ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဆီကြိတ်ဖတ်များဖြစ်တဲ့ ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုတ်ဖတ်၊ ပန်းနှမ်းဖတ်၊ နေကြာဖတ်၊ ဝါဖတ်တို့ဟာ အထူးအထွက်ကောင်း၍ တစ်နှစ်ပတ်လုံး ထွက်ရှိပါတယ်။ ထို့အပြင် ပဲမျိုးစုံတို့မှ ပဲခွံ၊ ပဲနှစ်များနှင့် နွေစပါး၊ မိုးစပါးတို့မှ ဆန်ကွဲနဲ့ ဖွဲများလည်း တစ်နှစ်ပတ်လုံးရရှိပါတယ်။ ထို့ကြောင့်ပေါများစွာရတဲ့ တိရစ္ဆာန်အစာများကို ပြည်တွင်း၌သုံး၍မကုန်က ပြည်ပသို့ပို့ခွင့်ပြုခြင်းဖြင့် တောင်သူများအတွက် သင့်တင့်မျှတသောသီးနှံတို့ရဲ့ဈေးကိုရရှိ၍ အကျိုးရှိလိမ့်မည်လို့ ယူဆပါတယ်။ ထို့အပြင် ပြည်ပမှ တိရစ္ဆာန်အစာကုန်ကြမ်းဖြစ်တဲ့ ပဲပုတ်ဖတ်တို့၊ ဖွဲနုများကို တင်သွင်းခြင်းဖြင့် နိုင်ငံတော်အတွက် အရေးကြီးတဲ့ကဏ္ဍမှာ အသုံးပြုရန်ရှိတဲ့ Earning Money Dollar များကို မလိုအပ်ဘဲ သုံးစွဲသလို ဖြစ်နေပါ၍ နိုင်ငံအတွက်လည်းအကျိုးမရှိ၊ တောင်သူများအတွက်လည်း သီးနှံဈေးနှုန်းများ လျော့ကျသွားစေနိုင်တဲ့အတွက် ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ပမှ ပဲပုတ်ဖတ်နှင့် ဖွဲနုများတင်သွင်းခွင့်ကို တားမြစ်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ၁၉၄၇ ခုနှစ်၊ သွင်းကုန်ထုတ်ကုန် ကြီးကြပ်ရေး(ယာယီ)အက်ဥပဒေအရထုတ်ပြန်ထားတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ သမဝါယမအသင်း များမှ ပြည်ပသို့တင်ပို့ခွင့်မပြုတဲ့ ကုန်ပစ္စည်းများစာရင်းမှာ ဆီကြိတ်ဖတ်အားလုံးနဲ့ ပုစွန်ဖွဲတို့ပါဝင် ပါတယ်။ ဆီကြိတ်ဖတ်နဲ့ပုစွန်ဖွဲများဟာ တိရစ္ဆာန်အစားအစာများ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ အသား၊ ငါးတိုးတက်ထုတ်လုပ်နိုင်ရေး အစီအစဉ်အရ မွေးမြူရေးဇုန်များ၊ ငါးမွေးကန်များတိုးချဲ့ မွေးမြူခြင်းများကို ထူထောင်ဆောင်ရွက်ခဲ့ပါတယ်။ ဆီကြိတ်ဖတ်များနှင့် ပုစွန်ဖွဲတို့ဟာ ပရိုတိန်း ဓာတ်ပါဝင်မှုမြင့်မားတဲ့ တိရစ္ဆာန်အစာများဖြစ်တဲ့အတွက် အသားတိုးထုတ်လုပ်တဲ့မွေးမြူရေးလုပ်ငန်း များမှာ မရှိမဖြစ်လိုအပ်လာသော တိရစ္ဆာန်အစားအစာများ ဖြစ်ပါတယ်။ ပဲပုတ်ဖတ်၊ နှမ်းဖတ်၊ ပဲဖတ်များ ပြည်တွင်းမှာ လွယ်လွယ်ကူကူဝယ်ယူရရှိခြင်းဖြင့် တိရစ္ဆာန်၊ ငါးပုစွန်မွေးမြူသူများ ဈေးနှုန်း သက်သက်သာသာနဲ့ မွေးမြူနိုင်ခြင်းဖြင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့တိုင်းဒေသကြီးများအတွင်း ငါးကန်ဧက ၂၁၈၇၄၆ ဧကနဲ့ ငါးမွေးမြူသူ ၁၉၄၅၀ ဦးရှိပါတယ်။ ထိုငါးမွေးမြူသူများဟာ ထုတ်လုပ်မှုစရိတ်မြင့်မားပြီး တွက်ခြေမကိုက်မှုများဖြစ်ပေါ်လျှင် ငါးမွေးမြူမှု များကျဆင်းသွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ပင်လယ်ငါးသယံဇာတလျော့နည်းလာတဲ့အချိန်မှာ မွေးမြူရေး Aquaculture တိုးမြှင့်ခြင်းဖြင့် ငါးပုစွန်မွေးမြူထုတ်လုပ်မှုအဆများစွာ တိုးချဲ့နိုင်တဲ့ အတွက် ၎င်းတို့ရဲ့ငါးထုတ်လုပ်မှုဟာ ကမ္ဘာမှာဒုတိယအဆင့်အထိ ထိန်းထားနိုင်တာကို တွေ့ရှိရပါ တယ်။
မြန်မာနိုင်ငံမှာလည်း သဘာဝသယံဇာတကို ရေရှည်မှာ အကန့်အသတ်ဖြင့် ထုတ်လုပ်လာ ရချိန်မှာ ငါးပုစွန်မွေးမြူမှု တိုးတက်ထုတ်လုပ်နိုင်မှသာ ရေထွက်ပစ္စည်း ပို့ကုန်ကဏ္ဍမကျဆင်းမှာဖြစ် ပါတယ်။ ဒီလိုတိုးတက်ထုတ်လုပ်နိုင်ဖို့အတွက် တိရစ္ဆာန်အစာဟာ ပိုမိုလိုအပ်မှာဖြစ်ပါတယ်။ ပြည်တွင်းပေါက်ဈေးများဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးများထက်မြင့်မားပါက ဈေးနှုန်းကြီးမြင့်ပြီး တွက်ခြေကိုက်မှုနည်းလာပါမယ်။ တစ်ဖက်ကလည်း တောင်သူလယ်သမားများရဲ့ လယ်ယာထွက်ကုန် များအား ကုန်ကြမ်းအဖြစ်ရောင်းချရခြင်းထက် ကုန်ချောအဖြစ်ရောင်းရပါက တောင်သူများရဲ့ဝင်ငွေ တိုးလာမှာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေးနှင့်လူနေမှုအဆင့်အတန်း မြင့်မားလာမှုတို့ကြောင့် ပြည်တွင်းစားသုံးမှုကဏ္ဍမှာ အသား၊ ငါးများစားသုံးမှုတိုးတက်လာမှု အြခေအနေအရလည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများရဲ့ သားငါးစားနပ်ရိက္ခာ လိုအပ်ချက်အခြေအနေအရလည်းကောင်း မြန်မာနိုင်ငံမှ အသားနှင့်ငါး ပြည်ပတင်ပို့မှုဈေးကွက် တိုးချဲ့ပြီး ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရန် အားပေးကြိုးပမ်းထုတ်လုပ်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ချမှတ်ကျင့်သုံးလျက်ရှိသည့် ပို့ကုန် အခြေခံမူမှာ မိမိ၏သဘာဝသယံဇာတနှင့် လူ့အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချလျက် ပြည်ပဈေးကွက်သို့ တိုးချဲ့ထိုးဖောက်ဝင်ရောက်ရန်နှင့် သမရိုးကျပို့ကုန်ပစ္စည်းများအပြင် တန်ဖိုးမြှင့် ကုန်ချောပစ္စည်းများကို တိုးချဲ့တင်ပို့ရေးကြိုးပမ်းရန်ဟုချမှတ် ဆောင်ရွက်နေပါတယ်။
တိရစ္ဆာန်အစားအစာဆီကြိတ်ဖတ်များကို ပြည်ပသို့ တင်ပို့ခွင့်ပြုခြင်းထက် တိရစ္ဆာန်အစာများ ကို ပြည်တွင်းမွေးမြူရေးလုပ်ငန်းမှာ ထိထိရောက်ရောက်အသုံးချပြီး အသားငါးထုတ်လုပ်မှုတိုးမြှင့်ကာ ပြည်တွင်းဈေးကွက်ပိုလျှံသမျှ သားငါးများကို ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် ပိုမိုအကျိုးရှိရှိ အသုံးချနိုင်မယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။ အခုအခါမှာ နိုင်ငံတော်အနေနဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ပီပီပြင်ပြင်ဆောင်ရွက်သွားမည်ဟု ရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက်ရှိရာ မိမိထုတ်လုပ် တဲ့ လယ်ယာထွက်ကုန်များပိုလျှံပြီး ပြည်ပဝယ်လိုအားရှိ၍ တင်ပို့နိုင်ခဲ့သလို အချို့သောနှစ်များမှာ လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် သီးနှံအထွက် ဆုတ်ယုတ်တဲ့အခြေအနေမျိုးဆိုရင်လည်း ပြည်တွင်းလိုအပ်ချက်အရ ပဲဖတ်၊ နှမ်းဖတ်များ ပြည်ပမှတင်သွင်းခဲ့ရခြင်းများလည်းရှိခဲ့ပါတယ်။ ဒါကြောင့် ဆီကြိတ်ဖတ်အပါအဝင် တိရစ္ဆာန်အစားအစာများကို ပြည်ပသို့တင်ပို့စေခြင်း၊ ပြည်ပမှ တင်သွင်းမှုကိုတားမြစ်စေခြင်းများကို ပုံသေမူဝါဒ ချမှတ်ဆောင်ရွက်ခြင်းထက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၏အကျိုး၊ ကြိတ်ခွဲထုတ်လုပ်သူ ဆီစက် ဆန်စက်ပိုင်ရှင်များ၏အကျိုး၊ ငါး၊ ပုစွန်မွေးမြူထုတ်လုပ်သူများ၏အကျိုးတို့အပြင် နှစ်စဉ်ပြည်တွင်းထုတ်လုပ်နိုင်မှု၊ ပြည်တွင်းသုံးစွဲမှု လိုအပ်ချက်တို့ကို ဘက်ပေါင်းစုံထည့်သွင်းတွက်ချက်၍ အခြေအနေအချိန်အခါအလိုက် သုံးသပ် ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားပါသည်။
