(က)-အသေးစားနှင့် အလတ်စား ယက္ကန်းလုပ်ငန်းများ ရှင်သန်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၈) ရက်မြောက်နေ့ (၂၀-၁၀-၂၀၁၁)

ဝမ်းတွင်းမြို့ဟာ ယက္ကန်းလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းကြီးလိုလုပ်ကိုင်ခဲ့ပြီး ဝမ်းတွင်းလုံချည်ရယ်လို့ တစ်ခေတ်ဆန်း လာခဲ့ပါတယ်။ ဒီစက်ယက္ကန်းတွေဟာ ၁၉၅၈ခုနှစ်၊ ပါလီမန်ခေတ်က ဂျပန်နိုင်ငံမှ မှာယူတင်သွင်းခဲ့တဲ့ စက်ယက္ကန်းတွေဖြစ်တာမို့ First Generation လို့ခေါ်ဆိုနိုင်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ယက္ကန်းလုပ်ငန်းများအနေဖြင့် နှစ် ၅၀ ကျော်ကြာလာပြီဖြစ်လို့ ဒီ First Generation မှ မွေးဖွားလာတဲ့ ယက္ကန်းလုပ်ငန်းဟာ ပြည်ပနိုင်ငံကြီးများရဲ့ ခေတ်မီတဲ့ ယက္ကန်းလုပ်ငန်းကြီးတွေနဲ့ အခြားကုန်သွယ်မှု ဆိုင်ရာ ပြဿနာများကြောင့် ဆက်လက်ရှင်သန်ရေး အခက်အခဲတွေရှိပါတယ်။ အချို့အသေးစား များဟာ ဆိုလို့ရှိရင် ရပ်ဆိုင်းသွားရတဲ့ အနေအထားမှာ ရောက်ရှိနေပါတယ်။ AFTA ဆိုတဲ့ Asean Free Trade Area ပေါ်ပေါက်လာရင် အသင့်ဖြစ်စေဖို့ ကျွန်တော်တို့ ယက္ကန်းလောကကို New Generation မွေးဖွားလိုပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ ပထမအကြိမ် ပြည်‌သူ့လွှတ်တော် သက်တမ်းမှာ ကျွန်တော်တို့လုပ်ငန်းများနဲ့ကိုက်ညီတဲ့ ယက္ကန်းစက်များကို အကောက်ခွန်ကင်းလွတ်ခွင့် နဲ့ နိုင်ငံခြားမှ မှာယူတင်သွင်း လိုပါတယ်။

ယက္ကန်းလုပ်ငန်းရဲ့ အဓိကကုန်ကြမ်းဖြစ်တဲ့ ချည်ထုတ်ဆိုရင်လည်း ပြည်တွင်းထုတ်လုပ်မှုမပြည့်မီတဲ့အခါ နိုင်ငံခြားမှ မှာယူတင်သွင်းရပါတယ်။ အဲ့ဒီအခါမှာ ပြည်တွင်း၊ ပြည်ပ ကုန်သည်တွေရဲ့ ဈေးကစားမှုခံရတဲ့အခါ ကျွန်တော်တို့ ယက္ကန်းသမားတွေရှင်သန်ဖို့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ New Generation အတွက် ပြည်ပမှယက္ကန်းစက်များ မှာယူတင်သွင်းရန်အတွက် လုပ်ငန်းရှင်တွေမှာ နိုင်ငံခြားငွေအခက်အခဲရှိရင် Equipment Purchase Loan နိုင်ငံခြားငွေ ချေးယူလိုပါတယ်။ ကုန်ကြမ်းဖြစ်တဲ့ ချည်ထုတ်နဲ့ ဆိုးဆေးတွေကိုလည်း ကျွန်တော်တို့ ယက္ကန်းသမားများက စုပေါင်းပြီးတော့ ကုမ္ပဏီထူထောင်ပြီး တိုက်ရိုက်ဝယ်ယူတင်သွင်း လိုပါတယ်။ အဲဒါကြောင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများရှင်သန်ရေးဆိုတဲ့မူအတိုင်း ဝမ်းတွင်းမြို့နယ်အတွင်းရှိ ယက္ကန်းလုပ်ငန်း အသေးစား၊ အလတ်စားလုပ်ငန်းများ ရှင်သန်နိုင်ရေးနဲ့ အဆင့်မြှင့်တင်နိုင်ရေးအတွက် (၁) နည်းပညာ၊ (၂) Equipment Purchase Loan နဲ့ ချေးယူနိုင်သော ငွေကြေးအရင်းအနှီး၊ (၃) ခေတ်မီစက် ကိရိယာများ၊ (၄) နိုင်ငံခြားဈေးကွက်ဝင် အထည်များထုတ်လုပ်ရန် ကုန်ချောချည်များနဲ့ ဆိုးဆေးများ တင်သွင်းပေးရန် ဆက်သွယ်ဆောင်ရွက် ပေးခြင်း၊ ထွက်ရှိလာသောကုန်ချောများ ရောင်းချနိုင်ပြီး ပြည်ပ ဈေးကွက်များ ရှာဖွေပေးခြင်း၊ ဝမ်းတွင်းမြို့နယ် ယက္ကန်းလုပ်ငန်းရှင်များကို နိုင်ငံတော်အစီအစဉ်ဖြင့် နိုင်ငံခြားသို့လေ့လာရေး စေလွှတ်ပေးခြင်းများကို ဆောင်ရွက်ပေးရန် ရှိ၊ မရှိများကို မေးမြန်းပါသည်။


 

ဖြေကြားသူ
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း
အဖြေ

အမှတ်(၁) စက်မှုဝန်ကြီး ဌာန၊ မြန်မာ့အထည်အလိပ်လုပ်ငန်းဟာလက်ရှိအချိန်မှာ ချည်မျှင်သီးသန့်ထုတ်လုပ်တဲ့ စက်ရုံကြီး နှစ်ရုံ၊ ပိတ်ထုတ်လုပ်တဲ့ စက်ရုံနှစ်ရုံ၊ ချည်နှင့်ပိတ်ကြမ်းထုတ်လုပ်တဲ့ စက်ရုံကြီးလေးရုံ၊ ချည်မျှင်နှင့် ပိတ်ကြမ်း၊ အထည်ချောထုတ်လုပ်တဲ့ စက်ရုံကြီးနှစ်ရုံ၊ စက်ထိုးထည်ထုတ်လုပ်တဲ့စက်ရုံကြီးနှစ်ရုံနှင့် အထည်ချုပ်ရုံ ငါးရုံ၊ စုစုပေါင်းစက်ရုံ ၁၇ ရုံရှိပါတယ်။ အဲဒီစက်ရုံကြီးတွေရဲ့ ကုန်ထုတ်လုပ်ငန်းများမှာ အသုံးပြုလျက်ရှိတဲ့ ထုတ်လုပ်မှုနည်းစဉ်၊ ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် နည်းပညာတွေကို လေ့လာလိုပါက လာရောက်လေ့လာနိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးအား စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ ဈေးကွက်လိုအပ်ချက်အရ ထုတ်လုပ် နိုင်ဖို့အတွက် လိုအပ်တဲ့ကုန်ကြမ်း၊ ချည်ချောနှင့်ဆိုးဆေးများ တင်သွင်းနိုင်ရေးနှင့် ထွက်ရှိလာတဲ့ ကုန်ချောများ ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (UMFCCI) နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့နဲ့ ဆက်သွယ် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ပြန်ကြားအပ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ အသေးစား၊ အလတ်စား ယက္ကန်းလုပ်ငန်းရှင်များ ရှင်သန်နိုင်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရေး အတွက် လိုအပ်တဲ့နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ရေးမှာ မိမိတို့စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကော်မတီနှင့် စားသောက်ကုန်၊ အထည်အလိပ်နှင့်လူသုံးကုန်ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီတို့ရဲ့တာဝန်လို့ခံယူပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံခြားသို့ လေ့လာခြင်းမပြုမီမှာ အမှတ်(၁)စက်မှုဝန်ကြီးဌာနမှာရှိတဲ့၊ ပြည်တွင်းမှာရှိတဲ့ ခေတ်မီ ချည်မျှင်စက်ရုံကြီးများအား ပထမအဆင့်အချိန်မရွေး လေ့လာရေးဆောင်ရွက်သင်‌့ပါကြောင်း ဖြေကြားပါသည်။