စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တမူးခရိုင်မှာပါဝင်တဲ့ ခမ်းမမြို့နယ်ခွဲ၊ မြို့သစ် မြို့နယ်ခွဲနှင့် တမူးမြို့နယ်တို့ဟာ တစ်ဖက်အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိကြပါတယ်။ အဆိုပါနယ်နိမိတ်ချင်းထိစပ်နေတဲ့ ကျေးရွာများဟာ မိမိတို့နိုင်ငံရဲ့နယ်နိမိတ်များကို အကာအကွယ် ပေးနေတဲ့ စောင့်ရှောက်ပေးနေတဲ့ကျေးရွာများ တစ်နည်းအားဖြင့် လူသားတံတိုင်းအတားအဆီးများ ဖြစ်ကြပါတယ်။ အဆိုပါဒေသများကို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ ရရှိရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးမှသာလျှင် အဲ့ဒီဒေသက ပြည်သူ များဟာ ဒီဒေသမှာဆက်လက်နေထိုင်နိုင်ကြမှာဖြစ်ပြီးတော့မှ အဲ့သလိုမဆောင်ရွက်ပေးနိုင်ဘူးဆိုရင် မြို့နဲ့နီးစပ်ရာဒေသများသို့ ပြောင်းရွှေ့နေထိုင်လာသူများအဖြစ် မိမိတို့နိုင်ငံရဲ့နယ်မြေလုံခြုံရေးကို စောင့်ရှောက်နေတဲ့ အားနည်းချက်များတဖြည်းဖြည်းဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
မြို့သစ်မြို့နယ်ခွဲမှ ယာနိုးကျေးရွာ ဟာ နယ်စပ်မျဉ်းနှင့်နီးစပ်နေပြီး ချင်းတိုင်းရင်းသားများသာ နေထိုင်ကြတဲ့ ကျေးရွာဖြစ်ပါတယ်။ အဆိုပါကျေးရွာဟာ မြို့သစ်မြို့နယ်ခွဲမှ ၄ မိုင်ခန့်သာဝေးပြီးတော့မှ အဲ့ဒီကြားထဲမှာ ယူးချောင်းလို့ ခေါ်တဲ့ ယူးမြစ်ထဲကို စီးဆင်းသွားတဲ့ နန့်အယားချောင်းဆိုတာရှိပါတယ်။ ယာနိုးကျေးရွာဟာ အိမ်ခြေ ကလည်းနည်း၊ လူဦးရေကလည်း နည်းပါးတဲ့အတွက် ကျောင်းသားဦးရေကလည်း နည်းပါတယ်။ ဘယ်လိုမှ ကျောင်းသားဦးရေအရ မူလတန်းမဖြစ်နိုင်တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံတော်အကြီးအကဲများရဲ့ စေတနာကြောင့် ယခင်က အထက်ကဘော်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ မူလတန်းကျောင်းရရှိခဲ့ပါတယ်။ အဲ့ဒီဒေသမှ ကျေးရွာသူကျေးရွာသားများဟာ မြို့သစ်မြို့နယ်ခွဲနှင့် တမူးမြို့သို့လည်းကောင်း အဲ့ဒီဒေသက အလယ်တန်းနှင့် အထက်တန်းတက်ကြမယ့် ကျောင်းသား ကျောင်းသူများဟာ အဆိုပါ ချောင်းကိုဖြတ်ပြီးတော့မှ မြို့သစ်မြို့နယ်ခွဲကျောင်းကို နေ့စဉ်ကျောင်း တက်နေကြတာဖြစ်ပါတယ်။
ဆောင်းရာသီနှင့် နွေရာသီကာလ များမှာ ချောင်းကိုဖြတ်ကူးပြီး သွားနိုင်ကြသော်လည်းပဲ မိုးတွင်းကာလမှာတော့ ကူးတို့လှေဖြင့်သာ ဖြတ်ကူး သွားလာနိုင်ကြပါတယ်။ မိုးများရင်တော့ သွားလာ၍မဖြစ်နိုင်ဘဲ သွားလာရေးများ ပြတ်တောက် သွားတတ်ပါတယ်။ တစ်ခါတစ်ရံ လှေများမှောက်ပြီး ပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများလည်းပဲ ဒုက္ခရောက်ကြောင်းသိရှိရပါတယ်။ ဒေသခံပြည်သူများကလည်းပဲ အဆိုပါ ချောင်းကိုဖြတ်ကူးမည့် တံတား ၁ စင်းတည်ဆောက်ပေးစေလိုတဲ့ ဆန္ဒများရှိနေကြပါတယ်။ ဒေသခံ တိုင်းရင်းသားများကလည်း ကိုယ်ထူကိုယ်ထဆောက်ခဲ့ဖူးကြောင်းနှင့် ရေကြီးမှုကြောင့် ရေထဲမျောပါခဲ့ ပြီး နောက်ထပ် ထပ်မံမတည်ဆောက်နိုင်တော့ကြောင်း သိရပါတယ်။ အဆိုပါတံတားအား ခိုင်ခိုင်ခံံ့ခံ့ တည်ဆောက်ပေးမည်ဆိုပါက ဒေသခံပြည်သူများအနေဖြင့် များစွာဝမ်းသာပြီး နိုင်ငံတော်အပေါ် ကျေးဇူးတင်မဆုံး ရှိနေကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတိုင်းရင်းသားများရဲ့ကိုယ်စား အောက်ပါ မေးခွန်းအား မေးမြန်းအပ်ပါတယ်။ မြို့သစ်မြို့နယ်ခွဲ ယာနိုးကျေးရွာ ချောင်းကူးတံတားအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ ရှိပါက မည်သည့်အချိန်တွင် မည်သို့စီစဉ်ဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် မြို့သစ်မြို့နယ်ရှိ ယာနိုးကျေးရွာသို့သွားသော ယူးချောင်းတံတားအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ရှိပါကမည်သည့်အချိန်တွင် မည်သို့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိလိုပါ သည်ဆိုတဲ့မေးခွန်းကို ဖြေကြားသွားမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းမှာရှိတဲ့ ယာနိုးကျေးရွာမှ မြို့သစ်မြို့ကျေးရွာကိုသွားလာရာမှာလည်းကောင်း၊ တမူးမြို့ကိုသွားရာမှာလည်း ကောင်း ယူးချောင်း (ခ) နန့်အယားချောင်းအား ဖြတ်သန်းသွားလာရတာ ဖြစ်ပါတယ်။ ဒီလိုသွားလာ ရာမှာ ချောင်းကူးတံတားမရှိတာကြောင့် မိုးရာသီရေကြီးချိန်များတွင် လက်ထိုးလှေကို အသုံးပြု သွားလာနေရတဲ့အတွက် ကျောင်းသား ကျောင်းသူများ၊ ဒေသခံ ပြည်သူများအတွက် အခက်အခဲများ ကြုံတွေ့နေကြောင်း စိစစ်သိရှိရပါတယ်။ တမူးခရိုင်ရှိ မြို့သစ်မြို့နယ်ခွဲ စည်ပင်သာယာရေးအဖွဲ့ အနေနဲ့လည်းပဲ ရန်ပုံငွေနည်းပါးခြင်း၊ ချောင်းတစ်ဖက်ကမ်းမှာ ယာနိုးကျေးရွာတစ်ရွာသာရှိခြင်းတို့ ကြောင့် ချောင်းကူးတံတားတည်ဆောက်ပေးရန် အခက်အခဲရှိကြောင်းလည်းပဲ သိရှိရပါတယ်။ ကျေးရွာဟာ တစ်ဖက်နိုင်ငံနဲ့ဆက်စပ်လျက်ရှိပြီးတော့ အမိမြန်မာနိုင်ငံရဲ့ နိုင်ငံနယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ကျေးရွာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒေသခံတိုင်းရင်းသားများက လည်းပဲ ယူးချောင်းတံတားတည်ဆောက်ပေးရန် လိုလားလျက်ရှိပြီးတော့ မြို့သစ်မြို့နယ်ခွဲအနေနဲ့ အိမ်ထောင်စု ၅၆၅ စုနှင့် လူဦးရေ ၂၅၀၀ ကျော်ကို အကျိုးပြုသွားမည် ဖြစ်ကြောင်းသိရှိရပါတယ်။ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲဟာ ကဘော်ချိုင့်ဝှမ်းဒေသမှာရှိပြီးတော့ ချင်း၊ ဗမာ၊ ရှမ်းတိုင်းရင်းသား အများစုနေထိုင်ကြပြီးတော့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော ဒေသတစ်ခုဖြစ်ပါတယ်။ နယ်စပ် ဒေသမှာရှိတဲ့ တိုင်းရင်းသားများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းပဲ နယ်ြမေတည်ငြိမ် ရေးနှင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးဟာ အဓိကဖြစ်ကြောင်း ခံယူအပ်ပါတယ်။ မြို့သစ် မြို့နယ်ခွဲအတွင်းမှာ ယူးချောင်းနေရာမှာ ကွန်ကရစ်တံတားတည်ဆောက်ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို စစ်ကိုင်း တိုင်းဒေသကြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီကနေ ပြီးခဲ့တဲ့ ၂၄-၇-၂၀၁၂ ရက်နေ့တွင် ပဉ္စမ ကာလတို ၅ နှစ်စီမံကိန်းမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် လိုသောလုပ်ငန်းအဖြစ် တင်ပြခဲ့ပြီးလည်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ တမူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းသွားတဲ့မေးခွန်းအပေါ်မှာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ ပဉ္စမကာလတို ၅ နှစ် အမျိုးသား စီမံကိန်းရဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ယူးချောင်းတံတားကို ကွန်ကရစ်တံတား ၁၂၀ ပေ ဆောက်လုပ်ရန်အတွက် ငွေကျပ် ၁၂၀ သန်းအား အဆိုပြုလျာထားခဲ့ပြီး ဖြစ်ကြောင်းနှင့် အဆိုပါ ရန်ပုံငွေခွင့်ပြုချက်ရရှိပါက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီအနေနဲ့ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
