(က)-ဂျော်ဒန်နိုင်ငံ Ramtha မြို့ CMJ အထည်ချုပ်စက်ရုံတွင် သွားရောက် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၁၂.၃.၂၀၁၃)

 

ကျွန်တော်တို့ ကော်မတီ အနေနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများ အပြည့် အဝရရှိဖို့အတွက် ပြည်သူတွေရဲ့ တင်ပြချက်တွေအပေါ် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးမှုတွေကို နေ့စဉ် ဆောင်ရွက်ပေးနေတဲ့အပြင် ကော်မတီကိုတင်ပြခြင်းမရှိသော်လည်းဘဲ ပြည်သူများအတွင်းပေါ်ပေါက် နေတဲ့ဖြစ်စဉ် ဖြစ်ရပ်တွေပေါ်မူတည်ပြီး မိမိတို့နိုင်ငံသားများရဲ့ အခွင့်အရေးတွေ မဆုံးရှုံးရအောင် လေ့လာပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ သွားရောက်နေကြတဲ့ မိမိနိုင်ငံသားတွေရဲ့ အခွင့်အရေး တွေရရှိစေဖို့အတွက်လည်းပဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာလည်း နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ် သမားများအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ရည်ရွယ်ပြီး နိုင်ငံတော်အနေနဲ့ Labour Migration Policy ချမှတ်ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ အဆိုပြုတင်ပြပြီး သြဂုတ်လ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာ ဆွေးနွေးအတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေနဲ့လည်း မြန်မာနိုင်ငံသား အလုပ် သမားများအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုမရှိစေရေးအတွက် Labour Migration Policy ရေးဆွဲဖို့အတွက် ဆောင်ရွက်လျက်ရှိနေကြောင်းသိရတဲ့အပြင် Labour Migration Policy ရေးဆွဲနေဆဲကာလမှာလည်း ပြည်ပနိုင်ငံတွေမှာရှိနေကြတဲ့ အလုပ်သမားတွေအတွက် ဝန်ကြီးဌာနများ ညှိနှိုင်းပေါင်းစပ်ပြီး ဖြေရှင်းဆောင်ရွက်ပေးနေမှုများအတွက် ကျွန်တော်တို့ အားလုံးဝမ်းမြောက်ဂုဏ် ယူလျက်ရှိကြောင်းကိုလည်း ဦးစွာပြောကြားလိုပါတယ်။ နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေအတွက် နိုင်ငံတော်အစိုးရက အလေးထားဖြေရှင်းပေးနေစဉ်ကာလ အတွင်းမှာပဲ ဂျော်ဒန်နိုင်ငံ Ramtha မြို့ CMJ အထည်ချုပ်စက်ရုံမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၁၃၀၀ ခန့်ကလုပ်ခ၊ လစာတိုးမြှင့်ပေးရေး၊ လူသားချင်းတန်းတူညီမျှ အဆင့်အတန်းမခွဲဘဲဆက်ဆံရေးစတဲ့ အလုပ်သမားအခွင့်အရေးများကို တောင်းဆိုဆန္ဒပြခဲ့တယ်ဆိုတဲ့ သတင်းကိုလည်းပဲ ကြားသိခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစတင် ဆန္ဒပြခဲ့ ကြပြီး မတ်လ ၂ ရက်နေ့မှာတော့ အလုပ်ရှင်ဘက်က အလုပ်ပြန်ဆင်းဖို့အတွက် အတင်းအကြပ်ခေါ် ယူရာကနေပြီး မြန်မာအမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရမှုရှိကြောင်း၊ ဂျော်ဒန်နိုင်ငံမှာ မြန်မာနိုင်ငံ ဆိုင်ရာသံရုံးမရှိတဲ့အတွက် မြန်မာအလုပ်သမားများအနေနဲ့ ပေါ်ပေါက်လာနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အခက်အခဲရှိနေကြကြောင်းကိုလည်းကြားသိရပါတယ်။ မြန်မာအလုပ်သမားများအနေနဲ့ နိုင်ငံရပ်ခြားကို နည်းလမ်းအမျိုးမျိုးနဲ့ သွားရောက်လုပ်ကိုင်လျက်ရှိနေကြတဲ့နေရာမှာ ဘယ်နည်းလမ်း နဲ့ပဲ သွားရောက်လုပ်ကိုင်သည်ဖြစ်စေ အခွင့်အရေးဆုံးရှုံးမှုတွေအတွက် နိုင်ငံတော်မှ အလေးထား ဆောင်ရွက်လျက်ရှိနေကြောင်းကိုလည်းပဲ ကျွန်တော့်အနေနဲ့ယုံကြည်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဂျော်ဒန်နိုင်ငံလို မြန်မာနိုင်ငံသံရုံးမရှိသေးတဲ့နိုင်ငံမှာ ဖြစ်ပွားနေမှုတွေအတွက် သွားရောက်လုပ်ကိုင် လျက်ရှိနေကြတဲ့ မြန်မာတိုင်းရင်းသားများရဲ့ မိဘ၊ ဆွေးမျိုး၊ မိတ်ဆွေတွေအနေနဲ့  စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဂျော်ဒန်နိုင်ငံ Ramtha မြို့ CMJ အထည်ချုပ်စက်ရုံမှာ ဖြစ်ပွား နေဆဲဖြစ်သော အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားတောင်းဆိုမှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါကြယ်ပွင့်ပြမေးခွန်းများအား မေးမြန်းလိုပါကြောင်း တင်ပြ အပ်ပါတယ်။

(က) ဂျော်ဒန်နိုင်ငံ Ramtha မြို့ CMJ အထည်ချုပ်စက်ရုံမှာ ဖြစ်ပွားနေဆဲဖြစ်သော မြန်မာ နိုင်ငံအလုပ်သမားများနှင့် အလုပ်ရှင်တို့ရဲ့ အငြင်းပွားတောင်းဆိုမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက ဖြေရှင်းပေးမှုရှိပါသလား။

(ခ ) ဖြေရှင်းပေးမှုရှိပါက မည်သို့ဖြေရှင်းဆောင်ရွက်ပေးနေပါသလဲ။

(ဂ ) နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအတွက် ရသင်‌့ ရထိုက်သော အခွင့်အရေးများရရှိစေရေးအတွက် ရေးဆွဲနေတဲ့ Labour Migration Policy နှင့်ပတ်သက်ပြီး တိုးတက်မှုအခြေအနေကိုလည်း သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း
အဖြေ

ဂျော်ဒန်နိုင်ငံ Ramtha မြို့ CMJ အထည်ချုပ်စက်ရုံတွင် ဖြစ်ပွားဆဲဖြစ်သော အလုပ်ရှင်နှင့် မြန်မာအလုပ်သမား များအကြား အငြင်းပွားမှုကို နိုင်ငံတော်အစိုးရက အဘက်ဘက်မှ နည်းမျိုးစုံဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဖြစ်စဉ်မှာ ဂျော်ဒန်နိုင်ငံ Ramtha မြို့ Century Miracle အထည်ချုပ်စက်ရုံ၌             ၁၄-၂-၂၀၁၃ ရက်နေ့တွင် စက်ရုံမှ ကျွေးမွေးသည့် နေ့လယ်စာတွင်ပါရှိသော ပဲဟင်းစားသုံးပြီးနောက် အခန့်မသင့်၍ မြန်မာလူမျိုး ၃၀ ခန့်နှင့် မီဒါဂါစကားလူမျိုး အလုပ်သမား ၁၀၀ ခန့်ဝမ်းသွားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာအလုပ်သမားများ စက်ရုံအပြင်ဘက်တွင် စုဝေးဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။ ထို့နောက် မြန်မာအလုပ်သမားများက ဘာသာစကားမတူညီမှုကြောင့် ကြုံတွေ့ရသည့် အခက်အခဲ များကို ဖြေရှင်းပေးရန်၊ အစားအစာများအဆင်ပြေမှုရှိစေရေး ဆောင်ရွက်ပေးရန်၊ Supervisor များတွင် မြန်မာများခန့်ထားပေးရန်၊ အခြေခံလစာတိုးမြှင့်ပေးရန်တို့ကို အဓိကထားတောင်းဆို ခဲ့ပါတယ်။

          စက်ရုံစီမံခန့်ခွဲမှုအဖွဲ့နှင့်ညှိနှိုင်းခဲ့ရာမှာ အခြားတောင်းဆိုချက်များအား လိုက်လျောပေးမည်ဟု ပြောကြားခဲ့သော်လည်း အခြေခံလစာ အမေရိကန်ဒေါ်လာ ၁၅၅ မှ ၂၀၀ သို့ တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုမှုမှာ ညှိနှိုင်းမရရှိသဖြင့် မြန်မာအလုပ်သမားများ အလုပ်မဆင်းဘဲ နေခဲ့ကြပါတယ်။ အဆိုပါ စက်ရုံတွင် လူမျိုး ၇ မျိုးအလုပ်လုပ်ကိုင်လျက်ရှိသည့်အနက် မြန်မာအလုပ်သမား ၁၃၀၀ ဦးရှိပြီး မြန်မာအလုပ်သမားများ တောင်းဆိုသည့် အချက်များအနက်မှ လစာတိုးပေးရန်မှာ မဖြစ်နိုင်ကြောင်း၊ အခြားအချက်များကို အဆင်ပြေအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မြန်မာအလုပ်သမားများ၏  လစာနှင့်ပတ်သက်၍ ဂျော်ဒန်နိုင်ငံသို့ မရောက်လာခင် မြန်မာနိုင်ငံတွင် သဘောတူစာချုပ်လက်မှတ် ရေးထိုးစဉ်ကတည်းက ထည့်သွင်းဖော်ပြထားသည်ကို သဘောတူ၍ လာရောက်ခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံသားများလည်း အလားတူ အမေရိကန်ဒေါ်လာ ၁၅၅ ကိုသာရရှိပါကြောင်း၊ အဆိုပါ လစာအား  ILO နှင့် ညှိနှိုင်းသတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊ အလုပ်ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိ ပါက စက်ရုံမှလေယာဉ်လက်မှတ်များ ဝယ်ပေးမည်ဖြစ်ကြောင်း၊ ပြန်လိုသည့်လူများ နိုင်ငံကူး လက်မှတ်များလာရောက်ပေးရန် စက်ရုံစီမံခန့်ခွဲမှု မန်နေဂျာမှသံရုံးသို့ ဆက်သွယ်ပြောကြားခဲ့ပါ တယ်။

          အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ယနေ့အချိန်အထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ဂျော်ဒန်နိုင်ငံသို့ အလုပ်သမား စေလွှတ်မှုအား ဆောင်ရွက်ခြင်းမရှိသလို ယခုသွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမား များသည် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ ဖြစ်ကြောင်းတွေ့ရှိရ ပါတယ်။ သို့သော် မိမိတို့အနေဖြင့် ပြည်ပသို့တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ သွားရောက်အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက် သွားမှာဖြစ်ပါတယ်။ ပြည်ပနိုင်ငံများတွင် ပြဿနာဖြစ်ပွားပါက တရားဝင်သွားရောက်သော အလုပ်သမားများကိစ္စသည် တရားမဝင်သွားရောက်သူများထက် ဖြေရှင်းရလွယ်ကူပြီး၊ အခွင့်အရေး နှင့် ကာကွယ်စောင့်ရှောက်မှုများရှိပါကြောင်းကိုလည်း တင်ပြလိုပါတယ်။ ယခု ဂျော်ဒန်နိုင်ငံရှိ မြန်မာ အလုပ်သမားများ ဆန္ဒပြမှုနှင့် ပတ်သက်ပြီးပြောရမယ်ဆိုရင် ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံးဖွင့်လှစ် ထားခြင်းမရှိပါသဖြင့် ယခု အလုပ်သမားကိစ္စပေါ်ပေါက်လာသည့်အခါ နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်ဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဆက်သွယ်ညှိနှိုင်းပြီး ဂျော်ဒန်နိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သော အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် ထိုပြဿနာကို ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာသံရုံး၏ ညှိနှိုင်း ဆောင်ရွက်ပေးချက်အရ (၁) စက်ရုံတာဝန်ခံမှ စားရေးသောက်ရေးအဆင်ပြေစေရန်အတွက် မြန်မာ စားဖိုမှူး ၄ ဦးခန့် ထားပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ အစားအသောက်များ မှာယူချက်ပြုတ် ပေးမည်ဖြစ်ကြောင်း၊ ဘာသာစကား အခက်အခဲပြေလည်စေရန် မြန်မာလူမျိုးကြီးကြပ်ရေးမှူး များကိုလည်း ခန့်ထားပေးမည်ဖြစ်ကြောင်း၊ အလုပ်သမားများ၏ အခြေခံလစာအား တိုးမြှင့်မပေးသော် လည်း အခြားခံစားခွင့်အား တိုးမြှင့်ပေးရန်အတွက် စဉ်းစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်စေလိုပါကြောင်း ပြောကြားခဲ့ပါတယ်။

          ဆန္ဒပြ မြန်မာအလုပ်သမားများသည် မတ်လ ၃ ရက်နေ့အထိ အလုပ်ခွင်သို့ ဝင်ရောက်ခြင်း မရှိဘဲ ၂-၃-၂၀၁၃ ရက်နေ့တွင် အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်လိုသည့် အလုပ်သမားများအား ဆန္ဒပြသူများမှ ဝိုင်းဝန်းပိတ်ဆို့သည့်အတွက် အပြန်အလှန်တွန်းဆွဲမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာ အလုပ်သမား အမျိုးသမီး ၄ ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါကြောင်း၊ ဆန္ဒပြအလုပ်သမား ခေါင်းဆောင်တစ်ဦးမှ ပြောကြားရာတွင် စက်ရုံအုပ်ချုပ်ရေးမှူးများမှာ အိပ်ဆောင်များအတွင်း ဝင်ရောက်၍ အလုပ်ဆင်းရန်ခေါ်ယူရာမှ ဂျော်ဒန်နိုင်ငံသားအလုပ်သမားများမှစတင် အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါကြောင်း သိရှိရပါတယ်။ ဒဏ်ရာရရှိသွားတဲ့ အလုပ်သမား များအား ဂျော်ဒန်လူမျိုးအလုပ်သမားများမှ ရိုက်နှက်သည်ဟု ဆန္ဒပြအလုပ်သမားများမှ ရဲစခန်းသို့ တိုင်ကြားထားပါတယ်။ ဂျော်ဒန်အလုပ်သမားရုံးမှ တစ်ဦးလိုက်ပါဆောင်ရွက်ပေးလျက်ရှိပြီး ရဲတပ်ဖွဲ့ နှင့် အလုပ်သမားရုံးမှ တာဝန်ရှိသူများနှင့် စက်ရုံအုပ်ချုပ်ရေးအဖွဲ့တို့ ဆွေးနွေးလျက်ရှိပါတယ်။

ဂျော်ဒန်နိုင်ငံ၏ အလုပ်သမားဥပဒေတွင် အလုပ်သမားများ ဆန္ဒပြလိုလျှင် ၁၄ ရက် ကြိုတင်၍ အလုပ်ရှင်ထံ ခွင့်ပြုချက်တောင်းခံရမည်။ ခွင့်ပြုမိန့်မရရှိပါက ၄၈ နာရီအတွင်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန်နှင့် မဝင်ရောက်ပါက ပထမရက်တွင် ဂျော်ဒန်ဒေါ်လာ ၅၀၊ နောက်ရက်များတွင် တစ်ရက်လျှင် ဂျော်ဒန် ၅ ဒေါ်လာအား အလုပ်သမားမှ ပြစ်ဒဏ်အနေဖြင့် ပေးဆောင်ရမည့်အပြင် ဆန္ဒပြသည့်ရက်များတွင် လစာပေးမည်မဟုတ်ကြောင်းပါရှိတာကို တွေ့ရှိရပါတယ်။ မြန်မာသံရုံး၏ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ မိမိတို့ဝန်ကြီးဌာန၏ အလုပ်သမားပို့ဆောင်သည့် အေဂျင်စီနှင့်သော် လည်းကောင်း၊ ဆန္ဒပြအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများနှင့်လည်းကောင်း၊ ဆက်သွယ်၍ သော်လည်းကောင်း၊ သတင်းအချက်အလက်များ ရယူဆောင်ရွက်ခြင်း၊ တရားမဝင် အလုပ်သမား ပို့ဆောင်သော ကိုယ်စားလှယ်မှ ဂျော်ဒန်နိုင်ငံသို့သွားရောက်၍ ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ကြောင့် လုပ်ခလစာတိုးမြှင့်ရေးမှအပ ကျန်အချက်များအား ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ မြန်မာသံရုံး၏ ဆက်သွယ်ညှိနှိုင်းပေးချက်အရ ၇-၃-၂၀၁၃ ရက်နေ့တွင် မြန်မာအလုပ်သမား ၁၀၀ ကျော်ခန့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၎င်းနေ့ညနေတွင် ဂျော်ဒန်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် International Labour Organization (ILO)တို့မှ ကိုယ်စားလှယ်များ၊ မြန်မာအလုပ်သမားဘက်မှ ကိုယ်စားလှယ် ၃၀ ဦး၊ စက်ရုံမှတာဝန်ရှိသူများနှင့် စက်မှုဇုန်မန်နေဂျာတို့ပါဝင် ညှိနှိုင်းချက်အရ ကျင်းပပြုလုပ်ခဲ့ပြီး အ‌ွခေခံလစာ၏ ၆ ရာခိုင်နှုန်းတိုးမြှင့်ပေးမှုကို အလုပ်ရှင်နှင့် မြန်မာအလုပ်သမား နှစ်ဦးနှစ်ဘက်သဘောတူညီခဲ့ကြပါတယ်။ တိုးမြှင့်ပေးတဲ့လစာမှာ လုပ်သက်နှစ်အလိုက် အ‌ွခေခံလစာ အပေါ်တွင် ၆ ရာခိုင်နှုန်းတိုးမြှင့်ပေးခဲ့သဖြင့် လုပ်သက်တစ်နှစ်အောက်ရှိသော အလုပ်သမားများအား အမေရိကန် ဒေါ်လာ ၁၆၄.၄၆၊ လုပ်သက် ၁ နှစ်မှ ၂ နှစ်ရှိသူများကို အမေရိကန်ဒေါ်လာ ၁၇၁.၉၃၊ လုပ်သက် ၂ နှစ်မှ ၃ နှစ်ရှိသူများကို အမေရိကန်ဒေါ်လာ ၁၇၉.၄၇၊ လုပ်သက် ၃ နှစ်မှ ၄ နှစ်ရှိသူ များကို အမေရိကန်ဒေါ်လာ ၁၈၆.၈၉ နှင့် လုပ်သက် ၄ နှစ် အထက်ရှိသူများကို အမေရိကန်ဒေါ်လာ ၁၉၄.၃၆ သို့ တိုးမြှင့်ရရှိစေခဲ့သည့်အပြင် ချုပ်လုပ်သည့် အထည်အရေအတွက် အပေါ်တွင် မူတည်၍ Bonus ကိုလည်း ၅ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ပေးခဲ့ပါတယ်။ ၉-၃-၂၀၁၃ ရက်နေ့ စနေနေ့မှစ၍ မြန်မာအလုပ်သမား ၃၀၀ ကျော် ပြန်လည်အလုပ်ဝင်ရောက်ခဲ့ကြပြီး ၁၀-၃-၂၀၁၃ ရက်နေ့တွင် အလုပ်သမား ၈၀၀ ခန့် ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ ၁၁-၃-၂၀၁၃ ရက်နေ့မှာတော့ အလုပ်သမား ၁၀၀၀ ဦးခန့် အလုပ်ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ လက်ရှိအ‌ွခေအနေမှာတော့ ကိုယ်ပိုင်မိသားစုပြဿနာများကြောင့် မြန်မာနိုင်ငံသို့ ပြန်လာလိုသူ အချို့ရှိသကဲ့သို့ အလုပ်ဆက်လက် လုပ်ကိုင်လိုခြင်းမရှိဘဲ ပြန်လိုသည့် အလုပ်သမားများလည်း ရှိနေပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များရှင့်။ မြန်မာနိုင်ငံသို့ ပြန်လာလိုသူများ အဆင်ပြေချောမွေ့စွာ ပြန်လာနိုင်ရေးနှင့် အလုပ်သမားများ၏ ရသင်‌့ရထိုက်သည့် အခွင့်အရေးများ ရရှိနိုင်ရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးတစ်ဦးကို ဂျော်ဒန်နိုင်ငံ သို့ စေလွှတ်ပါတယ်။ ပြဿနာများ အေးဆေးစွာနှင့် ကောင်းမွန်စွာ ကူညီဆောင်ရွက်ပေးနိုင်မှုအတွက်  ပြေလည်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလုပ်သမားများ၏ အမည်၊ အဖအမည်နှင့် မြန်မာနိုင်ငံ၏ နေရပ်လိပ်စာများယူဆောင်ခဲ့ပြီး  ကုမ္ပဏီများ၏ အမည်စာရင်းများကို တစ်ပါတည်း ယူဆောင်ခဲ့ပါတယ်။ အားလုံးကို အဆင်ပြေအောင် အချိန်ပြည့် ဆောင်ရွက်လျက် ရှိပါတယ်။ ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမားများ ဆန္ဒပြခဲ့မှုနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ဂျော်ဒန်နိုင်ငံတွင် ွမန်မာသံရုံးဖွင့်လှစ်ထားခြင်းမရှိ၍ ယခုကဲ့သို့ အလုပ်သမားရေးရာကိစ္စပေါ်ပေါက်ချိန်တွင် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်အရ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ညှိနှိုင်း ပြီး ဂျော်ဒန်နိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သော အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် ဆောင်ရွက် ခြင်း၊ အလုပ်သမားပို့ဆောင်သည့် အေဂျင်စီ၊ ဆန္ဒပြသော မြန်မာအလုပ်သမားများ၏ မိသားစုဝင်များ နှင့် ဆက်သွယ်၍ သတင်းအချက်အလက်များ ရယူဆောင်ရွက်ခြင်း၊ အလုပ်သမားပို့ဆောင်ပေးသော ကိုယ်စားလှယ်မှ ဂျော်ဒန်နိုင်ငံသို့ သွားရောက် ဖြေရှင်းဆောင်ရွက်ခြင်းတို့ကြောင့် အလုပ်သမားများ၏ တောင်းဆိုချက်များမှ အများစုအား အလုပ်ရှင်မှ လိုက်လျောမှုများ ရရှိခဲ့ခြင်းဖြစ်ပါကြောင်း တင်ပြ အပ်ပါတယ်ရှင်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးမှ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် နိုင်ငံရပ်ခြား၌ သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအတွက် ဘဝအာမခံချက် လုံခြုံမှုရရှိစေရေးအတွက် Migration Policy အား ချမှတ်ဆောင်ရွက်နိုင်ပါရန်အဆိုပြုလာခြင်း အပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။ ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာမူဝါဒရေးဆွဲနေမှုနှင့် ပတ်သက်ပြီး တင်ပြရမယ်ဆိုရင် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒချမှတ်နိုင်ရေးအတွက် နိုင်ငံတကာစံများနှင့် လက်ရှိကျင်‌့သုံံးလျက်ရှိသော ပြည်ပအလုပ်အကိုင် ဆိုင်ရာမူဝါဒတို့အပေါ် အ‌ွခေခံပြီး Labour Migration Policy မူကြမ်းရေးဆွဲခဲ့ပါတယ်။ မူဝါဒတစ်ရပ်အတည်ပြုနိုင်ရေးအတွက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေး ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အလုပ်သမားရေးရာဆိုင်ရာ ဝန်ကြီးများ၊ ရွှေ့ပြောင်းအလုပ်သမားရေးရာကျွမ်းကျင်သူပညာရှင်များ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင် ခြင်းနှင့် သက်ဆိုင်သော ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ အာဆီယံ ရွှေ့ပြောင်းလုပ်သားများအဖွဲ့ (Task Force on ASEAN Migrant Workers) နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ အိုင်အယ်လ်အိုရုံးခွဲ (ILO Regional Office for Asia and the Pacific) တို့မှ တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများဖြင့် အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ်ကျင်းပပြုလုပ်ဆွေးနွေးခဲ့ပြီး နောက်အဓိက ၉ ချက်ပါသော ရွှေ့ပြောင်းလုပ်သားလုပ်ကိုင်ခြင်းဆိုင်ရာ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒ Labour Migration Policy တစ်ရပ်ကို ရရှိခဲ့ပါတယ်။ မူဝါဒ ၉ ချက်ကတော့-

 (၁) ရွေ့ပြောင်းသွားလာခြင်းဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရယူခြင်း၊ သုတေသန နှင့် လေ့လာရေးလုပ်ငန်းစဉ်များဆောင်ရွက်ခြင်း၊

(၂) ပြည်တွင်း၊ ပြည်ပအလုပ်သမားဈေးကွက် ဖွံ့ဖြိုးတိုးတက်စေခြင်း၊

(၃) ပြည်ပအလုပ်အကိုင်ရှာဖွေရန် တရားဝင်လမ်းကြောင်းများခွင့်ပြုပေးပြီး သွားလာမှု လွယ်ကူ စေခြင်း၊

(၄) ရွှေ့ပြောင်းလုပ်ကိုင်ခြင်းနှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်များ လျှော့ချ ခြင်း၊

(၅) ရွေ့ပြောင်းအလုပ်သမားများ အခြေခံအခွင့်အရေးများ ရရှိစေခြင်း၊

(၆) ရွေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေခြင်း၊

(၇) ရွှေ့ပြောင်းသွားလာခြင်းမှ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် အသိပညာများရရှိစေခြင်းဖြင့် ပြန်လည်မျှဝေပေးနိုင်ခြင်း၊

(၈) ရွှေ့ပြောင်းအလုပ်သမားများ အရေးကိစ္စတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပရှိ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(၉) ရွှေ့ပြောင်းသွားလာခြင်းသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာ၏ တစ်စိတ် တစ်ဒေသ ဖြစ်စေခြင်းတို့ဖြစ်ပါတယ်။

          အဆိုပါမူဝါဒ ၉ ချက်ကို နိုင်ငံတော်သမ္မတရုံးမှ အတည်ပြုချက်ရရှိပြီး၊ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြထားပြီးဖြစ်ပါတယ်။ မူဝါဒကို အကောင်အထည်ဖော်ရေးအတွက် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းနှင့်ပူးပေါင်း၍ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ၅ နှစ် စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါတယ်။ ကျွန်မတို့ ဝန်ကြီးဌာနအနေဖြင့် ရှေှ့ပြောင်း သွားလာလုပ်ကိုင်ခြင်းဆိုင်ရာမူဝါဒအား ရေးဆွဲအကောင်အထည်မဖော်မီ အချိန်ကတည်းက ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးထားသော သက်ဆိုင်ရာ ဝန်ကြီးဌာနများပါဝင်တဲ့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား ကာကွယ်စောင့်ရှောက်မှုများ ပေးထားလျက်ရှိပါတယ်။ ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား အထောက်အထားထုတ်ပေးရေး လမ်းစဉ်သည် ထင်သာမြင်သာရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ နယ်စပ်မြို့များမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သမားအသစ်များစေလွှတ်နေသကဲ့သို့ ထိုင်းနိုင်ငံအတွင်း၌ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးစခန်း ၁၁ ခု ဖွင့်လှစ်ပြီးတော့ အထောက်အထားမဲ့ မြန်မာ အလုပ်သမားကို အထောက်အထားများ ထုတ်ပေးလျက်ရှိပါတယ်။ ထိုင်းနိုင်ငံနှင့် ကိုရီးယားနိုင်ငံ တို့တွင် အလုပ်သမားသံအရာရှိများ ခန့်ထားဆောင်ရွက်လျက်ရှိသကဲ့သို့ မကြာမီကာလမှာ မလေးရှား နိုင်ငံတွင်လည်းထားရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ အလုပ်သမားအများဆုံး သွားရောက်တဲ့ အလုပ်လုပ်ကိုင်လျက်ရှိသော နိုင်ငံများတွင် အလုပ်သမားသံအရာရှိများထားရှိနိုင် ရေးအတွက် လျာထားဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိတွင် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များက မြန်မာအလုပ်သမားများနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။