ရှမ်းပြည်နယ်အစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များနဲ့ ပြည်နယ်လွှတ်တော်ရဲ့ ဥပဒေပြုလုပ်ငန်းစဉ် များပီပြင်ထင်သာသည့် ဆောင်ရွက်မှုများမတွေ့ရသေးခင် ပြည်သူများ အားမလိုအားမရဖြစ်နေကြ ပါတယ်။ ပြည်နယ်အရေးနဲ့ တိုက်ရိုက်ပတ်သက်နေသည်ဟုယူဆရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့တပ်မတော်တို့ရဲ့ လက်နက်ကိုင်ပဋိပက္ခကိစ္စ ပြည်သူများအထူးစိတ်ဝင်စားလျက် ရှိပြီး အမြန်ဆုံးပြေလည်မှုရရှိရန် လိုလားတောင့်တလျက်ရှိကြပါတယ်။ ပြည်နယ်အစိုးရအနေဖြင့် မည်ကဲ့သို့ဆက်လက်ဆောင်ရွက်နေသည်ကို သိရှိလိုပါတယ်။ ပြည်နယ်လွှတ်တော်သည်လည်း အသက်မဝင်သေးဘဲ မည်သည့်အခက်အခဲများကြောင့် နှောင့်နှေးကြန့်ကြာနေသည်ကို သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။
ပြည်နယ်အရေးနှင့် တိုက်ရိုက်ပတ်သက်နေတယ်လို့ ယူဆရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်တို့ရဲ့ လက်နက်ကိုင်ပဋိပက္ခကိစ္စ အမြန်ဆုံးပြေလည်မှုရရှိရန် ပြည်နယ်အစိုးရများအနေဖြင့် ၎င်းတို့ထံ လာရောက်ဆက်သွယ်ဆွေးနွေးပါက လက်ခံဆွေးနွေးခွင့်ရှိတဲ့အတိုင်း လက်ခံ ဆွေးနွေးခြင်း၊ ဖြေကြားခြင်းများဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များကို သက်ဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန် ယခုကျင်းပဆဲ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများကို လေ့လာနိုင်ရန် တက်ရောက်စေခဲ့ပြီးဖြစ်ပါတယ်။ ယခုလွှတ်တော်များ ကျင်းပနေပုံကိုနည်းနာယူပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အလိုက် သက်ဝင်လှုပ်ရှားနိုင်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖြေကြားပါသည်။
