မြန်မာနိုင်ငံ ဒေသအချို့မှာ သားငှက်ထိန်းသိမ်းရေးစခန်းများကို ဖွင့်လှစ်ပြီးတော့ ဘေးမဲ့တောတွေ ထိန်းသိမ်း နေတာ ရှိပါတယ်။ ထမံသီ သားငှက်ထိန်းသိမ်းရေး စခန်းခွဲအနေနဲ့ ခန္တီးမြို့နယ်ရဲ့ တောင်ဘက် ချင်းတွင်းမြစ်ရဲ့ အရှေ့ဘက် ရှိတ်ကောက်တောင်းအုပ်စုနှင့် လိန်းစင်အုပ်စုကြားရှိ နန်ဖီးလင်းနှင့် နန်အိစုကြား ချောင်းတစ်လျှောက်မှာ ဘေးမဲ့တောတွေ သတ်မှတ်ပြီးတော့ ထိန်းသိမ်းထားတာ ရှိပါ တယ်။ ခန္တီးမြို့နယ်ရဲ့ မြောက်ဘက်ခြမ်း ဟောင်ဆိုင်အုပ်စုနှင့် နန်ဖာအုပ်စုမှာလည်း တနိုင်းသားငှက် ထိန်းသိမ်းရေး စခန်းခွဲကနေပြီးတော့ ဘေးမဲ့တောတွေသတ်မှတ်ပြီးတော့ ထိန်းသိမ်းနေတာရှိပါတယ်။ အဲဒီသားငှက်ထိန်းသိမ်းရေး စခန်းတွေဟာ သက်ဆိုင်ရာကျေးရွာအုပ်စုတွေနဲ့ နီးကပ်ပြီးတော့ လူဦးရေ တိုးတက်လာသည်နှင့်အမျှ အဲဒီသားငှက်ထိန်းသိမ်းရေးစခန်းတွေမှာ သွားရောက်လုပ်ကိုင် စားသောက်နေတာ ရှိပါတယ်။ အဲဒီလို သွားရောက်လုပ်ကိုင်စားသောက်ကြတဲ့ အတွက်ကြောင့်မို့ မကြာခဏ ပြဿနာတွေဖြစ်ပြီးတော့ ြဖေရှင်းနေရတာ ဖြစ်ပါတယ်။ တချို့သောလုပ်ငန်းတွေမှာဆိုရင် တရားဝင်လုပ်ကိုင်ခွင့်မရှိဘဲ တရားမဝင်လုပ်ရမယ့် သဘောမျိုး တွေ့နေရပါတယ်။ ဥပမာအားဖြင့် သားငှက်ထိန်းသိမ်းရေးစခန်းတွေမှာ တရားဝင်သတ္တုတူးဖော်ခြင်း ကုမ္ပဏီများအနေနဲ့ ဆောင်ရွက်လို့ မရသော်လည်း ပုဂ္ဂလိက တရားမဝင်လုပ်နေတာတွေ ရှိပါတယ်။ ဒါကြောင့်မို့ ဒီထိန်းသိမ်းနေတဲ့ စခန်းတွေအနေနဲ့ တကယ်ရော သားငှက်တွေ ရှိပါသေးသလား။ ထိန်းသိမ်းတဲ့အပိုင်းမှာရော တိုင်းပြည် နှင့်ဒေသအတွက် အကျိုးရောရှိပါသလား။ ထိန်းသိမ်းတဲ့လူတွေနဲ့ ပြည်သူလူထု ပဋိပက္ခဖြစ်ပြီးတော့ မကြာခဏြဖေရှင်းနေရတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ မေးလိုတဲ့မေးခွန်းကတော့ သားငှက် ထိန်းသိမ်းရေး စခန်းများဖွင့်လှစ်နေခြင်းသည် ဒေသနှင့်နိုင်ငံတော်အတွက် မည်သို့အကျိုး သက်ရောက်မှုရှိပါသည်ကို သိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံဟာ ဇီဝပထဝီဝင် (Bio-geography) အနေအထားထူးခြားကောင်းမွန်မှုကြောင့် ဇီဝယူနစ်ဇုန်များ စုံလင်စွာတွေ့ရှိရပြီး တော့ ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ နို့တိုက်သတ္တဝါ ၂၆၀ မျိုး၊ ငှက်မျိုးစိတ် ၁၀၉၆ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၄၀၈ မျိုး၊ ရေချိုနှင့် ရေငန်မျိုးစိတ်ပေါင်း၇၇၅ မျိုး၊ ဝါးကြိမ်နှင့် ဆေးဖက်ဝင်အပင်များအပါအဝင် အပင်မျိုးစိတ် ပေါင်း ၁၁၈၀၀ တို့ရှိကြောင်းလည်း မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၌ သာလျှင် တွေ့ ရှိရသော ဒေသမျိုးရင်းမျိုးစိတ်များဖြစ်သည့် နို့တိုက်သတ္တဝါ ၂ မျိုး၊ ကျေးငှက် ၆ မျိုးနှင့် ကုန်းနေ ရေနေတွားသွားသတ္တဝါ ၇ မျိုးနှင့် အပင်မျိုးစိတ် ၈ မျိုးတို့ကိုလည်းပဲ ဖော်ထုတ်တွေ့ရှိရသဖြင့် ယင်းမျိုးစိတ်များကိုသာမက ကျက်စားတွေ့ရှိရသည့် နေရင်းဒေသများကိုပါ သဘာဝနယ်မြေများ အဖြစ် ထိန်းသိမ်းကာကွယ် ထားရှိလျက်ရှိပါတယ်။
မြန်မာနိုင်ငံအတွင်း၌ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်ကျရောက် နေသည့် မျိုးစိတ်များနှင့် ရှားပါးစာရင်းဝင်မျိုးစိတ်များစွာ တွေ့ရှိရပါတယ်။ အထူးသဖြင့် နိုင်ငံအဆင့် ထိန်းသိမ်းကာကွယ်မှု အဆင့်အတန်းသတ်မှတ်ကာကွယ် စောင့်ရှောက်လျက်ရှိတဲ့ မျိုးစိတ်များ ဖြစ်တဲ့ ဘင်္ဂလားကျားနှင့် အင်ဒိုချိုင်းနားကျားမျိုးစိတ်၊ အာရှဆင်၊ ကြံ့သူတော်၊ ရွှေသမင်၊ ဖက်ဂျီ၊ ချေလှောင် (ခ) ယုန်သမင်၊ မျောက်လွဲကျော် မျိုးစိတ်များ၊ ပန်ဒါနီများ၊ သားမင်းများ၊ အင်းကျားများ၊ ဒေသမျိုးရင်း ငှက်မျိုးစိတ်များ၊ သန္တာကျောက်တန်းများ၊ အဏ္ဏဝါမျိုးစိတ်များနှင့် အပင်မျိုးစိတ်များကိုလည်းပဲ ကျွန်တော်တို့ဌာနအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ မျိုးစိတ်များအလိုက် ဥပဒေများ၊ အမိန့်များ ထုတ်ပြန်ပြီးတော့ ကာကွယ်ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အမဲလိုက်သတ်ဖြတ်ခြင်းဖြင့် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တစ်ဖက် နိုင်ငံများသို့ တရားမဝင်တင်ပို့ရောင်းချကြခြင်း၊ မြေအသုံးချမှုများပြားလာခြင်းကြောင့် တောတွင်း နေရင်း ဒေသများမှ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ကြသည့် ကြံ့ကဲ့သို့ တောရိုင်းတိရစ္ဆာန်များ ရှိခဲ့သလို နောင်မကြာမီ အချိန်ကာလအတွင်းမှာလည်း မြန်မာ့ြမေပေါ်မှမျိုးသုဉ်းပျောက်ကွယ် သွားကြတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် သတ္တဝါမျိုးစိတ်များလည်း ရှိနေကြောင်းတွေ့ရှိရပါတယ်။ ဇီဝမျိုးစုံ မျိုးကွဲများနှင့် သဘာဝအရင်းအမြစ်များသည် နိုင်ငံ၏အမွေအနှစ်များ ဖြစ်ရုံသာမက အနာဂတ် မျိုးဆက်များအတွက် လက်ဆင့်ကမ်းအမွေအဖြစ် ပေးအပ်နိုင်ရေး၊ ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းကာကွယ်ရန် အထူးလိုအပ်လှပါတယ်။ နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော သယံဇာတအရင်းအမြစ်များလည်း ဖြစ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ အရင်းအမြစ်များကို ထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သကဲ့သို့ လူသားများနှင့် သဘာဝဂေဟစနစ်များ ညီညွတ်မျှတစွာ အတူရှိနေစေရေးအတွက်လည်း လွန်စွာမှအရေးပါလှပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးအတွက် နေရင်းဒေသများ အပါအဝင် ဂေဟစနစ်များ၊ သဘာဝအမွေအနှစ် များ တည်ရှိသည့်နယ်မြေများကို ရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေ အရ သဘာဝနယ်မြေများအဖြစ် သတ်မှတ်ကာကွယ်ထားရှိပါတယ်။ သဘာဝနယ်မြေကို တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ၊ သက်ရှိသက်မဲ့ဖွဲ့စည်းမှုများ သို့မဟုတ် ထင်ရှားသောပထဝီ အနေအထားများ တည်ရှိသည့်ဒေသများကို အရှည်တည်တံ့စေရေးအတွက် ကာကွယ်ထိန်းသိမ်းရန် အလို့ငှာ ဥပဒေအရ သတ်မှတ်သည့်နယ်မြေဖြစ်ပြီးတော့ နိုင်ငံတော်အစိုးရ၏ သဘာဝနယ်ြမေများ ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒကို အကောင်အထည်ဖော်ရန်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ သက်ရှိသက်မဲ့ဖွဲ့စည်းမှုများနှင့် ရာသီအလိုက် ဒေသရွှေ့ပြောင်း ကျက်စားလေ့ရှိသော ငှက်များကို ကာကွယ်ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်က လက်ခံသဘောတူထားသော အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ဆောင်ရွက်ရန်၊ မျိုးသုဉ်းပြုန်းတီးမည့်အန္တရာယ်ရှိသော တောရိုင်း တိရစ္ဆာန်များ၊ သဘာဝအပင်များနှင့် ယင်းတို့၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန်၊ သဘာဝ သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများကို အထောက်အကူပြုစေရန် ဖွဲ့စည်းထားရှိခြင်းလည်း ဖြစ်ပါ တယ်။ မြန်မာနိုင်ငံတွင် အမျိုးသားဥယျာဉ်များ၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ အပါအဝင် ဥပဒေ အရ သတ်မှတ်ထားသည့် သဘာဝနယ်ြမေအမျိုးအစား ၇ ခုရှိပါတယ်။ ၁၉၂၀ ခုနှစ်မှ ယခုလက်ရှိ ကာလအထိ သတ်မှတ်ဖွဲ့စည်းခဲ့သည့် သဘာဝနယ်ြမေစုစုပေါင်း ၃၆ ခုကို နိုင်ငံတော်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အမိန့်ထုတ်ပြန်ကာ သတ်မှတ်တည်ထောင်ထားပြီး ဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်း စုစုပေါင်း ၁၄၆၃၁.၁၁ စတုရန်းမိုင်ရှိပြီး နိုင်ငံဧရိယာ၏ ၅.၆ ရာခိုင်နှုန်းမျှ ရှိပါတယ်။ သဘာဝနယ်မြေ အဖြစ် သတ်မှတ်ဖွဲ့စည်းထိန်းသိမ်းရေးအတွက် ထပ်မံအဆိုပြုထားသည့် နယ်မြေ ၇ ခုရှိပြီး ၂၇၈၄.၇၁ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ နိုင်ငံဧရိယာရဲ့ ၁.၀၇ ရာခိုင်နှုန်း ရှိပါတယ်။ သစ်တောဦးစီးဌာနသည် သဘာဝနယ်မြေများဖြစ်သည့် ဥယျာဉ်၊ ဘေးမဲ့တောများတွင် အုပ်ချုပ်ရေးမှုးရုံးများ ဖွင့်လှစ်ကာ စနစ်တကျ ထိန်းသိမ်းစီမံအုပ်ချုပ်လျက် ရှိပါတယ်။ မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့်သဘာဝနယ်ြမေများ ထိန်းသိမ်းရေးဥပဒေ (၁၉၉၄)၊ တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးနည်းဥပဒေ (၂၀၀၂)၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မျိုးသုဉ်းမည့် အန္တရာယ်မှကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များ ဥပဒေ (၁၉၉၄) တို့ကိုထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ရဲ့ နှစ်၃၀ သစ်တောကဏ္ဍ ဆိုင်ရာ ပင်မစီမံကိန်းအရ သဘာဝနယ်မြေများကို ရေတိုတွင် ၅ ရာခိုင်နှုန်းနှင့် ရေရှည်တွင် ၁၀ ရာခိုင်နှုန်းအထိ ဖွဲ့စည်းသတ်မှတ်ရန် မျှော်မှန်းထားရှိပါတယ်။ အာဆီယံဇီဝ မျိုးစုံမျိုးကွဲဗဟိုဌာနနှင့် ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တဲ့နေရာမှာ မြန်မာနိုင်ငံသည် အာဆီယံဒေသအတွင်းမှာ အာဆီယံ အမွေအနှစ်များ (ASEAN Heritage Parks) အရေအတွက်အများဆုံးရှိကြောင်း အတည်ပြုသတ်မှတ် ထားပါတယ်။ ၎င်းတို့မှာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် (ကချင်ပြည်နယ်)၊ အင်းတော်ကြီးတိရစ္ဆာန် ဘေးမဲ့တော (ကချင်ပြည်နယ်)၊ အလောင်းတော်ကဿဖအမျိုးသားဥယျာဉ် (စစ်ကိုင်းတိုင်းဒေသကြီး)၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (ရှမ်းပြည်နယ်)၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (ဧရာဝတီတိုင်းဒေသကြီး)၊ လန်ပိကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ် (တနင်္သာရီတိုင်း ဒေသကြီး)နှင့် နတ်မတောင်အမျိုးသားဥယျာဉ် (ချင်းပြည်နယ်) တို့ဖြစ်ပါတယ်။ ၎င်းအပြင် ယူနက်စကို ရဲ့ ကမ္ဘာ့သဘာဝ အမွေအနှစ်ဥယျာဉ်များ စာရင်းနှင့်လူသားနှင့် ဇီဝမျိုးစုံထိန်းသိမ်းရေးနယ်မြေ (UNESCO - Man and Biosphere Reserve) စာရင်းဝင်ဥယျာဉ်များအဖြစ် သတ်မှတ်ထိန်းသိမ်း ကာကွယ်နိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းကာကွယ်မှုကို နေရင်းဒေသအတွင်း ထိန်းသိမ်းခြင်းနှင့် နေရင်း ဒေသပြင်ပထိန်းသိမ်းခြင်း ၂ မျိုးဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ နေရင်းဒေသအတွင်းမှာ ထိန်းသိမ်း ခြင်းအဖြစ် မူလကျက်စားနယ်မြေများ၊ ပေါက်ဖွားရာနယ်မြေများနှင့် ယင်းတို့၏ ဂေဟစနစ်များကို သဘာဝနယ်မြေများအဖြစ် သတ်မှတ်ထိန်းသိမ်းကာကွယ်လျက်ရှိပါတယ်။
နိုင်ငံတော်အနေဖြင့် မျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များစာရင်း ကို ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်၊ သာမန်ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်နှင့် ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ ၁၆၇ မျိုးကိုလည်းပဲ အမိန့် ကြော်ငြာစာထုတ်ပြန်ပြီးတော့ ကြေညာထားရှိပြီး ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၁ ခုနှစ် နိုင်ငံအဆင့် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင်ရောင်းဝယ်မှုများအား ဥပဒေအရ ထိရောက်စွာ အရေးယူတားဆီးရေး လုပ်ငန်းအဖွဲ့ကိုလည်းပဲ ပြန်လည်ဖွဲ့စည်းပေးခဲ့ပါတယ်။ ၎င်းအဖွဲ့ တွင် ကျွန်တော်တို့ ဝန်ကြီးဌာနအပါအဝင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ လုပ်ငန်းများ ပူးပေါင်းဆက်စပ်ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံအတွင်းသာမက နိုင်ငံတကာနှင့် ဒေသအတွင်းရှိ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆက်သွယ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် သယ်ဆောင် ရောင်းဝယ်ခဲ့သည့် အမှုပေါင်း ၄၆ မှုကိုလည်း ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို နိုင်ငံအဆင့် ထိန်းသိမ်းရေး မဟာဗျုဟာနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ခေတ်စနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက်လည်း ၃ နှစ်၊ ၅ နှစ် တစ်ကြိမ်ကျစီ ကဏ္ဍစုံ၊ အဖွဲ့ပေါင်းစုံ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကာ ပြန်လည်ပြင်ဆင် ရေးဆွဲသတ်မှတ် သွားမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတော်၏ ကူညီဆောင်ရွက်မှုများ သာမက နိုင်ငံတကာ၏ အကူအညီ အထောက်အပံများ ရရှိရေးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို ဇီဝဇုန်မျိုးကွဲကွန်ဗင်းရှင်း (Convention on Biological Diversity- 1994)၊ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှု ဆိုင်ရာကွန်ဗင်းရှင်း (Convention on International Trade and Endangered Species of Wild Fauna and flora-CITES- 1997)၊ ရေတိမ်ဒေသများ ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ ကွန်ဗင်းရှင်း ( Ramsar Convention on Wetlands-2005)၊ ကမ္ဘာ့ကျားများထိန်းသိမ်းရေးအဖွဲ့ (Global Tiger Forum- 2004)၊ အာဆီယံဒေသအတွင်း တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကူးသန်းရောင်းဝယ်မှု တားဆီးမှုနှိမ်နှင်းရေးကွန်ရက်အဖွဲ့ ၂၀၀၅ ခုနှစ်တို့ကိုလည်း ပူးပေါင်းပါဝင် လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ သဘာဝနယ်မြေများ စီမံအုပ်ချုပ်မှု လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရေး၊ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ နည်းပညာနှင့် စွမ်းဆောင်ရည် မြင့်မားရေးတို့အတွက် သုတေသနလုပ်ငန်းများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲ များ၊ ဒေသခံများပါဝင်သည့် ထိန်းသိမ်းရေး အစီအစဉ်များ တို့ကိုလည်း နိုင်ငံတကာအဖွဲ့အစည်း ၁၄ ခု တို့နှင့် ပူးပေါင်းပြီးတော့ အရည်အသွေးများ မြှင့်တင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။ သဘာဝရေမြေတောတောင်ရှုခင်းများ၊ သယံဇာတအရင်းအမြစ်များ၊ ရှားပါးတိရစ္ဆာန် မျိုးစိတ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များတို့ကိုလည်း ရေရှည်တည်တံ့စေရေးစနစ်တကျ ကာကွယ် ထိန်းသိမ်းပြီးတော့ သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းတစ်ရပ်အဖြစ် ခရီးသွားနေရာသစ်များ ဖော်ထုတ်ခြင်းသည် နိုင်ငံတော်၏ ဝင်ငွေများကိုလည်း တိုးမြှင့်ရရှိစေမှာဖြစ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာကို ရရှိစေမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနသည် သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဥယျာဉ်နှင့် ဘေးမဲ့တောများ ၁၉ ခု၊ ဆင်စခန်း ၂ ခု၊ စုစုပေါင်းနေရာ ဒေသ ၂၁ ခုကို ခရီးသွားများ၊ အပန်းဖြေသူများ ကြည့်ရှုနိုင်ရန် သဘာဝခရီးသွားလုပ်ငန်းစခန်းများအဖြစ် သတ်မှတ် ခွင့်ပြု ပေးထားလျက်ရှိပါတယ်။ သဘာဝနယ်မြေများ တည်ထောင်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းဖြင့် ဇီဝသယံဇာတများ မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ နေရင်းဒေသများအပါအဝင် ဂေဟစနစ်များ ပျက်စီးဆုံးရှုံးခြင်းတို့မှ ထိရောက်စွာ ကာကွယ်နိုင်ခြင်း သဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများ ဖြစ်ထွန်းတည်တံ့စေခြင်း၊ သဘာဝနယ်မြေများအတွင်း အမာခံထိန်းသိမ်း ရေးနယ်မြေ၊ ကြားခံထိန်းသိမ်းရေး နယ်မြေနှင့် အသုံးပြုဇုန်နယ်မြေများ ပိုင်းခြားသတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မြေအသုံးချမှု ပဋိပက္ခများ လျော့နည်းစေနိုင်ခြင်း၊ လူနှင့်တိရစ္ဆာန် ပဋိပက္ခဖြစ်ပွားမှုများ လျော့နည်းစေနိုင်ခြင်း၊ သက်ရှိမျိုးစိတ်များ၏ မျိုးရိုးဗီဇကွဲပြားခြင်း၊ မျိုးစိတ် ကွဲပြားခြင်းနှင့် ဂေဟစနစ်ကွဲပြားခြင်းများကိုလည်း သုတေသနပြုလုပ်နိုင်ခြင်းကြောင့် ရေရှည်တည်တံ့ ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ မြန်မာနိုင်ငံအတွင်းတွင် ပေါက်ရောက်ရှင်သန်ကျက်စားလျက်ရှိသော သစ်တောသစ်ပင်များနှင့် တောရိုင်းတိရစ္ဆာန်များ၏ ပျံ့နှံ့တည်ရှိမှုကို ကိန်းဂဏန်းအချက်အလက် များဖြင့် တိကျစွာမှတ်တမ်းတင်နိုင်ခြင်း၊ မျိုးသုဉ်းမည့် အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များအား ပြန်လည်တိုးပွားများပြားလာအောင် ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ ရှားပါးမျိုးစိတ်များ အပါအဝင် သဘာဝအပင်နှင့် တိရစ္ဆာန်များ၊ သယံဇာတများကို တရားမဝင်ကူးသန်းရောင်းဝယ် နေမှုများအား တားဆီးနှိမ်နင်းရေး ဆောင်ရွက်နိုင်ခြင်း၊ ပြည်သူလူထုအပါအဝင် အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ တို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး လုပ်ငန်းများတွင် အသိစိတ်ဓာတ်ဖြင့် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ သဘာဝကို အခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ၎င်းတို့အပေါ် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေခြင်း မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး လုပ်ငန်းများ၊ သဘာဝနယ်မြေ စီမံအုပ်ချုပ်မှုလုပ်ငန်းများတွင် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများထံမှ နည်းပညာရန်ပုံငွေ အကူအညီများ ရရှိရေးဆောင်ရွက်နိုင်ခြင်းနှင့် ရေရှည်ဆောင်ရွက်နိုင်မည့် ငွေကြေးရန်ပုံငွေ တစ်ရပ်ထားရှိနိုင်ခြင်း၊ နောင်အနာဂတ်မျိုးဆက်များအတွက်လည်း သဘာဝ အမွေအနှစ်များ၊ ဇီဝမျိုးစုံ မျိုးကွဲတို့ကို စဉ်ဆက်မပြတ် လေ့လာဖော်ထုတ်နိုင်ရေး၊ အသုံးချနိုင်ရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ ဇီဝနည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက် စေရန် လက်ဆင့်ကမ်းအမွေများပေးအပ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
ခန္တီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ မူများကို ပြည့်စုံစွာ ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော်အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ အပါအဝင် သဘာဝသယံဇာတ အရင်းအမြစ်များ တည်ရှိနေသည့် သဘာဝနယ်မြေများကို ရေရှည် တည်တံ့စေရန် ကာကွယ်စောင့်ရှောက်ရန်မှာ အလွန်ပင်အရေးကြီးပါတယ်။ ဌာနမှ ချမှတ်လုပ်ဆောင် လျက်ရှိသည့် မူများမှာ များစွာကောင်းမွန်ပြီးတော့ အများလက်ခံနိုင်လိမ့်မည်ဟု ကျွန်တော်တို့ ယူဆပါတယ်။ ဝန်ထမ်းများ၏ တာဝန်များလည်းကျေပွန်မှုများလည်းရှိနေမှာ အမှန်လည်း ဖြစ်ပါတယ်။ ထိုကိစ္စသည် လူအပိုင်းဖြစ်ပြီးတော့ အကယ်၍ ဝန်ထမ်းအပိုင်းမှ တာဝန်ဝတ္တရား မကျေပွန်မှု၊ မတရားဆောင်ရွက်မှုများ ရှိခဲ့မယ်ဆိုလို့ရှိရင်လည်းပဲ ပေါ်လွင်အောင်ဖော်ထုတ်ပြီးတော့ ကျွန်တော်တို့ ဌာနမှလည်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
