(က)-အမေရိကန်ပြည်ထောင်စု၊ အနောက်ဖက်ကမ်းခြေ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတစ်ရုံး ဖွင့်လှစ်ပေးရန် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ (၂၉.၁.၂၀၁၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ တိုးချဲ့ ဆောင်ရွက်နေတဲ့အခါ ကျွန်တော်တို့နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေခွင့်ပြုချက်အရ သံရုံးများ၊ ကောင်စစ် ဝန်ချုပ်ရုံးများကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသား အများစုနေထိုင်ကြတဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကျွန်တော်တို့ အမေရိကန် နိုင်ငံရဲ့ အရှေ့ဘက်ကမ်းခြေ ဝါရှင်တန်မြို့မှာ မြန်မာသံရုံး၊ နောက်ပြီးတော့ နယူးယောက်မြို့မှာ ကျွန်တော်တို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနဲ့ တွဲဖက်ပြီးတော့ ကောင်စစ်ဝန်ချုပ်ရုံး တစ်ရုံး ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ်အသီးသီးက အများစုဟာ ဝါရှင်တန်သံရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရပြီးနောက် နယူးယောက်မြို့ မြန်မာကောင်စစ် ဝန်ချုပ်ရုံးကတော့ အရှေ့ဘက်ကမ်းခြေမှာရှိတဲ့ ပြည်နယ်သုံးခုအတွက် ကောင်စစ်ကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက်ကမ်းခြေ ဖြစ်တဲ့ လော့စ်အိန်ဂျလိစ်နဲ့ ဆန်ဖရန်စစ္စကိုမှာဆိုလို့ရှိရင် မြန်မာနိုင်ငံသားအများစုနေထိုင်ပါတယ်။ ဒီမှာရှိတဲ့ မြန်မာနိုင်ငံသားအများစု အနေနဲ့ ၎င်းတို့ရဲ့ နိုင်ငံကူးလက်မှတ်ကိစ္စ၊ ကောင်စစ်ရေးရာကိစ္စ၊ အခွန်ပေးဆောင်ခြင်းကိစ္စစသည်တို့မှာ ကျွန်တော်တို့ ဝါရှင်တန်မြို့ မြန်မာသံရုံးကို ပေးပို့ပြီးတော့ ဆောင်ရွက်နေရပါတယ်။ ဝါရှင်တန်နဲ့ အနောက်ဘက်ကမ်းခြေဟာ ဆိုလို့ရှိရင် စံတော်ချိန်အားဖြင့်     ၃ နာရီကွာခြားပြီးတော့ ခရီးအင်မတန် အလှမ်းဝေးတဲ့နိုင်ငံဖြစ်ပါတယ်။ အဲတော့ ဒီလိုဆောင်ရွက် တဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံကူးလက်မှတ်ကိစ္စဆောင်ရွက်တဲ့နေရာမှာ အနောက်ဘက်ကမ်းခြေ ကနေ အရှေ့ဘက်ကမ်းခြေပို့ဖို့ အချိန်ယူဆောင်ရွက်ရသလို အနောက်ဘက်ကမ်းခြေမှာရှိတဲ့ ကွြန်တော်တို့ အမေရိကန်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားသားတွေ မြန်မာပြည်ကို လာချင်လို့ရှိရင်လည်း ဗီဇာကိစ္စဆိုလို့ရှိရင် ကျွန်တော်တို့ ဝါရှင်တန်သံရုံးကို ပေးပို့ပြီးတော့ ဆောင်ရွက်ရပါတယ်။  ဒီလို ဆောင်ရွက်တဲ့နေရာမှာ အချိန်မီဆောင်ရွက်နိုင်တဲ့ ကိစ္စများရှိသလို အချို့အရေးပေါ်ကိစ္စတွေမှာတော့ ဖြင့် ကွြန်တော်တို့ သိပ်အဆင်မပြေလှဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် ကွြန်တော်တို့ အနောက်ဘက် ကမ်းခြေမှာရှိတဲ့ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံနှင်‌့ ဆက်သွယ်ဆောင်ရွက်နေတဲ့ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များ စသည့်ပုဂိဂုလ်များဟာ ကွြန်တော်တို့ အနောက်ဘက်ကမ်းခြေမှာ ကောင်စစ် ဝန်ချုပ်ရုံးတစ်ရုံး ဖွင်‌့လှစ်ပေးဖို့ လိုလားနေကြပါတယ်။ ဒီလိုလိုလားနေကြကြောင်းကိုလည်း  ကွြန်တော်တို့ သိရှိရပါတယ်။ ဒါ့ကြောင့်မို့လို့ ကွြန်တော်တို့  အမေရိကန်ပြည်ထောင်စု အနောက်ဘက် ကမ်းခြေမှာ ကောင်စစ်ဝန်ချုပ်ရုံး တစ်ရုံးဖွင်‌့လှစ်ပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ နိုင်ငံတကာဆက်ဆံရေး များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ပနိုင်ငံများတွင် မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ စုစုပေါင်း ၄၀ ရုံးဖွင်‌့လှစ်ထားရှိပြီး အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ် -

(က)    လက်ခံသည့်နိုင်ငံတွင် မိမိနိုင်ငံကို ကိုယ်စားပြုခြင်း။

(ခ)     လက်ခံသည့်နိုင်ငံတွင် မိမိနိုင်ငံနှင့် မိမိနိုင်ငံသားတို့၏ အကျိုးသက်ဆိုင်ခွင့်များကို အပြည်ပြည်ဆိုင်ရာ ဥပဒေက ခွင့်ပြုထားသည့်အကန့်အသတ်အတွင်း ကာကွယ် စောင့်ရှောက်ခြင်း။

(ဂ)     လက်ခံသည့်နိုင်ငံ၊ အစိုးရနှင့် စေ့စပ်ဆွေးနွေးခြင်း။

(ဃ)    လက်ခံသည့်နိုင်ငံရှိ အခြေအနေများနှင့် အဖြစ်အပျက်များကို သိရှိအောင် တရား သောနည်းလမ်းများဖြင့် လေ့လာစုံစမ်းခြင်းနှင့် ယင်းတို့နှင့် စပ်လျဉ်း၍ မိမိနိုင်ငံ အစိုးရထံ အစီရင်ခံတင်ပြခြင်း။

(င)     မိမိနိုင်ငံနှင့် လက်ခံသည့်နိုင်ငံအချင်းချင်း ချစ်ကြည်စွာ ဆက်ဆံရေးကို တိုးတက် ကောင်းမွန်စေရန် ဆောင်ရွက်ခြင်းနှင့် ယင်းတို့၏ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံ နည်းပညာတို့ဆိုင်ရာ ဆက်ဆံရေးများကိုလည်း ဖွံ့ဖြိုးထွန်းကားစေရန် ဆောင်ရွက်ခြင်း တို့ပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ မြန်မာသံရုံးနှင့် နယူးယောက်မြို့၌ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတို့ ဖွင်‌့လှစ်ထားရှိပြီး အမေရိကန်နိုင်ငံအပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် ကျူးဘားသမ္မတနိုင်ငံနှင့် မက္ကစီကို ပြည်ထောင်စုနိုင်ငံများကိုပါ ပူးတွဲတာဝန်ယူဆောင်ရွက်လျက် ရှိပါ တယ်။ သမိုင်းကြောင်းကိုလေ့လာကြည့်မယ်ဆိုပါက အမေရိကန်ပြည်ထောင်စုကို ပထမဆုံး သွား ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားဟာ မောင်ချောလူးဖြစ်ပြီး ၁၈၅၈ ခုနှစ်မှာ ပင်ဆဲလ်ဗေးနီးယားမြို့ လီဝစ်စ်ဗတ်ဂ်တက္ကသိုလ် (ယခု ဘတ်က်နေးလ်တက္ကသိုလ်) သို့ တက်ရောက်ခဲ့ပြီး ၁၈၆၇ ခုနှစ်မှာ ဆေးပညာဘွဲ့ရရှိပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရပါတယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာလူမျိုးများ အမေရိကန်နိုင်ငံကို ပိုမိုရောက်ရှိလာခဲ့ ပြီး ၁၉၇၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း မြန်မာလူမျိုး ၂၅၂၂၉ ဦးရောက်ရှိနေထိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အမေရိကန် နိုင်ငံရောက် မြန်မာလူမျိုးများ၏ အရေအတွက်ဟာ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် မှာတော့ ယခင်မှတ်တမ်းများထက် ၄၉၉ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။ အမေရိကန်ပြည်ထောင်စု၏ ၂၀၁၀ ပြည့်နှစ်သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးရှိ လူဦးရေ စုစုပေါင်း မှာ ၃၀၈၇၄၅၅၃၈ ဦး ဖြစ်ပြီး ယင်းအနက် အာရှနွယ်ဖွားအမေရိကန် ဦးရေမှာ ၁၇၃၂၀၈၅၆ ဖြင့် လူဦးရေစုစုပေါင်း၏ ၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ မြန်မာနွယ်ဖွားအမေရိကန်ဦးရေမှာ ၁၀၀၂၀၀ ဖြင့် လူဦးရေ စုစုပေါင်း၏ ဝ.၀၃၂ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါတယ်။

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းခြေ ကယ်လီဖိုးနီးယား ပြည်နယ်တွင် နေထိုင် သည့်မြန်မာနွယ်ဖွား အမေရိကန်ဦးရေဟာ ၁၇၉၇၈ ဦးရှိပြီး၊ အမေရိကန် ပြည်ထောင်စုရှိ မြန်မာ နွယ်ဖွားအမေရိကန်ဦးရေစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းဖြင့် မြန်မာနွယ်ဖွားအမေရိကန် အများဆုံး နေထိုင်သည့်ပြည်နယ်ဖြစ်ကြောင်း သိရှိရပါတယ်။ အလားတူ အမေရိကန်ပြည်ထောင်စုတွင် မြန်မာနွယ်ဖွားအမေရိကန်အများစုဟာ အင်ဒီရားနား၊ ဗာဂျီးနီးယား၊ မေရီလင်း၊ အီလီနွိုက်စ်နှင့် အိုဟိုင်းယိုးပြည်နယ်များတွင် နေထိုင်ကြပြီး မြို့ကြီးများအနေဖြင်‌့ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ နယူးယောက်နှင့် ဝါရှင်တန် ဒီစီမြို့ကြီးများမှာ နေထိုင်ကြကြောင်း သိရှိရပါတယ်။ လက်ရှိအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် မြန်မာနိုင်ငံသားများသည် Machine Readable Passport (MRP) နိုင်ငံကူးလက်မှတ်များ ပြောင်းလဲကိုင်ဆောင်လာရေးအတွက် လျှောက်ထားလျက်ရှိရာ မြန်မာသံရုံး၊ ဝါရှင်တန်ဒီစီမြို့မှ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့မှ ယနေ့အထိ မြန်မာနိုင်ငံသား ၃၃၆၆ ဦးအား (MRP) နိုင်ငံကူးလက်မှတ်များထုတ်ပေးခဲ့ပြီး ယင်းထုတ်ပေးခဲ့သူများ အနက် ၁၂၀၀ ဦးခန့်မှာ ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင် သည့် မြန်မာနိုင်ငံသားများ၏အကျိုးကို အပြည်ပြည်ဆိုင်ရာ ဥပဒေကခွင့်ပြုထားသည့် အကန့်အသတ် အတွင်း ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးနှင့် မြန်မာနွယ်ဖွားအမေရိကန်များ၏ အကျိုးကိစ္စများနှင့် ပတ်သက်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတစ်ရုံး ဖွင်‌့လှစ်သွားနိုင်ရေးအား နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်လာမှုနှင့် မိမိနိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအပေါ်မူတည်ပြီး တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။