ပျော်ဘွယ်နယ်ဒေသတွေမှာ ရန်ကုန်- မန္တလေးလမ်းမကြီးနှင့် ဆက်သွယ်ထားတဲ့ ပျော်ဘွယ်-နတ်မောက်-မကွေးလမ်း ရှိပါတယ်ခင်ဗျား။ ဒီလမ်းကနေပြီးတော့ တောသူတောင်သား စိုက်ပျိုးမွေးမြူရေးသမားတွေဟာ သူတို့ရဲ့ လယ်ယာထွက် ကုန်၊ မွေးမြူရေးထုတ်ကုန်တွေကို ပျော်ဘွယ်မြို့နှင့် မိတ္ထီလာမြို့ကို တင်ပို့ကြရပါတယ်။ ၃ တန်ယာဉ်၊ ၂ တန်ယာဉ်၊ ၆ တွဲယာဉ်များဖြစ်သော်လည်း VIC အရ တင်ရမယ်လို့ပြောပြီးတော့ လမ်းဂိတ်များက ပြောတဲ့အတွက်ကြောင့် တန်ပိုဒဏ်ကြေးများကောက်ခံခဲ့သဖြင့် ပျော်ဘွယ်မှာ တောင်ညောင်ကုန်း၊ သဖန်းကျောင်းစတဲ့ ကျေးရွာများမှ ယာဉ်ပိုင်ရှင်များ၊ ကျေးလက်နေတောင်သူများ၊ မွေးမြူရေးသမား များမှ လမ်းဂိတ်နှင့်ပြဿနာဖြစ်ကာ ကျွန်တော့်ထံကိုရောက်ရှိခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ ၂ တန်၊ ၂ တန်ခွဲ၊ ၃ တန် စတဲ့ကားများဟာ ဒေသသုံးကားများဖြစ်ကြောင်း ၆ ဘီးယာဉ်များဖြစ်ကြောင်း အခက်အခဲကို တင်ပြလာတဲ့အတွက်ကြောင့် အဲဒီအခက်အခဲတွေကို အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတော်သမ္မတနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ စာဖြင့်တင်ပြရန် ကျွန်တော့်အနေနဲ့ တိုက်တွန်း ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂ လ၊ ၃ လ အထိ ပြဿနာဟာ လိပ်ခဲတင်းလင်း ဖြစ်နေခဲ့ပါတယ်။ ကျေးလက်နေယာဉ်ပိုင်ရှင်များနှင့် တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးသမားများဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လိုကြောင်း ပြည်သူတွေရဲ့အခက်အခဲကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ထည့်သွင်းစဉ်းစားသင့်ကြောင်း ကျွန်တော့်ထံလာရောက်ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော့် အနေနဲ့ ခေတ္တစောင့်ဆိုင်းဖို့ ပြည်သူ့လွှတ်တော်မှတစ်ဆင့် ဆက်လက်ပြီးတော့ တင်ပြပေးဖို့ စီစဉ်ပေး မှာပဲလို့ ပြောကြားတဲ့အချိန်မှာပဲ ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ ဝန်ကြီးအသစ်ရဲ့လက်ထက်မှာ ၂ တန်ခွဲ၊ ၃ တန် စတဲ့ယာဉ်များအပါအဝင် ၁၀ တန်အောက်ယာဉ်များကို ယာဉ်ကုန် ၁၀ တန်အထိ တင်သွင်းခွင့် ပြုရတဲ့အတွက်ကြောင့် အလွန်ပဲဝမ်းသာခဲ့ရပါတယ်။ ဒီအတွက် ဒေသထွက်ကုန်တွေကို ချောချောမွေ့မွေ့သက်သက်သာသာနဲ့ သယ်ခွင့်ရအောင်စီစဉ်ပေးတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါကြောင်း ဦးစွာပထမပြောကြားလိုပါတယ်ခင်ဗျား။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး မကြာခဏ ပြောကြားသလို ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များဟာ နိုင်ငံတော်ကိုလည်း အကျိုးမပြု၊ ပြည်သူကိုလည်းအကျိုးမပြု ပြည်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေရင် အဲဒီဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ အမိန့်များကို ပယ်ဖျက်ပေးမှ ပြည်သူ့ဆန္ဒကို လေးစားရာ ရောက်မယ်လို့ ပြည်သူကိုအလုပ်အကျွေးပြုရာရောက်မယ်ဆိုတာကို ဥက္ကဋ္ဌကြီးမှ ပြောကြားသွားတာနဲ့ လည်း ညီညွတ်သွားပါတယ်။ နောက် ကျွန်တော့်အနေနဲ့ မေးခွန်းများကို ဆက်လက်မေးမြန်းပါမယ်။ ယခင်က အာဆီယံစာချုပ်ကို လိုက်နာသောအားဖြင့် ယာဉ်ကုန်တန်များကိုသတ်မှတ်ခဲ့တဲ့အတွက် ကြောင့် ပြည်သူလူထုက အာဆီယံမူအရ စည်းကမ်းလိုက်နာတဲ့အနေနဲ့ သတ်မှတ်တဲ့ကုန်ချိန်များ အတိုင်း ကုန်တင်မောင်းနှင်ခဲ့ကြပါတယ်။ ထိုသို့ ကုန်ချိန်ကန့်သတ်ခြင်းကြောင့် သယ်ယူခလည်း အထိုက်အလျောက်မြင့်တက်မှုရှိလာသဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ပြည်သူများခံစားနေကြရ ပါတယ်။ ယခုထပ်မံ၍ အာဆီယံမူအရ ယခင်သတ်မှတ်ထားတဲ့ ဝင်ရိုးလျှောက်တန်း ၂၂ ဘီးယာဉ် များကို ယာဉ်ကုန် ၅၅ တန် ခွင့်ပြုထားရာမှ ယာဉ်ကုန် ၅၀ တန်တင်ရမည်ဟု သတ်မှတ်ခဲ့ပြန်ပါတယ်။ အာဆီယံမူတွင် ၅၅ တန်လို့ သတ်မှတ်ပြီး ယခုတန် ၅၀ လို့သာ တင်ရမယ်လို့ သတ်မှတ်ခြင်းသည် မည်သည့်မူအရသတ်မှတ်ကြောင်း၊ အမျိုးမျိုးဖြစ်နေကြောင်း ပြည်သူများမှ အခက်အခဲတွေကို တင်ပြ လာကြပါတယ်။ ပြည်သူတွေဟာ B.O.T ယူထားတဲ့သူတွေရဲ့ အကျိုးထက် ပြည်သူ့အကျိုးကို အလေးထားပြီးတော့ ဝင်ရိုးလျှောက်တန်း ၂၂ ဘီးယာဉ်များကို မူလအာဆီယံသတ်မှတ်ချက်အတိုင်း ပြန်လည်တင်ဆောင်ခွင့်ပေးသင့်ကြောင်း ပြောဆိုလာကြပါတယ်။ သို့ဖြစ်ပါ၍ အာဆီယံမူအရ ဝင်ရိုး လျှောက်တန်း ၂၂ ဘီးယာဉ်များအား ယာဉ်ကုန် ၅၅ တန်အထိ ပြန်လည်တင်ဆောင်ခွင့်ပေးနိုင်၊ မပေးနိုင် သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေများရဲ့ အခန်း (၃) နည်းဥပဒေပုဒ်မ ၃၁(က) အရ မော်တော်ယာဉ် သို့မဟုတ် နောက်တွဲ သို့မဟုတ် ချိတ်ဆွဲ ယာဉ်တို့၏ ဝန်မပါအလေးချိန်နှင့် ဝန်ပါအလေးချိန်စုစုပေါင်းဟာ ယာဉ်ထုတ်လုပ်သူက သတ်မှတ် သည့်အတိုင်း ဖြစ်ရမည်လို့ပါရှိပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ မော်တော်ယာဉ်၊ နောက်တွဲ၊ ချိတ်ဆွဲယာဉ်များရဲ့ စာရွက်စာတမ်းများမှာ တန်ချိန်သတ်မှတ်ခြင်းကို မော်တော်ယာဉ်ထုတ်လုပ်သူရဲ့ သတ်မှတ်ချက်များကိုကိုးကား၍ ယာဉ်မှတ်ပုံတင်သတ်မှတ် ဆောင်ရွက် ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံကို တင်သွင်းတဲ့ ချိတ်ဆွဲယာဉ် (Tractor Head) များဟာ အများအားဖြင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံထုတ်ယာဉ်များဖြစ်ကြပြီး နောက်တွဲယာဉ် (Semi Trailer) အများစုဟာ တရုတ်နိုင်ငံထုတ် နောက်တွဲယာဉ်များဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ချိတ်ဆွဲယာဉ်ဟာ ဝန်တင်ဆောင်ထားတဲ့ နောက်တွဲယာဉ်နှင့် တွဲဆက်အသုံးပြုရခြင်းဖြစ်၍ စုစုပေါင်း ကုန်တန်ချိန် (G.V.W) ဟာ ချိတ်ဆွဲယာဉ်ရဲ့ အလေးချိန်၊ နောက်တွဲယာဉ်ရဲ့ အလေးချိန်နှင့် ကုန်ရဲ့ အလေးချိန်တို့ စုစုပေါင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသုံးပြုနေကြတဲ့ Tractor Head နှင့် Semi Trailer ယာဉ်များဟာ စုစုပေါင်း ကုန်နှင့်ယာဉ်အလေးချိန် ၅၅ တန်အောက် အမျိုးအစားများနှင့် ၅၅ တန်အထက် အမျိုးအစားများလည်း ပါဝင်ကြောင်းတွေ့ရှိရပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်လုပ်သူရဲ့ သတ်မှတ်ချက်အတိုင်းသာ ၎င်းယာဉ်များရဲ့ စာရွက်စာတမ်းမှာ မှတ်ပုံတင် ဖော်ပြ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ၉-၁၀-၂၀၁၂ ရက်စွဲပါ စာအမှတ် ၁/ခွဲ-၂/ထွေ/၂၀၁၂(လွှတ်တော်)(စီ-၉၄၀၇) စာအရ တန်ပိုကိစ္စများကို ၂၀၁၁ ခုနှစ်၊ သြဂုတ် လ ၁ ရက်နေ့က စတင်ဆောင်ရွက်စဉ်မှာ ဝင်ရိုး ၆ တန်း၊ ၂၂ ဘီးယာဉ်များကို ယာဉ်နှင့်ကုန် ၅၅ တန် အထိ ခွင့်ပြုပေးခဲ့ခြင်းဟာ ဖြေလျော့မှုတစ်ခုအနေဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အာဆီယံမူအရ ၂၂ ဘီး ယာဉ်များကို ယာဉ်နှင့်ကုန် ၄၈ တန် ခွင့်ပြုရမှာဖြစ်ပါကြောင်း။ သို့သော် ယခုလောလောဆယ်၌ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ စံနှုန်းအတိုင်း ၂၂ ဘီးယာဉ်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှစ၍ ၅၀.၅ တန် ခွင့်ပြုပေးထားခြင်းဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် အာဆီယံအသိုင်းအဝန်း စတင်ချိန်တွင် အာဆီယံမူ အတိုင်းသာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၂ ဘီးယာဉ်ကို ယခုအခါ ၅၀.၅ တန် ခွင့်ပြုထားသော်လည်း ၂၀၁၅ ခုနှစ် အာဆီယံမူအတိုင်း ၄၈ တန်အထိ တဖြည်းဖြည်း လျော့၍ သတ်မှတ်သွားရမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
