မြန်မာနိုင်ငံရဲ့ ပညာရေးမူဝါဒသဘောထား၊ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ ပါတီများရဲ့ သဘောထား လုပ်ငန်းစဉ်များနှင့်အညီ မသင်မနေရအခမဲ့မူလတန်းပညာရေးစနစ်ကို ပီပီပြင်ပြင်ဆောင်ရွက်သွားနိုင် ရေးကို ဦးထိပ်ထားပြီးတော့မှ မေးခွန်းမေးမြန်းသွားမှာဖြစ်ပါတယ်။ ယနေ့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်နယ် ပြည်မမခွဲခြားဘဲနဲ့ မူလတန်းပညာရေး အခမဲ့သင်ကြားမှု အခွင့်အလမ်းရရှိရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အချိန်မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ ပညာရေး ဝန်ထမ်းများ၊ ဆရာ ဆရာမများခန့်ထားမှုအခြေအနေနဲ့ ပညာရေးဝန်ထမ်းအချို့တို့ရဲ့ခံယူချက်လွဲမှားမှု တွေကြောင့် တိုင်းရင်းသားဒေသများမှာ မူလတန်းအခမဲ့ပညာသင်ကြားမှုအခွင့်အလမ်းဟာ နည်းပါး နေသေးသည်ကိုတွေ့ရှိရပါတယ်။ နယ်စပ်ဒေသမြို့နယ်များရဲ့ အခြေခံပညာမူလတန်းကျောင်းတွေမှာ ကျောင်းသားဦးရေ ဆရာအချိုးအရ မူလတန်းကျောင်းအုပ် ၁ ဦး၊ လက်ထောက်မူပြ ၁ ဦးသာခန့်ထား ပေးသဖြင့် သင်ကြားရေးလုပ်ငန်းများမှာ သူငယ်တန်းကနေပြီးတော့မှ စတုတ္ထတန်းအထိ အတန်းတွဲ ထိန်းစနစ်ဖြင့် သင်ကြားနေရတဲ့အတွက် မူလတန်းအချိန်ဇယားအရ အတန်း ၅ တန်းအတွက် စာသင်ချိန် ၄၀ ကို အတန်းစုံ၊ ဘာသာစုံသင်ကြားဖို့ရာအတွက် ဆရာဆရာမ ၂ ဦးတည်းနဲ့ ခက်ခက်ခဲခဲသင်ကြား ရတာစိစစ်တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ နယ်စပ်ဒေသမြို့နယ်များရှိ မူလတန်းကျောင်းများမှာ ပညာရေးမူအရ ကျောင်းသားနှင့် ဆရာအချိုးကို ပုံသေတွက်ချက်မှုမဟုတ်ဘဲ နဲ့ ကျောင်းအုပ် ၁ ဦးနှင့် မူလတန်းပြ ၂ ဦး အနည်းဆုံးခန့်ထားပေးခြင်းအားဖြင့် အခမဲ့ပညာသင်ကြားမှု အခွင့်အလမ်းဟာ ပိုမိုရရှိနိုင်လိမ့်မယ်လို့ယူဆပါတယ်။ ကျွန်တော်တို့ ပညာရေးစနစ်မှာ မူလတန်းအခြေခံပညာဟာ အင်မတန်အရေးကြီးတာဖြစ်ပါတယ်။ မူလတန်း အခြေခံအုတ်မြစ်ကောင်းမွန်စွာတတ်မြောက်ခြင်း အားဖြင့် အတန်းကူးပြောင်းမှု၊ အလယ်တန်းပညာတက်ရောက်သင်ကြားမှုနှုန်းဟာလည်းပဲ မြင့်တက် လာမှာ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်း မူလတန်းပညာအခမဲ့သင်ကြားခွင့်ရရှိရေးအတွက် ကျောင်းသုံး စာရေးကိရိယာများ သက်ဆိုင်ရာမြို့နယ်အထိ နိုင်ငံတော်မှ အခမဲ့ပို့ဆောင်နိုင်ရေးအတွက်လည်းပဲ လိုအပ်ပါတယ်။ သို့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ နယ်စပ်ဒေသမြို့နယ်များရှိ မူလတန်း ကျောင်းငယ်များမှာ မူလတန်းပြဆရာမ ခွဲဝေရာထူးတိုးချဲ့ခန့်ထားပေးနိုင်ရေးအတွက် အစီအစဉ် ရှိ၊ မရှိမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အခြေခံပညာဦးစီးဌာနအောက်ရှိ နယ်စပ် အကျုံးဝင်ဒေသများမှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်းများတွင် ဖွဲ့စည်းပုံအရ မူလတန်း ကျောင်းအုပ် ၁ ဦး၊ မူလတန်းပြဆရာ ၁ ဦး၊ အထွေထွေလုပ်သား ၁ ဦး၊ စုစုပေါင်း ၃ ဦးခန့်ထား ပေးလျက်ရှိပါတယ်။ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းများတွင် ဘာသာရပ်ဆရာလိုအပ်ချက်များအရလည်းကောင်း၊ တိုးတက် လာသော ကျောင်းသားဦးရေအရလည်းကောင်း၊ ကျောင်းသားနှင့် ဆရာအချိုးကိုတွက်ချက်ပြီးတော့ ဆရာများကို ထပ်မံခန့်အပ်ပေးထားလျက်ရှိပါတယ်။ ဒီလို ခန့်ထားပေးလျက်ရှိရာမှာ အခြေခံပညာ မူလတန်းကျောင်းများမှာရှိတဲ့ ကျောင်းသားဦးရေ ၅၅ ဦးနှင့်အောက်ရှိတဲ့ကျောင်းတွေမှာ ဆရာ ၂ ဦး ခန့်ထားပေးလျက်ရှိသော်လည်းပဲ ကျောင်းသားဦးရေ ၅၆ ဦးမှ ၈၅ ဦးရှိတဲ့ကျောင်းများမှာတော့ ဆရာ ၃ ဦး ခန့်ထားပါတယ်။ ကျောင်းသားဦးရေ ၈၆ ဦးမှ ၁၂၀ ဦးရှိတဲ့ အခြေခံပညာမူလတန်းကျောင်း တွေမှာ ဆရာ ၄ ဦးခန့်ထားပါတယ်။ ကျောင်းသားဦးရေ ၁၂၁ ဦးမှ ၁၅၅ ဦးရှိတဲ့ ကျောင်းများမှာ ဆရာဦးရေ ၅ ဦးခန့်ထားပါတယ်။ ကျောင်းသားဦးရေ ၁၅၆ ဦးမှ ၁၉၀ ဦးရှိတဲ့ အခြေခံပညာ မူလတန်းကျောင်းတွေမှာ ဆရာ ၆ ဦးခန့်ထားပေးလျက်ရှိတဲ့အတွက် ယနေ့အခါမှာ မူလတန်းပြရာထူး ခွင့်ပြု၊ ခွဲဝေဦးရေအရ တိုးချဲ့ခန့်ထားပေးရန်အစီအစဉ် လောလောဆယ် မရှိသေးပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
