ကနေ့အချိန်အခါ ဟာမူလတန်းပညာကို အခမဲ့မသင်မနေရ ပြဋ္ဌာန်းဆောင်ရွက်နေတဲ့အချိန်ဖြစ်ပါတယ်။ အခုလို မူလတန်းပညာကို အခမဲ့မသင်မနေရဆောင်ရွက်နေတဲ့အချိန်မှာ ကလေးသူငယ်များ မူလတန်းပညာ တတ်မြောက်ဖို့အတွက် အခြေခံပညာမူလတန်းကျောင်းမရှိတဲ့ ကျေးရွာတွေမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဖွင့်လှစ်ပြီး သင်ကြားလျက်ရှိကြပါတယ်။ အခြေခံပညာမူလတန်းကျောင်း ရှိပေမယ့်လည်း ဆင်းရဲချို့တဲ့တဲ့ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြပါတယ်။ သင်ကြားတဲ့နေရာမှာလည်း ပဲမူလတန်းပညာအဆင့်သာမက မူလွန်ကျောင်းအဆင့်ထိ ဖွင့်လှစ်ပြီး သင်ကြားလျက်ရှိတာကိုတွေ့ရှိ ရပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ အချို့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွေမှာကျောင်းသားဦးရေဟာ ၁၀၀ ကျော်အထိ သင်ကြားပို့ချလျက်ရှိတာကို တွေ့ရှိရပါတယ်။ ကျောင်းသားဦးရေများပြားတဲ့အတွက် ဥပဓိရုပ်ကောင်းတဲ့ ကျောင်းဆောင်များရှိသော်လည်း ဆရာ၊ ဆရာမများကို ထောက်ပံ့မှုပေးပြီးသင်ကြားနေကြရတာကိုလည်း တွေ့ရှိရပါတယ်။ ဆင်းရဲချို့တဲ့တဲ့ ကလေးများဖြစ်လို့ ဗလာစာအုပ်၊ ခဲတံ၊ ပေတံစတဲ့ စာရေးကိရိယာများထောက်ပံ့ပေးတဲ့အပြင် စာသင်ခုံပရိဘောဂများကိုလည်း ဒကာ၊ ဒကာမများအကူအညီနဲ့ အလှူခံပြီး ကလေးသူငယ်များ ပညာတတ်မြောက်ရေးကို အလေးထားသင်ကြားပေးနေကြတာကို လေ့လာတွေ့ရှိရပါတယ်။ အခု ကျင်းပနေတဲ့ ပထမကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးရဲ့ စနေ၊ တနင်္ဂနွေနားရက်မှာ ကျွန်တော်တို့ ကသာခရိုင်မှ လွှတ်တော်ကိုယ်စားလှယ်တွေ သပြေကုန်းဈေးရောက်စဉ်မှာ ကားတစ်စီး ပေါ်မှာ အသံချဲ့စက်တင် ဆော်သြပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသူ၊ ကျောင်းသား များအား ထောက်ပံ့ဖို့အလှူခံနေတဲ့အဖွဲ့တွေနဲ့တွေ့တဲ့အတွက် အလှူငွေများထည့်ဝင်သမှုပြုခဲ့ကြပါ သေးတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကနေ့အချိန် အခါမှာ အချို့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဟာ ပညာသင်နှစ်ကြာလာတာနဲ့အမျှ စာရေး ကိရိယာ၊ ပရိဘောဂ စာသင်ခုံနဲ့ ထောက်ပံ့ပေးရတဲ့ ဆရာ၊ ဆရာမများအတွက် အခက်အခဲများ တွေ့ကြုံနေရခြင်း၊ ပညာရေးဌာနကလေ့ကျင့် ပေးထားတဲ့ ဆရာ၊ဆရာမများနဲ့ မိမိရဲ့သားတပည့်တွေကို သင်ယူစေလိုခြင်းတို့ကြောင့် ပညာရေးဌာနကို လွှဲအပ်ပေးဖို့ဆန္ဒရှိကြပါတယ်။ အကယ်၍ လွှဲအပ်ပေး မယ်ဆိုရင် လက်ရှိသင်ကြားနေတဲ့ ကျောင်းအဆင့်နဲ့လက်ခံနိုင်မယ့် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်။ လက်ခံနိုင်မယ့်အစီအစဉ်မရှိဘူးဆိုပါက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဆက်လက်ရပ် တည်နိုင်ဖို့အတွက် ကျောင်းသားအရေအတွက်ပေါ်မူတည်ပြီး ထောက်ပံ့မှုများပေးနိုင်မယ့် အစီအစဉ် ရှိ၊မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
နံပါတ်(၁)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွင့်လှစ်ရေးကိစ္စများကို သာသနာရေးဝန်ကြီးဌာန ကစိစစ်ဆောင်ရွက်လျက်ရှိပြီး ပညာရေးဌာနက အဆိုပါကျောင်းများသို့ တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှုနှင့် ပညာရည်စစ်ဆေးတိုင်းတာမှုလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ရန် အနီးဆုံးအဆင့်တူအခြေခံပညာကျောင်း သို့မဟုတ် တစ်ဆင့်မြင့်အခြေခံပညာ ကျောင်းများအား ပင်မကျောင်းအဖြစ် သတ်မှတ်တာဝန်ပေးအပ်ထားပါတယ်။ နံပါတ်(၂)အနေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် အဆိုပါအခြေခံပညာကျောင်း၏ သင်ကြားရေးတွဲဖက်ကျောင်း ဖြစ်သဖြင့် အတန်းစဉ်အလိုက် ရက်သတ္တပတ်သင်ချိန်ဇယား ရေးဆွဲသတ်မှတ်ပေးခြင်း၊ လအလိုက် သင်ကြားရမည့် လပိုင်းမာတိကာများ သတ်မှတ်ပေးခြင်း၊ သင်ကြားသင်ယူမှုလုပ်ငန်းများကို အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးခြင်း၊ အခန်းဆုံးစစ်ဆေးမှု၊ နှစ်ဝက်ဆုံးစစ်ဆေးမှုများအတွက် ပင်မကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဘာသာပြဆရာ၊ ဆရာမများက မေးခွန်းပြုစုပေးခြင်း၊ အဖြေလွှာ စစ်ဆေးခြင်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ နံပါတ်(၃)ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှ ကျောင်းသား၊ ကျောင်းသူတစ်ဦးသည် သက်ဆိုင်ရာအတန်းတစ်တန်းအတွက် ပညာ သင်ယူမှုပြီးမြောက်ချိန်တွင်ဖြစ်စေ၊ ပညာသင်နှစ်မကုန်ဆုံးမီဖြစ်စေ၊ ပင်မကျောင်းသို့ ပြောင်းရွှေ့ တက်ရောက်လိုပါက သတ်မှတ်ပေးထားသည့် ကျောင်းထွက်လက်မှတ်(Transfer Certificate) တွင်ဖြည့်စွက်ပြုစုပေး၍ လွှဲပြောင်းပေးနိုင်ပါတယ်။ နံပါတ်(၄)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များသည် အခြေခံပညာကျောင်းများ၏ သင်ကြားရေးလုပ်ငန်းများကို မျှဝေတာဝန်ယူသည့်အနေဖြင့် ပညာသင်ယူရန်အခက်အခဲရှိသည့် ဒေသခံကလေးငယ်များအား ပညာသင်ယူခွင့်ရရှိနိုင်ရန် စီစဉ် ဖွင့်လှစ်ပေးသည့် ပရဟိတလုပ်ငန်းတစ်ရပ်အဖြစ် ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ လက်ရှိ ပညာသင်ယူနေသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ပညာရေးဝန်ကြီးဌာနက လွှဲပြောင်း လက်ခံယူရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ နံပါတ်(၅)သို့ပါ၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အခြေခံပညာကျောင်းများသို့ ပြောင်းရွေ့တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်သူများအား အခြေခံပညာကျောင်းများမှ အတန်းစဉ်မပျက် လက်ခံသင်ကြားပေးနိုင်ပါကြောင်း နှင့် အဆိုပါကျောင်းများအား အခြေခံပညာကျောင်းအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
