သထုံစိုက်ပျိုးရေးသိပ္ပံကို ၁၉၆၇ ခုနှစ်မှာ စတင်ဖွင့်လှစ် တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်အခါမှာ ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံနဲ့ သထုံစိုက်ပျိုးရေးသိပ္ပံ၊ သိပ္ပံနှစ်ခုသာ တည်ရှိခဲ့ပါတယ်။ နောင်ကာလများမှသာ သက်ဆိုင်ရာတိုင်းဒေသကြီးတွေမှာရှိတဲ့ စိုက်ပျိုးရေးအထက်တန်းကျောင်းများမှ သင့်တော်တဲ့ကျောင်း များကို အဆင့်မြှင့်ပေး ခဲ့တဲ့အတွက် စိုက်ပျိုးရေးသိပ္ပံ ခုနစ်ခုထိကို တိုးမြှင့်ခဲ့ပါတယ်။ သို့သော် စိုက်ပျိုးရေးတက္ကသိုလ်အနေနဲ့ အထက်မြန်မာပြည်မှာသာလျှင် စိုက်ပျိုးရေးတက္ကသိုလ် တစ်ခုသာလျှင် တည်ရှိခဲ့ပါတယ်။ အခုအခါမှာ စိုက်ပျိုးရေးနည်းပညာများက တိုးတက်လာတဲ့အတွက် ကြောင့်မို့လို့ အိမ်နီးနားချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံများမှ သစ်သီးဝလံပန်းမန်များဟာဆိုလို့ရှိရင် ကျွန်တော်တို့မြန်မာပြည် ဈေးကွက်ကို ဝင်ရောက်ထိုးဖောက်ပြီး ရောင်းချနေတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စိုက်ပျိုးရေးသိပ္ပံများမှ အရည်အချင်းပြည့်မီတဲ့ ပုဂ္ဂိုလ်များကိုလည်း နည်းပညာ တိုးတက်ဖို့အတွက်ကို အစ္စရေးနိုင်ငံကိုလည်း စေလွှတ်ထားတာများကိုလည်း သိရှိခဲ့ရပါတယ်။ ဒါကြောင့်မို့ နိုင်ငံအနေနဲ့ စီးပွားရေးဦးတည်ချက်မှာပါရှိတဲ့ စိုက်ပျိုးရေးကိုအခြေခံ၍ အခြား စီးပွားရေးလုပ်ငန်းများကိုလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်အံ့ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ကျွန်တော်တို့နိုင်ငံအနေနဲ့ နည်းပညာတိုးတက်တဲ့ စိုက်ပျိုးရေးနည်းကောင်းများကို ပြုလုပ်နိုင် တဲ့ပုဂ္ဂိုလ်များ မွေးထုတ်နိုင်ရန်အတွက် သထုံစိုက်ပျိုးရေးသိပ္ပံအား စိုက်ပျိုးရေးတက္ကသိုလ် အဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုပါတယ်။ အကယ်၍ တိုးမြှင့်ပေးမည်ဆိုပါက မည်သည့် အချိန်မှာ တိုးမြှင့်ပေးမည်နဲ့ မတိုးမြှင့်ပေးနိုင်ပါဘူးဆိုပါကလည်း မည်သည့်အတွက်ကြောင့် မတိုးမြှင့် ပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် တစ်ကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံခုနှစ်ကျောင်း၊ သီးနှံအထူးပြုသင်တန်းကျောင်း နှစ်ကျောင်း ဖွင့်လှစ်ပြီး စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးလျက်ရှိပါတယ်။ ယခုဆိုရင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အောက်တွင် သီးနှံအထူးပြုကျောင်းခွဲများကို မှော်ဘီမြို့၊ လှည်းကူးမြို့၊ မုဒုံမြို့နယ်ဖားအောက်၊ ဖြူးမြို့နယ်ညောင်ပင်သာ၊ မကွေးမြို့၊ ကျောက်ဆည်မြို့နယ်လွန်ကျော်နှင့် အောင်ပန်းမြို့တို့တွင် အသီးသီးဖွင့်လှစ်ပို့ချလျက်ရှိပါတယ်။ ယခုအချိန်ထိ စိုက်ပျိုးရေးပညာဘွဲ့ရ ၉၅၁၆ ဦး၊ မဟာသိပ္ပံဘွဲ့ရ ၂၇၅ ဦး၊ ပါရဂူဘွဲ့ရ ၂၁ ဦး၊ မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒေသအလိုက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး စိုက်ပျိုးရေးနည်းပညာများကို အသက် မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရေးအတွက်လည်း စိုက်ပျိုးရေး သိပ္ပံခုနှစ်ကျောင်းကို မြောင်းမြမြို့၊ သာယာဝတီမြို့၊ ပျဉ်းမနားမြို့၊ ပုသိမ်ကြီးမြို့၊ ပွင့်ဖြူမြို့၊ ရွှေဘိုမြို့နှင့် သထုံမြို့များတွင် ဖွင့်လှစ်ထားပြီး စိုက်ပျိုးရေး ဒီပလိုမာဘွဲ့ရ ၉၇၇၆ ဦးကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံတို့၏ သဘောသဘာဝမှာ အနည်းငယ် ကွာခြားမှု ရှိပါတယ်။ တက္ကသိုလ်အနေနဲ့ ACademic ပိုင်းကို အဓိကအလေးထားသင်ကြားပေးပြီး စိုက်ပျိုးရေးသိပ္ပံတွေမှာတော့ စိုက်ပျိုးရေးပညာရပ်တွေကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လက်တွေ့အသုံးချ ဆောင်ရွက်နိုင်အောင်သင်ကြားပေးတာကို ဦးစွာတင်ပြလိုပါတယ်။ စိုက်ပျိုးရေး တက္ကသိုလ်တစ်ခု အသစ်ထပ်မံဖွင့်လှစ်ရေးမှာလည်း နိုင်ငံတော်ရဲ့ဘဏ္ဍာရေး ဦးစားပေးမှုအခြေအနေ၊ သင်ကြားရေးအပိုင်း၊ စီမံခန့်ခွဲနိုင်မှုအခြေအနေနဲ့ မြေနေရာ၊ အဆောက်အဦ၊ လုံလောက်တဲ့ ကျောင်းသားဦးရေများနှင့် ပြည့်စုံမှသာ ရင်းနှီးမြှုပ်နှံရကျိုးနပ်မှာ ဖြစ်ပါတယ်။ လက်ရှိဖွင့်လှစ်ထားတဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နဲ့ စိုက်ပျိုးရေးသိပ္ပံများအနေနဲ့ စိုက်ပျိုးရေးပညာရှင်များ လုံလောက်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်တဲ့ အခြေအနေရှိသည့်အတွက် လောလောဆယ်မှာ စိုက်ပျိုးရေးတက္ကသိုလ် တစ်ခု အသစ်ထပ်မံဖွင့်လှစ်ရေးအတွက် အစီအစဉ်မရှိသေးပါကြောင်းနဲ့ နောင်ဖြစ်လာမယ့် အခြေအနေများအရ ဖွင့်လှစ်ရန် လိုအပ်သည့်အခါတွင် စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
