ကျိုက်ထိုမြို့နယ်ဟာ ထင်ပေါ်ကျော်ကြားလှတဲ့ ကျိုက်ထီးရိုး စေတီတော်နဲ့ ထင်ပေါ်ကျော်ကြားလှတဲ့ ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားရှိတဲ့အတွက် ခရီးသွား လာရေး အလွန်များပြားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ကျိုက်ထီးရိုးဘုရားဖူးဧည့်သည်ဟာ မနှစ်ကဆိုလို့ ရှိရင် ၁၅ သိန်းလောက် ကျိုက်ထိုမြို့ကို ရောက်ရှိဘုရားဖူးခဲ့ပါတယ်။ ကျိုက်ထိုဘူတာရုံကနေတစ်ဆင့် ရထားနဲ့သွားလာတဲ့ ခရီးသည်အပေါင်းက တစ်သိန်းခွဲလောက်ရှိပါတယ်။ ကျိုက်ထိုဘူတာရဲ့ ခရီးသွား ဝန်ဆောင်ဝင်ငွေဟာ မနှစ်က ဘူတာရဲ့မှတ်တမ်းအရ ၇၅၅ သိန်း ရရှိပါတယ်။ ပစ္စည်းပို့ဆောင်ရေး ကနေပြီးတော့ ကိုးသိန်းခန့်ရရှိတယ်လို့ လေ့လာသိရပါတယ်။ သို့သော် ကျိုက်ထိုဘူတာရုံဟာ ကျိုက်ထိုမြို့ ခရီးသွားမြို့အဆင့်အတန်းနဲ့ဆိုလို့ရှိရင် ဥပဓိရုပ်ရော၊ အဆင့်အတန်းရော ကွာခြားလျက် ရှိပါတယ်။ ထိုနည်းတူ အဲဒီဘူတာရုံကို ဆက်သွယ်ထားတဲ့ ခုံးကျော်တံတားဟာ ၁၂၅ ပေ ရှည်လျား ပြီးတော့ ၆ ပေ ကျယ်ပါတယ်။ အခင်းဟာ သစ်သားတွေ ဖြစ်တဲ့အတွက် ဆွေးမြေ့နေပါပြီ။ ဒါကြောင့် အဲဒီကျိုက်ထိုမြို့ အင်္ဂါနဲ့ညီတဲ့ ဘူတာရုံအဆောက်အဦများကို အဆင့်မြှင့်ပြုပြင်ဖို့နဲ့ ခုံးကျော်တံတားကို အဆင့်မြှင့်ပြုပြင်ဖို့ ရှိ၊ မရှိမေးမြန်းပါသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဘူတာရုံနှင့် ရထားလမ်းပေါ်မှ လူကူးဖြတ်ကျော်သော ခုံးတံတားတို့ကို ၁၉၀၇ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့မီးရထား ကွန်ယက်၌ စုစုပေါင်းဘူတာ ၉၂၆ ဘူတာရှိတဲ့အတွက် ပြုပြင်ရန်လိုအပ်ချက် ဘဏ္ဍာငွေခွဲဝေနိုင်မှုနဲ့ ဘူတာ၏ အရေးပါမှုတို့အပေါ်မူတည်ပြီးတော့ ဘူတာများ၏ ပြုပြင်မွမ်းမံမှုများကို ဆောင်ရွက်ပေး လျက်ရှိပါတယ်။ မြန်မာ့မီးရထားအနေဖြင့် ယခုပွင့်လင်းရာသီတွင် ပြည်နယ်/တိုင်းဒေသကြီး အခြေစိုက်သည့်မြို့ ဘူတာများကို ပထမဦးစားပေးအဖြစ်လည်းကောင်း၊ ခရိုင်ဘူတာများကို ဒုတိယ ဦးစားပေးအဖြစ်လည်းကောင်း၊ မြို့နယ်အဆင့်ဘူတာများကို တတိယဦးစားပေးအဆင့်အဖြစ် လည်းကောင်း ပြင်ဆင်ပေးရန် အစီအစဉ်များရှိပါတယ်။ ကျိုက်ထိုဘူတာမှာ မြို့နယ်အဆင့် ဘူတာဖြစ် သော်လည်း ဘုရားဖူးခရီးသည် များပြားသည့်ဘူတာ ဖြစ်ပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ခရီးသည် ၁၃၁၀၀၀ ရှိပြီး ဝင်ငွေအားဖြင့် ကျပ် ၅၉ သန်းကျော်ရရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ထိုဘူတာကိုအသုံးပြုတဲ့ ခရီးသည်များ စိတ်ချမ်းမြေ့ အဆင်ပြေစေရေးအတွက် ဦးစားပေးပြုပြင် ပေးရန် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတူ လူကူးခုံးကျော်တံတားကိုလည်း မြို့အင်္ဂါရပ်နဲ့အညီ ဖြစ်စေရန် အဆင့်မြှင့်ပြုပြင်နေပြီဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
