ ငွေလဲကောင်တာတွေကလည်း လူ့သဘာဝအရပါပဲ သူတို့က ဝယ်ဖို့အတွက် နည်းနည်း တွန့်တိုနေတာ ရှိနေပါတယ်ခင်ဗျား။ အဲဒါတစ်ချက်ကို ကျွန်တော် သွားတွေ့ရပါတယ်။ နောက်တစ်ချက်ကလည်းပဲ ငွေလဲကောင်တာတွေအနေနဲ့က ငွေစက္ကူလာလဲတဲ့အခါမှာ ငွေစက္ကူ အပေါ်မှာ လက်မှတ်ရေးထိုး ထားတာတို့၊ ညစ်ပတ်နေတာတို့၊ အမှတ်တွေ၊ တံဆိပ်တွေပါတာတို့ဆိုရင် လက်မခံဘဲနှင့် စိစစ်ဝယ်ယူတဲ့အချက်ကိုလည်း သွားတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ အသေးစိတ် တင်ပြ အစီရင်ခံပါမယ်။ ပထမတစ်ချက်ဖြစ်တဲ့ ပြင်ပဈေးနှင့် အရိပ်ဈေးကွက်နဲ့ ငွေလဲကောင်တာ ဈေးကွက်ကွာတာနှင့်ပတ်သက်လို့က ဗဟိုဘဏ်အနေနဲ့ Reference Rate သတ်မှတ်တဲ့အခါမှာ ပြင်ပအရိပ်ဈေးကွက်က နှုန်းထားကိုလည်း ထည့်သွင်းစဉ်းစားသုံးသပ်ပေးပါတယ်။ နောက်တစ်ချက် ကလည်း Monetary Policy အရ ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူတွေကို အခြေအနေနဲ့ အချိန်အခါ အလိုက် ဝယ်တာတို့၊ ရောင်းတာတို့ကိုလည်း ထုတ်ပြီးတော့ ကျင့်သုံးပါတယ်။ အဲဒါကြောင့်မို့လို့ ငွေကွာဟတဲ့ နှုန်းထားလေးဟာ တဖြည်းဖြည်းနည်းသွားဖို့ ရှိပါတယ်။ နောက်တစ်ချက်ကလည်းပဲ ဘဏ်မဟုတ်တဲ့ အဖွဲ့အစည်းတွေပါခင်ဗျား။ Non-Banking Organization တွေကို Money Changer လိုင်စင်လည်းပဲ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ပြင်ပဈေးကွက်၊ အရိပ်ဈေးကွက် တဖြည်းဖြည်း ပျောက်သွားမယ့် အနေအထားရှိပါတယ်။ သို့သော်လည်း Floating Exchange Rate System ကို လုံးဝကူးပြောင်းသွားပြီဆိုရင် ဒါ အလိုလိုကို ပပျောက်သွားမယ့် အနေအထားရှိပါတယ်။ နောက်တစ်ခါ ဘဏ်တွေအနေနဲ့ ခေါက်ရိုးကျိုးတာတို့၊ အစွန်းအထင်းပေတာတို့ကို လက်ခံဖို့ ဝန်လေး တဲ့ကိစ္စ၊ စိစစ်တဲ့ကိစ္စတွေကို အသေးစိတ်လေ့လာကြည့်တဲ့အခါမှာ ငွေစက္ကူပေါ်မှာ ကိုင်တွယ်သူတွေ ကြောင့်၊ ပြင်ပပယောဂကြောင့် Deface ဖြစ်သွားတာ၊ မျက်နှာပြင်ပျက်သွားတာ ၁၂ မျိုးသွားပြီးတော့ တွေ့ရပါတယ်။ ခြစ်ရာထင်တာတို့၊ ခေါက်ရိုးကျိုးတာတို့ အဲဒါမျိုး ၁၂ မျိုးတွေ့ပါတယ်ခင်ဗျား။ အဲဒီ ၁၂ မျိုးနှင့် ပတ်သက်ပြီးတော့ ကမ္ဘာ့ဘဏ်တွေရဲ့ ကျင့်သုံးမှုကို လေ့လာကြည့်တဲ့အခါမှာ ကမ္ဘာ့ဘဏ်တွေ အနေနဲ့ အဲဒီ ၁၂ မျိုးအနက် အဆိုးဝါးဆုံး ၂ မျိုးမှ လွဲပြီး ကျန်တဲ့ ၁၀ မျိုးလုံးကို လက်ခံပြီး လဲလှယ် ပေးတာ တွေ့ရပါတယ်။ အဆိုးဝါးဆုံး ၂ မျိုးဆိုတာကတော့ ပထမတစ်မျိုးကတော့ ငွေစက္ကူအစစ်အမှန် တော့ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာပဲ နံပါတ်ပါပြီး နောက်တစ်ဖက်မှာ မပါတာမျိုး ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ငွေစက္ကူအစစ်အမှန်ဖြစ်ပါတယ်။ နံပါတ်ကလည်း အဲဒီလိုပဲ တစ်ဖက်မှာပါ တယ်၊ တစ်ဖက်မှာမပါဘူးဖြစ်ပြီးတော့မှ ငွေစက္ကူရဲ့ အရွယ်ပမာဏဟာ ရှိသင့် ရှိထိုက်တာထက်ကို 1/4 လောက်ပဲ ရှိတဲ့ဟာမျိုး အဲဒီ ၂ မျိုးကို အဆိုးဝါးဆုံးသတ်မှတ်ပါတယ်။ အဲဒီ ၂ မျိုးကိုတောင်မှ ကမ္ဘာ့ဘဏ်တွေအနေနဲ့က လုံးဝလဲမပေးဘူးလို့ မငြင်းပါဘူးခင်ဗျား။ သူတို့အနေနဲ့က အဲဒီ ၂ မျိုးကို လည်း Discount Rate နဲ့ ၅၀ ရာခိုင်နှုန်း လဲပေးတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ငွေလဲကောင်တာတွေကိုလည်းပဲ အဲဒီအကျင့်စရိုက်တွေ မွေးမြူဖို့အတွက် တိုက်တွန်းနေပါတယ်။ နောက်တစ်ချက်ကလည်းပဲ ဗဟိုဘဏ်အနေနဲ့လည်း သင့်တော်တဲ့ နှုန်းထားနဲ့ လဲလှယ်ပေးနိုင်အောင် ညှိနှိုင်းဆောင်ရွက်လျက် ရှိနေပါတယ်ခင်ဗျား။ ဒါကြောင့် ဒီကိစ္စလည်းပဲ ပြေလည်သွားမယ့် အနေအထားတွေရှိပါတယ်။ အဲဒီအချက်တွေကို ဆောင်ရွက်ခြင်းအားဖြင့် ကွာဟမူတွေနည်းပြီးတော့ ပြင်ပဈေးကွက်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။