တရားစီရင်ရေး ကိစ္စမေးခွန်းကို လွန်ခဲ့တဲ့အောက်တိုဘာလ ၂၅ ရက်နေ့က မေးမြန်းရာမှာ ကျွန်တော်ဟာ တရား စီရင်ရေးအဖွဲ့ပေါ်မှာ မကောင်းမြင်ဝါဒအရ ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းတဲ့ လူဆိုတဲ့ စွပ်စွဲချက်များ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးကလည်း တင်ပြမေးမြန်းချက် များဟာ တရားရုံးအားလုံးက အဂတိလိုက်စားနေတယ်လို့ ထင်ရောင် ထင်မှားဖြစ်စေပါတယ်ဆိုပြီး သုံးသပ်ပြောဆိုဖြေကြားသွားတာ အားလုံးအသိပဲဖြစ်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၂၀ နောက်ကျောဖုံး ထိပ်ပိုင်းမှာလည်း မြေပြင်သတင်းအရ ကြားသိရသည်ဆိုသည်မှာ တစ်ဆင့်ကြားသတင်းဖြစ်သည့်အတွက် မှန်ကန်သည့်သတင်းဟု မပြောနိုင်ဟု စာလုံးမဲကြီးဖြင့် ဖော်ပြထားတာကိုလည်း တွေ့ရပြန်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြပါတယ်။ ပြည်သူများရဲ့ လက်တွေ့ဘဝခံစားရတဲ့ အြခေအနေမှန်များကို လွှတ်တော်သို့ ပြန်လည် တင်ပြရမယ်ဖြစ်တဲ့အတွက် တစ်ဆင့်ကြားသတင်းများ ဖြစ်နေမှာတော့ ဧကန်ပဲဖြစ်ပါတယ်။ တရားခွင်မှာတော့ သက်သေခံဥပဒေအရ တစ်ဆင့်ကြား သက်သေခံချက် Hear Say evidence ကို လက်ခံခြင်း မပြုရန် တားမြစ်ထားပါတယ်။ သက်သေခံဥပဒေပုဒ်မ ၆၀ မှာ နှုတ်သက်သေခံချက်သည် တိုက်ရိုက်ဖြစ်စေရမည်။ Oral evidence must be direct လို့ ပြဋ္ဌာန်းသတ်မှတ်ထားတာ သင်ကြားခဲ့ဖူးပါတယ်။ ဒါတောင် ချွင်းချက်အဖြစ်နဲ့ သက်သေခံဥပဒေပုဒ်မ ၃၂ ရှိပါသေးတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အြခေခံ ဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(က)အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ သတိပေးလမ်းညွှန်ချက်အရ လည်းကောင်း၊ နိုင်ငံတော်အစိုးရဆိုတာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍများမှာ ပါဝင်ဆက်စပ်နေသူများအားလုံး အကျုံးဝင်တယ်လို့ အဓိပ္ပာယ်သက်ရောက်တာကို နားလည်ခံယူ ထားပါတယ်။ အဲဒီနိုင်ငံတော်အစိုးရဆိုတဲ့ ဝေါဟာရထဲမှာ တရားစီရင်ရေးပါ ပါဝင်နေတဲ့အတွက် တရားစီရင်ရေးအဂတိလိုက်စားမှု မကင်းစင်သမျှ Good Governance, Clean Government ဘယ်လိုမှ ကျွန်တော်တို့ နိုင်ငံမဖြစ်နိုင်သေးဘူးလို့ ခံယူပြီး ပြည်သူအားလုံးက တရားစီရင်ရေး ကဏ္ဍပေါ်မှာ ယုံကြည်လေးစား အားထားကြည်ညိုဖြစ်စေလိုတဲ့ ဆန္ဒဇောနဲ့ တင်ပြမေးမြန်းခြင်း စိတ်ရင်းအမှန်ဖြစ်ပါတယ်ခင်ဗျား။ ဖြောင့်တဲ့သစ်ပင် တက်ရခက်၊ မှန်တဲ့စကားနားထောင်ရခက်ဖြစ် တယ်ဆိုရင်လည်း ခွင့်လွှတ်ဖို့ တောင်းပန်အပ်ပါတယ်။ ယခုလည်း တစ်ဆင့်ကြားစကား ြမေပြင် သတင်းကိုပဲ တင်ပြမေးမြန်းဦးမှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တရားရုံး အဆင့်ဆင့်တို့ဟာ သတင်းမီဒီယာအဖွဲ့များကို တရားရုံးအတွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်း၊ ပြင်ပမှာ ဓာတ်ပုံမှတ်တမ်း၊ ဗွီဒီယိုမှတ်တမ်းများ ဆောင်ရွက်ခြင်းကိုပင် ခွင့်မပြုဘူးလို့ ကြားသိရပါတယ်။ အဲဒီသတင်းမီဒီယာအဖွဲ့များကို ဝင်ရောက်လေ့လာခွင့် အကဲဖြတ်သုံးသပ်ခွင့် မှတ်တမ်းတင်ခွင့်မပြု ခြင်းဟာ တရားရုံးများအနေဖြင့် သတင်းအမှောင်ချကာ အဂတိလိုက်စားမှုများရှိခြင်း၊ ပွင့်လင်း မြင်သာမှုမရှိခြင်းနှင့် အမှန်တရားနဲ့ကင်းကွာတဲ့ ဆုံးဖြတ်ချက်များကို ဖြစ်ပေါ်စေနိုင်ခြင်းစတဲ့ အကျိုးဆက်များကို ဆောင်ရွက်နိုင်ဖို့ ကန့်သတ်ခြင်းလို့ ထင်မြင်ယူဆဖွယ်ရာဖြစ်ပါတယ်။ ဒီမိုကရေစီ ဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ တရားရုံးများကိုယ်တိုင်က မီဒီယာသတင်းထောက်များ ခန့်ထားတာဝန်ပေးပြီး ၎င်းတို့ရဲ့ ပွင့်လင်းမြင်သာမှု၊ ဖြောင့်မတ်မှန်ကန်မှုကို ပြသနေကြတယ်လို့ လေ့လာသိရှိရပါတယ်။ လွတ်လပ်စွာ တရားစီရင်ရေးဆိုတဲ့ မူကိုလည်း အလေးအနက်ထားကြောင်း ပေါ်လွင်စေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တရားရုံးအဆင့်ဆင့်သို့ သတင်း မီဒီယာများ ဝင်ရောက်လေ့လာမှတ်တမ်းတင်ခြင်းအား တားမြစ်ကန့်သတ်သည့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များ ရှိ၊ မရှိ သိလိုပါတယ်။ ရှိပါက ခေတ်စနစ်နဲ့အညီ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ရန် အစီအစဉ် ရှိ၊ မရှိ ရှင်းလင်းဖြေကြားပေးပါရန်နှင့် မည်သည့် အတွက်ကြောင့် ကန့်သတ်တားမြစ်ထားသည်ကို သိလိုကြောင်း မေးမြန်းပါသည်။
မေးမြန်းတဲ့မေးခွန်းနဲ့ စပ်လျဉ်းပြီးတော့ ဖြေကြားသွားမှာဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့ မြဖေခင်မှာ ကိုယ်စားလှယ်တော်ကြီး ဦးသန်းထွန်းတင်ပြသွားတဲ့ ပြီးခဲ့တဲ့အပတ်က ဖြေကြားချက်နဲ့ ပတ်သက်ပြီးတော့မှ ပြန်လည်ရှင်းလင်းတင်ပြရမယ်ဆိုရင် ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ တင်ပြချက်က ကိုယ်စားလှယ်တော်ကြီးရဲ့ မေးမြန်းချက်မှာ တရားရုံးအဆင့်တိုင်းမှာ ဖန်ကွက်တွေ ရှိနေတယ်။ ဖန်ကွက်ဆိုတာကတော့ ကျွန်တော်တို့ လုပ်ကြံဖန်တီးပြီးတော့ စားတဲ့တရားရုံးများက အဂတိလိုက်စား နေတယ်ဆိုတယ်လို့ ပြောဆိုခြင်းဖြစ်ပါတယ်။ အဲဒါ ကျွန်တော်တို့ တင်ပြချင်တာက ဒီလို တင်ပြတာဟာ တရားရုံးအားလုံးက အဂတိလိုက်စားနေတယ်လို့ အဓိပ္ပာယ်ပေါ်ပေါက်နေတဲ့ အတွက် ဒီလို အားလုံးက လိုက်စားတာ မဟုတ်ဘူးဆိုတဲ့အကြောင်း ကျွန်တော်တို့ ပြန်လည် ရှင်းလင်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီတင်ပြချက်များအပေါ်မှာ မျက်စိမှိတ်ပြီးတော့ကာ ငြင်းဆိုခြင်း မဟုတ်ဘဲ မှန်ကန်တဲ့ စွပ်စွဲချက်များကိုလည်းပဲ မှန်ကန်တဲ့အလျောက် လက်ခံမှုရှိပါတယ်။ လက်ခံပြီးတော့ ပြုပြင်သင့်သည်များကို ပြုပြင်ပြီးတော့ အရေးယူခဲ့တာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ငြင်းဆိုတာကတော့ တရားရုံးအားလုံးမှာ တရားသူကြီးတစ်ယောက်မကျန် လာဘ်စား နေတာမဟုတ်ပါဘူး။ လာဘ်စားတဲ့တရားသူကြီးတစ်ယောက်တလေ ရှိနိုင်ပါတယ်။ ဒါကို ရှိနိုင် ပါတယ်လို့ တင်ပြခြင်းဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်ရဲ့ တင်ပြချက်ကို အဓိပ္ပာယ်ကောက်ယူမှု နည်းနည်းလေးလွဲချော်တဲ့အတွက် ဒီလိုတင်ပြခြင်းကို သတိမမူခဲ့တာလို့ ထင်မြင်ပါကြောင်း ဦးစွာ ရှင်းလင်းတင်ပြလိုပါတယ်။
ဆက်လက်ပြီးတော့ ဒီနေ့ မေးမြန်းတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ ဖြေကြားရမယ်ဆိုရင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉ ပုဒ်မခွဲ(ခ)နဲ့ ပြည်ထောင်စု တရားစီရင်ရေးဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်များမှာ ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူလူထုရှေ့မှောက်တွင် တရားစီရင်ရေးဆိုတဲ့ တရားစီရင်ရေးမူတစ်ရပ်ကို ကျွန်တော်တို့ ဖော်ပြ ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ ကလေးသူငယ်တွေနဲ့ ကလေးသူငယ်သက်သေအဖြစ်ပါဝင်တဲ့ အမှုများ၊ အဓမ္မပြုကျင့်ခြင်းခံရသူ အမျိုးသမီးများကို တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အရ တံခါးပိတ်စစ်ဆေးတဲ့ အမှုတွေနဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတဲ့ တရားခံများကို ဥပဒေအရ သီးသန့်တရားရုံးမှာ စစ်ဆေးတဲ့အမှုများမှအပ တရားရုံးအဆင့်ဆင့် စစ်ဆေးစီရင်တဲ့အမှုများကို အမှုစစ်တရားသူကြီးရဲ့ ခွင့်ပြုချက်အရ တရားခွင်စည်းကမ်းချက်များနှင့် အညီ မည်သူမဆို ဝင်ရောက်လေ့လာနိုင်ပါကြောင်း ဦးစွာ ဖြေကြားအပ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားရုံးများကို သတင်းမီဒီယာအဖွဲ့များကို ဝင်ရောက်ခွင့်အား တားမြစ်ကန့်သတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များမရှိပါ။ သို့သော်လည်းပဲ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၈ မှာ တရားစီရင်မှုဆောင်ရွက်နေစဉ်မှာ အနှောင့်အယှက်မဖြစ်အောင် ပြဋ္ဌာန်းထားတဲ့ တားမြစ်ထားတဲ့ အချက်များရှိတဲ့အတွက် တရားရုံးက စစ်ဆေးတဲ့အမှုအခင်းများကို သတင်းမီဒီယာ များအပါအဝင် မည်သူမဆို ဝင်ရောက်လေ့လာနိုင်ပေမယ့်လို့ တရားစီရင်မှုကို အနှောင့်အယှက် မဖြစ်စေရန်နှင့် တရားခွင်စည်းကမ်းများကို လိုက်နာဖို့လိုအပ်ကြောင်းကိုတော့ သတိပြုရမှာဖြစ်ပါ တယ်။ ဒါကြောင့် တရားရုံးကို ကြီးကြပ်သူတရားသူကြီးက တရားစီရင်မှုကို အနှောင့်အယှက်မဖြစ်စေ ရန်နှင့် တရားခွင်စည်းကမ်းထိန်းသိမ်းရန် လိုအပ်မယ်လို့ ယူဆလို့ရှိရင် မည်သူ့ကိုမဆို တရားရုံး အတွင်းမှာ ဝင်ရောက်ခြင်း၊ ဓာတ်ပုံ ဗွီဒီယိုမှတ်တမ်းတင်ခြင်းများကို တားမြစ်ကန့်သတ်နိုင်ကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီးတော့ တင်ပြရမယ်ဆိုရင် တရားရုံးအဆင့်ဆင့်ရှိ စစ်ဆေးဆဲအမှုများ နှင့်စပ်လျဉ်းပြီးတော့ ဓာတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုမှတ်တမ်းတင်ခြင်းကို ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ အများအပြားက တရားဝင်ခွင့်ပြုထားခြင်း မရှိကြောင်း လေ့လာသိရှိရပါတယ်။ ပြည်ပနိုင်ငံများကို စေလွှတ်ခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်များကလည်း အမှုစစ်ဆေးဆဲတရားရုံးများကို ဝင်ရောက် လေ့လာတဲ့အခါမှာ ကင်မရာများနဲ့ အသံဖမ်းစက်များကို အသုံးမပြုရန် တားမြစ်ထားတဲ့အတွေ့အကြုံ များလည်း ရှိကြပြီးဖြစ်ပါတယ်။ ဒီမိုကရေစီရင့်သန်ဖွံ့ဖြိုးတဲ့နိုင်ငံများမှာတောင်မှပဲ တရားရုံးအတွင်းမှာ အမှုစစ်ဆေးနေစဉ်အတွင်းမှာ ဓာတ်ပုံရိုက်ခြင်း၊ အသံဖမ်းခြင်း၊ လွှင့်ထုတ်ခြင်းတို့ကို မပြုလုပ်ရ ကြောင်း နည်းဥပဒေများ၊ ညွှန်ကြားချက်များနဲ့ ပြဋ္ဌာန်းထားတာကို ကျွန်တော်လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံများမှ ကမ္ဘာအနှံ့ထုတ်ဝေဖြန့်ချိတဲ့ စာနယ်ဇင်းများကို ကြည့်မယ်ဆိုလို့ရှိရင် ဒီတရားခွင်မြင်ကွင်းနဲ့ တရားခံရဲ့ရုပ်ပုံတွေကို ဓာတ်ပုံများနဲ့ ဖော်ပြခြင်းမရှိဘဲနဲ့ ပန်းချီကာတွန်းပုံများ နဲ့ဖော်ပြလေ့ရှိကြောင်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အြခေခံဥပဒေပုဒ်မ ၃၇၅ မှာ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူတစ်ဦးသည် ဥပဒေနဲ့အညီ ခုခံချေပ ခွင့်ရှိရမယ်လို့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးတစ်ရပ်အဖြစ် ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ တရား ဥပဒေရဲ့အမြင်မှာတော့ စီရင်ပိုင်ခွင့်ရှိတဲ့တရားရုံးက ပြစ်မှုထင်ရှားစီရင်ခြင်းမပြုသေးသမျှ စွပ်စွဲခံရ သူတစ်ဦးဟာ အပြစ်ကင်းစင်သူလို့ မှတ်ယူရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းကျင့်ဝတ် မှာလည်း စွပ်စွဲခံရသူတစ်ဦးဦးကို စီရင်ပိုင်ခွင့်ရှိသူတရားရုံးက ပြစ်မှုထင်ရှားစီရင်ခြင်း မပြုသေးသမျှ ကာလပတ်လုံး အပြစ်ကင်းစင်သူတစ်ယောက်အဖြစ် သဘောပိုက်ရမည်ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။ ဒါကြောင့် တရားရုံးစစ်ဆေးတဲ့ တရားခံနဲ့ အမှုသည်များကိုဖြစ်စေ၊ တရားရုံးအမှုကိုဖြစ်စေ၊ ဓာတ်ပုံဗွီဒီယိုမှတ်တမ်းတင်ရိုက်ကူးခြင်းကို ခွင့်ပြုမယ်ဆိုလို့ရှိရင် နိုင်ငံသားတစ်ဦးရဲ့ ဂုဏ်သိက္ခာကို ထိပါးရာ ရောက်မယ့်အပြင် ဥပဒေအရ ရရှိမယ့်လူ့အခွင့်အရေးကိုလည်း ထိပါးရာရောက်မှာဖြစ် ပါတယ်။ ဒါကြောင့် တရားစီရင်မှုဖြောင့်မတ်ရေး၊ တရားခွင်လုံခြုံရေးနဲ့ စည်းကမ်းသေဝပ်ရေးကို တာဝန်ယူထားရတဲ့ အမှုစစ်တရားသူကြီးက သတင်းမီဒီယာအဖွဲ့များကို တရားရုံးအတွင်း ဝင်ရောက် ခွင့်မပြုခြင်းကြောင့် တရားရုံးများအား အမှောင်ချကာ အဂတိလိုက်စားမှုများ ရှိနေတယ်။ ပွင့်လင်း မြင်သာမှုမရှိဘူး။ အမှန်တရားနဲ့ကင်းကွာတဲ့ ဆုံးဖြတ်ချက်များကို ဖြစ်ပေါ်စေနိုင်တဲ့ ထင်မြင် ယူဆမှုများရှိတယ်ဆိုတဲ့ ဝေဖန်ချက်ဟာဆိုရင် တရားရုံးက အမှုသည်များကို တရားလို တရားခံများ သက်သေများရဲ့ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးစသည်တို့အတွက် ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်တယ်ဆိုတာကို သတိမပြုဘဲနဲ့ တရားရုံးရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းရာရောက်အောင် စွပ်စွဲရာရောက် နိုင်တဲ့အတွက် လျော်ကန်သင့်မြတ်မှုမရှိပါကြောင်း တင်ပြအပ်ပါတယ်။
အချုပ်အားဖြင့် တင်ပြရမယ်ဆိုရင် သက်ဆိုင်ရာ အမှုစစ် တရားသူကြီးရဲ့ ခွင့်ပြုချက်အရ တရားခွင်စည်းကမ်းချက်များနှင့်အညီ မည်သူမဆို တရားရုံးကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ အဲဒီလို ဝင်ရောက်လေ့လာစဉ်မှာလည်း တရားစီရင်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ အမှုသည်များရဲ့ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးကို ထိခိုက်နစ်နာစေနိုင်တဲ့ ဓာတ်ပုံဗွီဒီယိုမှတ်တမ်းတင်ခြင်းကိုသာ ခွင့်မပြုခြင်းအပေါ်မှာ အထင်အမြင်လွဲမှားရန် အကြောင်းမရှိပါကြောင်း တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အမှန်အားဖြင့် တင်ပြရမယ်ဆိုရင် သတင်းမီဒီယာအဖွဲ့များနဲ့ တရားရုံးများရဲ့ အကြားမှာ မည်သည့်အခါကမှ ပြဿနာတစ်စုံတရာဖြစ်ပွားခဲ့ဖူးခြင်း မရှိပါကြောင်းနှင့် ယခု၌လည်း မည်သည့်ပြဿနာမှ မရှိပါကြောင်း ဖြေကြားပါသည်။
