ပြီးခဲ့တဲ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းပြီးဖြစ်ကြောင်း ပြောကြား၍ သိရှိခဲ့ရပါ တယ်။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသား လူမျိုးစု အသီးသီးရှိတဲ့အထဲမှာ တိုင်းရင်းသားလူမျိုးစုများဖြစ်ကြတဲ့ ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအစရှိတဲ့ တိုင်းရင်းသားလူမျိုးစုအသီးသီးတို့ဟာ မိမိတို့ရဲ့ မွန်မြတ်တန်ဖိုးထားအပ်သော ရိုးရာ ယဉ်ကျေးမှုများကို အများအားဖြင့် လေးစားမြတ်နိုးကြတာကို တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် တင်ပြ ရရင် ကရင်တိုင်းရင်းသား အများစုဟာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ ကရင်ဒုံးနှင့်တကွ ကရင် ယဉ်ကျေးမှုများကို ကရင်လူငယ်အများစုက ဘယ်လောက်ပဲ ခေတ်မီတယ်၊ ခေတ်ဆန်တယ် ပြောပြော တစ်ဖက်က မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို လေးစားတာကို တွေ့ရပါတယ်။ ထိုနည်းလည်းကောင်းပဲ ရှမ်းတိုင်းရင်းသားလူမျိုးစုများဟာလည်း သူတို့ရဲ့ တိုးနယားအက၊ ကိန္နရီအက၊ ရှမ်းအိုးစည် အစရှိတဲ့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေးစားမြတ်နိုးခုန်မင်ကြတာ တွေ့ရပါတယ်။ ထိုနည်းလည်းကောင်းပဲ ရခိုင်တိုင်းရင်းသားများမှာဆိုလို့ရှိရင်လည်း ရခိုင်ရိုးရာယဉ်ကျေးမှု သြင်္ကန်ကို ခမ်းခမ်းနားနား သိုက်သိုက်မြိုက်မြိုက်နှင့် ရိုးရာမပျက် ဆင်နွှဲလေ့ရှိကြပါတယ်။ ရခိုင်လူငယ်အများစု ဟာ ရခိုင်ရိုးရာသြင်္ကန်ကို ရန်ကုန်မြို့ သိမ်ဖြူကွင်းမှာ နှစ်စဉ်မပြတ်ကျင်းပကြတဲ့အခါမှာ လောင်းလှေ ကို ခလယ်မှာထားပြီးတော့ ရခိုင်လူငယ်များက တစ်ဖက်က အမျိုးသား၊ တစ်ဖက်က အမျိုးသမီးများနဲ့ ကျက်သရေရှိစွာ ယဉ်ကျေးမှုကို အားပေးကြတာကို တွေ့ရပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ မြန်မာတိုင်းရင်းသားများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဗမာလူမျိုးများမှာတော့ အများစုဟာ မိမိတို့ရဲ့ ထောင်ချီပြီးရှိတဲ့ ရိုးရာယဉ်ကျေးမှုထက် တိုင်းတစ်ပါးသရုပ်ပျက် ယဉ်ကျေးမှုတေးဂီတတွေ၊ သရုပ်ပျက် Dance အကများကို သရုပ်ပျက်ဝတ်စားဆင်ယင်မှုများကို မိမိတို့ရဲ့ ယဉ်ကျေးမှုထက်ပိုပြီးတော့ လေးစားမြတ်နိုးကြတာကို ဝမ်းနည်းစွာ တွေ့မြင်ရပါတယ်။ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက်ပိုင်းမှာလည်းပဲ ဗမာလူငယ်အများစုဟာ သရုပ်ပျက်တေးဂီတများ၊ သရုပ်ပျက် Dance များ၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများနှင့် ရိုင်းစိုင်းသော အမူအကျင့်များ တစ်နေ့တခြား တိုးပွားလာနေတာကို တွေ့ရပါတယ်။ အခုဆိုလို့ရှိရင် ရန်ကုန်မြို့လယ်ခေါင်မှာပင်လျှင် အုပ်စုဖွဲ့ပြီး ကားမောင်းပြိုင်ပွဲများလုပ်ပြီးတော့ အုပ်စုဖွဲ့ပြီးတော့ ရိုက်နှက်ကြတဲ့အထိ ရိုင်းစိုင်းတဲ့အပြုအမူများ တိုးပွားလာတာကို တွေ့ရှိရပါတယ်။ ဗမာလူမျိုးထဲက လူငယ်အများစုဟာ ဒီလိုလွှမ်းမိုးလာတာဟာ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်နှင့် TV အစီအစဉ်တို့မှာ သရုပ်ပျက်ယဉ်ကျေးမှုများ တစ်နေ့တခြား ထိုးဖောက်လွှမ်းမိုးလာတဲ့ကိစ္စကိုလည်းပဲ ဂျာနယ်များ၊ သတင်းစာများနှင့် တခြားဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းဖြစ်တယ်၊ ခေတ်နှင့်အညီဖြစ်တယ်၊ ခေတ်မီတယ် ဆိုပြီးတော့ စကားလုံးလှလှသုံးစွဲထားကြသော်လည်း ခေတ်ကိုဖျက်ဆီးပြီးတော့ အမျိုးသားယဉ်ကျေးမှု ကို ထိပါးပြီး နိုင်ငံနှင့်လူမျိုးတို့ရဲ့ ဂုဏ်သိက္ခာပိုမိုပြီးတော့ တစ်နေ့တခြားကျဆင်းလာလျက်ရှိသည်မှာ ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်များ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ မေးချင်တဲ့မေးခွန်းကတော့ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်သော် လည်း သရုပ်ပျက်ဂီတ၊ သရုပ်ပျက် Dance များ၊ ဟိရိသြတ္တပ္ပနည်းသော ဝတ်စားဆင်ယင်မှုများ၊ ရိုင်းစိုင်းသော အမူအကျင့်များ လျော့ပါးသွားသည်မရှိဘဲနှင့် တစ်နေ့တခြားတိုး၍ တိုး၍ လွှမ်းမိုးလာ နေပြီး အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ဆိုသကဲ့သို့ ဗမာ့ရိုးရာယဉ်ကျေးမှုတဖြည်းဖြည်းမှေးမှိန် ပျောက်ကွယ်သွားနိုင်သည့် အမျိုးသားရေးအန္တရာယ်ကို မည်ကဲ့သို့ဟန့်တားစီမံဆောင်ရွက်သွားမည် ကိုသိရှိလိုပါကြောင်းနှင့် တိုးချဲ့ဖွဲ့စည်းပြီးဖြစ်သော အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီရဲ့ ရှေ့လုပ်ငန်းစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ထိုသို့ ကျင့်သုံးရာမှာ ဗဟိုချုပ်ကိုင်မှုကို တဖြည်းဖြည်းဖြေလျော့ကာ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာရေးအတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိပါတယ်။ ပြောင်းလဲဖြစ်ပေါ်လာသော ကမ္ဘာပြုဖြစ်စဉ် (Globalization) အရပင် မတူညီသော ယဉ်ကျေးမှုများအချင်းချင်း ထိုးဖောက်စိမ့်ဝင်မှုများ ရှိလာသည့်အတွက် မိမိတို့ ယဉ်ကျေးမှုအတွက် အကျိုးဖြစ်ထွန်းစေသော တိုးတက်မှုများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ အကျိုးမဖြစ် ထွန်းသော အခြေအနေများလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုသို့ဖြစ်ပေါ်စေနိုင်သည့် အဓိက တွန်းအားမှာ သတင်းအချက်အလက်နည်းပညာကို တွင်ကျယ်စွာ အသုံးပြုနိုင်သည့် မီဒီယာပင် ဖြစ်ပါ တယ်။ လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိသော သတင်းအချက်အလက် နည်းပညာခေတ်မှာ ယနေ့ လူငယ်လူရွယ်များဟာ မိမိတို့ရဲ့ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ချစ်ခင်မြတ်နိုး တန်ဖိုးထားသည့် စိတ်ဓာတ်များ ဖြစ်ထွန်းလာစေရေးအတွက် ညွှန်ကြားပေး စေခိုင်းသော နည်းလမ်းကို ကျင့်သုံးပါက ဖြစ်နိုင်ချေနည်းပါတယ်။ နှစ်ပေါင်းများစွာကပင် တဖြည်းဖြည်း ပျံ့နှံ့ဝင်ရောက်လာသော ပြည်ပခေတ်ပြိုင်ယဉ်ကျေးမှုကို ကာကွယ်တားဆီးရာမှာ အချိန်ကာလတစ်ခု လိုအပ်သည်သာမက အများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် အသိပညာပေးခြင်း၊ စည်းရုံးခြင်း၊ ဘာသာရေးဖြင့် ထိန်းချုပ်ခြင်း၊ မီဒီယာများဖြင့် ဆွဲဆောင်ခြင်း အစရှိသော နည်းလမ်းများကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါတယ်ခင်ဗျား။ အတွေးအခေါ်ခံယူချက် အမူအကျင့်များကို မူလတန်းအရွယ် အခြေခံမှစတင် ပြီးအလေ့အကျင့်ဖြစ်စေရန် ဆောင်ရွက်တဲ့နည်းလမ်းဖြင့် ကျောင်းသင်ဘာသာရပ်များတွင် ယဉ်ကျေး သော လူ့အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးရေးဘာသာရပ် ထည့်သွင်းပြီး ဘာသာရေးအဆုံးအမများဖြင့် ထိန်းကျောင်းခြင်း၊ မိဘဆရာသမားများရဲ့ သံယောဇဉ်ဖြင့် နားဝင်လာစေရန် ဖျောင်းဖျသွန်သင်ခြင်း နည်းလမ်းကို ကျင့်သုံးရန်လိုအပ်မှာ ဖြစ်ပါတယ်။
ဒုတိယနည်းလမ်းဖြစ်တဲ့ အသင့်အတင့် အရွယ်ရောက်စပြုသူများ မိမိလမ်းကြောင်းကို မိမိ ရွေးချယ်ခွင့်ရရှိစ လူငယ်လူရွယ်များအတွက်ကတော့ ယင်းတို့နှင့် နီးစပ်ယဉ်ပါးတဲ့ မီဒီယာနည်းလမ်း ကိုတွင်ကျယ်စွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကဲ့သို့သော NGO အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုအား များစွာလိုအပ်ပါတယ်။ သိုင်းဝန်းဖွဲ့နွဲ့မှုကို ငြီးငွေ့တဲ့ လူငယ်များနှင့် တိုက်ရိုက်ထိတွေ့ပြီး လိုအပ်ချက်၊ လိုလားချက်များကို ပွင့်ပွင့်လင်းလင်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းစည်းရုံးသည့် နည်းလမ်းကို ကျင့်သုံးရန် လိုအပ်မှာ ဖြစ်ပါတယ်။ ယဉ်ကျေးမှုနှင့်စပ်ဆိုင်သော Original Culture, Modern Culture အစရှိတဲ့ ခေတ် ရေစီးကြောင်းတွင် လတ်တလော ကြုံတွေ့နေရသည့် အကြား၊ အမြင်၊ အယူအဆများကို လူကြီးနှင့် လူငယ်များ၊ ပညာရှင်များနှင့် လူငယ်များ၊ ယင်းတို့က စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသူများနှင့် လူငယ်များ အပြန်အလှန်ဆွေးနွေး ထိန်းညှိစေသည့် တွေ့ဆုံဆွေးနွေးပွဲ နည်းလမ်းများဖြင့် ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်ခင်ဗျား။ အခြားတစ်ဖက်ကလည်း စီးပွားရေးအမြင်ဖြင့် မဟုတ်ဘဲ ယဉ်ကျေးမှု ဆိုင်ရာ ကဏ္ဍများကို စဉ်ဆက်မပြတ်စွမ်းဆောင်နိုင်မည့် သတင်းနည်းပညာအချက်အလက် မြင့်မား သော မီဒီယာမဏ္ဍိုင်တစ်ခုကို ဆွဲဆောင်မှုအားကောင်းကောင်းနဲ့ ထူထောင်ထားနိုင်ရန် လိုအပ်ပါ တယ်။ ထိုစွမ်းဆောင်မှုအတွက် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အလွှာ အသီးသီးမှ လူငယ်လူရွယ်များ လက်ခံသော ပညာရှင်များ၏ ပူးပေါင်းပါဝင်မှု အထူးအရေးပါပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဟာ မီဒီယာအများစုကြောင့် ပေါ်ပေါက်လာသော လမ်းလွဲကို မီဒီယာဖြင့် ပြန်လည်တည့်မတ်ခြင်းပဲ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှလည်း မိမိနိုင်ငံနှင့် ယဉ်ကျေးမှုစံနှုန်းများနှင့် မကိုက်ညီတဲ့ ပြည်ပမှ ဝင်ရောက်လာတဲ့ မီဒီယာသွင်းကုန်အချို့၏ လွှမ်းမိုးမှုကို နည်းလမ်းရှာပြီး ထိန်းညှိဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရမည့်ကိစ္စဟာ သိမ်မွေ့ညင်သာစွာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်လို့ တစ်စုံတစ်ဦး၊ တစ်စုတစ်ဖွဲ့၊ တစ်ဌာနတည်းနှင့် ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အနုပညာရှင်များ၊ မီဒီယာလောကသားများ အပါအဝင် အားလုံး ဝိုင်းဝန်း စဉ်းစားဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်ခင်ဗျား။
နိဂုံးချုပ်အားဖြင့် လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗစရိယ မိနှင့်ဘဆိုတဲ့စကား၊ အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းကဟူသည့် စကားများနှင့်အညီ အခြေခံအဆောက်အဦဖြစ်သော အိမ်နေမိသားစုယဉ်ကျေးမှု၊ ကျောင်းနေစာသင်ခန်း ယဉ်ကျေးမှုများမှ စတင်အခြေပြုကာ လူမှု ပတ်ဝန်းကျင် အဝန်းအဝိုင်းတစ်ခုလုံးကပါ ပါဝင်ထိန်းကျောင်း ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပါဝင်သည့် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီရဲ့ ရှေ့လုပ်ငန်းစဉ်များကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။
