ကျွန်းသူကျွန်းသားများဟာ ရေလမ်းခရီးတစ်ခုတည်းကိုပဲ အားကိုး နေကြတာဖြစ်ပါတယ်။ မာန်အောင်မြို့အနောက်ဘက်သုံးမိုင်အကွာ ကျွန်းပတ်လည်လမ်းရဲ့ ဘေးမှာရှိ တဲ့ စမုံတဲရွာအနီးမှာ စမုံတဲလေယာဉ်ကွင်းကို ကျောက်ဖြူခရိုင် လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် ၁၉၆၉ခုနှစ်ကစပြီးကျွန်းသူ၊ကျွန်းသားတွေအားလုံးလုပ်အားပေးပြီးတော့ဆောင်ရွက် ခဲ့ပါတယ်။ လေယာဉ်ကွင်းတစ်ခုဖြစ်ဖို့အတွက် အားကြိုးမာန်တက် လုပ်အားပေးပြီးတော့ ဆောင်ရွက် ခဲ့တဲ့ဥစ္စာလည်းအောင်မြင်ပါတယ်။ တောင်နဲ့မြောက်အလျား ၄၅၀၀ ပေ၊ အနံ ၆၀၀ပေ ရှိပါတယ်။ အခု အဲဒီလေယာဉ်ကွင်းကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကနေပြီးတော့ ၁၉၈၄ ခုနှစ်ကစပြီး တာဝန်ယူ ထိန်းသိမ်းလျက်ရှိပါတယ်။ မာန်အောင်လေယာဉ်ကွင်းဟာ စပြီးတော့ ၁၉၇၂ ခုနှစ် ကစပြီး ဒါကိုတာ လေယာဉ် တစ်ပတ်ကို နှစ်ရက်ကျတိုးမြှင့်ပေးခဲ့တာ လေးနှစ်တိတိ ဖြစ်ပါတယ်။ နောက်ပွင့်လင်းရာသီ ရောက်လာတဲ့အခါမှာ ကျွန်တော်တို့ တွင်အော်တာကို တစ်ပတ်ကိုသုံးရက် အားလုံး ခုနစ်နှစ်တိတိ မြှင့်ပေးခဲ့ပါတယ်။ အဲတော့ ခရီးစဉ်တွေကတော့ ရန်ကုန်-သံတွဲ-ကျောက်ဖြူ-အမ်း နောက် ရန်ကုန်-သံတွဲ-မာန်အောင်-စစ်တွေ နောက် ဂွမြို့နယ်နဲ့ ညောင်ဦးမြို့နယ်တို့အထိ ကျွန်တော်တို့ ပြေးဆွဲ နိုင်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းရှိ ကျောင်းသူ၊ ကျောင်းသားများ အားလုံးဟာ မာန်အောင်မြို့မှ ကျောက်ဖြူ၊ စစ်တွေသို့လည်းကောင်း၊ သံတွဲ၊ ပုသိမ်၊ ရန်ကုန်သို့ လည်းကောင်း ရေလမ်းခရီးတစ်ခုတည်းကိုသာ အားကိုးသွားလာနေကြရပါ၍ ကျန်းမာရေးကိစ္စ၊ အရေးကြီးလူနာများ အမြန်ဆုံးသွားလာဆေးကုသနိုင်ရေးအတွက် မာန်အောင်မြို့ အနောက်ဘက် သုံးမိုင်အကွာမှာရှိတဲ့ ကျွန်းပတ်လမ်းဘေးက စမုံတဲလေယာဉ်ကွင်းကိုတိုးချဲ့လုပ်ဆောင်ကာ လေယာဉ် ခရီးစဉ်ရရှိအောင် ကျောင်းသူ၊ ကျောင်းသားများအားလုံးက အလွန်ပဲ အာသီသပြင်းပြ စိတ်ဆန္ဒရှိနေ ကြပါ၍ လေယာဉ်ကွင်းတိုးချဲ့ပေးရန် အစီအစဉ် ရှိ၊ မရှိနဲ့ အစီအစဉ်ရှိပါကလည်း မည့်သည့်နှစ်တွင် စတင်လုပ်ဆောင်နိုင်မည်ကို ပြန်ကြားပေးပါရန် မေးမြန်းပါသည်။
မာန်အောင်စမုံတဲလေယာဉ်ကွင်းဟာ ရခိုင်ပြည် နယ်၊ မာန်အောင်ကျွန်း၊ မာန်အောင်မြို့ရဲ့ အနောက်ဘက် ၃ မိုင်ခန့်အကွာ စမုံတဲရွာအနီးမှာတည်ရှိ ပါတယ်။ ပင်လယ်ရေပြင်အထက် ၃၃ ပေမြင့်ပါတယ်။ လေယာဉ်ကွင်းရဲ့ အကျယ်ဟာ (၆၁.၉၈ )၆၂ ဧကလောက်ကျယ်ဝန်းပါတယ်။ ဒီလေယာဉ်ကွင်းကို ကိုယ်စားလှယ်တော်ကြီးအစောပိုင်းက တင်ပြတဲ့ ၁၉၆၉ ခုနှစ်မှာ ဒေသခံပြည်သူလူထုနဲ့သူတို့ဆန္ဒနဲ့ အဲဒီအချိန်က၊ အဲဒီခေတ် အစိုးရလက်ထက်က ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တည်ဆောက်စဉ်ကတော့ ကျွန်တော်တို့ အလျားပေ ၃၀၀၀ နဲ့ အနံ ၇၅ ပေရှိပြီး ပြေးလမ်းမျက်နှာပြင်ကိုတော့ အဲဒီခေတ်၊ အဲဒီအခါက အသုံးပြုခဲ့တဲ့ မြေသားလမ်းပမာ ကျောက်စရစ်နှစ်လက်မထုခင်းပြီးတော့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီလေယာဉ် ကွင်းကို ကျွန်တော်တို့ မြန်မာ့လေကြောင်းအနေနဲ့ မှတ်တမ်းများအရ ၁၉၆၉ ခုနှစ် သူတို့လေယာဉ်ပျံ ကွင်းစဖောက်ပြီးတဲ့ အချိန်ကစပြီးတော့ ၁၉၇၉ ခုနှစ်အထိ ဒါကိုတာလေယာဉ်များ တစ်ပတ်နှစ်ကြိမ် ဆင်းသက်ပျံသန်းခဲ့ပါတယ်။ ဒါကိုတာလေယာဉ်ပျံများကို ကျွန်တော်တို့ ၁၉၇၉ ခုနှစ်မှာ ပျံသန်းဖို့ ရပ်ဆိုင်းခဲ့ပါတယ်။ Accident ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ ၁၉၇၉ ကနေပြီးတော့ ၁၉၈၅ ခုနှစ်အထိ ပွင့်လင်းရာသီမှာ ခရီးသည် ၁၉ ဦးဆန့်တဲ့ တွင်အော်တာ လေယာဉ်လေးတွေနဲ့ တစ်ပတ်ကိုနှစ်ကြိမ် ဆက်လက်ပြီးတော့ဆင်းသက်ခဲ့ပါတယ်။ သို့သော်လည်းပဲ တွင်အော်တာများကိုလည်း ကျွန်တော်တို့ ၁၉၈၅ ခုနှစ်မှာ နိုင်ငံတော်ရဲ့ပေါ်လစီအရ ကျွန်တော်တို့ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ မြို့နေလူထုရဲ့တောင်းဆိုချက်နဲ့အညီ ကျွန်တော်တို့က အဲဒီအချိန်မှာ မြန်မာ့ လေကြောင်းမှာရှိတဲ့ F-27 လေယာဉ်ဆင်းသက်ဖို့အတွက် ဒီလေယာဉ်ပျံကွင်းကို အနည်းဆုံးပေ ၄၀၀၀ ရအောင်ကျွန်တော်တို့ တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတိုးချဲ့ဆောင်ရွက်ခဲ့ခြင်းနဲ့ လေယာဉ်ပျံကွင်း ဟာ ၁၉၉၀ ကနေ ၁၉၉၁ ခုနှစ်မှာတော့ အလျား ၃၇၀၀ ပေ၊ အနံ ၇၅ ပေ၊ ထု ၁၂ လက်မ ကျောက်ထုခင်းတဲ့ လေယာဉ်ပျံကွင်းအဖြစ်ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ မာန်အောင်လေယာဉ်ပျံကွင်းကို လေယာဉ်ပျံများဆင်းသက်ခြင်းမပြုလုပ်ခဲ့ပါဘူး။ ယခု လက်ရှိအနေအထားမှာတော့ ၁၂ လက်မထုကျောက်ခင်းထားတဲ့ လေယာဉ်ပျံပြေးလမ်းဟာ ရာသီဥတု ဒဏ်ကြောင့်သော်လည်းကောင်း၊ ပြေးလမ်းပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ မဆောင်ရွက်နိုင်ခြင်းကြောင့် လည်းကောင်း ကျွန်တော်တို့ လေယာဉ်ပျံပြေးလမ်းမှာလည်း လှည်းလမ်းကြောင်းများ၊ ရေအိုင်များ ဖြစ်ပေါ်လျက်ရှိပြီး သစ်ပင်ချုံနွယ်များပေါက်ရောက်ခြင်းကြောင့်မို့လို့ လေယာဉ်ကွင်းကတော့ လောလောဆယ် ပျံသန်းလို့မရပါဘူး။ ကျွန်တော်တို့ လေယာဉ်အတက်အဆင်းအသုံးပြုနိုင်ဖို့အတွက် ဆိုလို့ရှိရင် ဒီလေယာဉ်ပျံကွင်းကို ကျွန်တော်တို့ ပြုပြင်စရာလေးတွေရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ ပြေးလမ်းနယ်နမိတ်ပါရာမီတာကို ကျွန်တော်တို့က အလျား ၇၈၀၀ ပေ၊ အနံ ၆၀၀ ပေ ရဖို့အတွက် အုန်းကျောင်းအထိ မြေသိမ်းဆည်းရေးလုပ်ငန်းနှင့် မြတ်မချောင်းဘုန်းတော်ကြီးကျောင်း ရွှေ့ပေးဖို့ဖြစ်ပါတယ်။ အဲဒီရွှေ့ပေးပြီးရင်တော့ လေယာဉ်ပျံပြေးလမ်းကို ကျွန်တော်တို့ ပေ ၆၀၀၀၊ ပေ ၁၀၀ လေယာဉ်ပျံပြေးလမ်းအဖြစ်တိုးချဲ့ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ သို့သော်လည်းပဲ မာန်အောင်မြို့ စမုံတဲလေယာဉ်ကွင်းဟာ ကျွန်တော်တို့ ကျောက်ဖြူမြို့နဲ့ ၃၆ မိုင်အကွာမှာ တည်ရှိပြီးတော့ ကျောက်ဖြူလေယာဉ်ကွင်းဟာ ရေနက်ဆိပ်ကမ်းစီမံကိန်းရှိတဲ့အတွက်ကြောင့်မို့လို့ လက်ရှိပြေးလမ်း အလျား ၄၆၂၀ ပေနဲ့ အနံ ၁၀၀ ပေကို ကျွန်တော်တို့ ကျောက်ကတ္တရာခင်းပြီး လက်ရှိ အသုံးပြုဆဲဖြစ်ပါတယ်။ အဲဒီလေယာဉ်ပျံကွင်းပြေးလမ်းကို ကျွန်တော်တို့ဒီနှစ်မှာ အလျားပေ ၁၀၀၀ ထပ်မံတိုးချဲ့တည်ဆောက်မှာဖြစ်ပြီးတော့ လာမည့်နှစ်မှာလည်း ကျွန်တော်တို့ အလျားပေ ၁၄၀၀ ထပ်မံ တိုးချဲ့ဖို့စီမံဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ဖြူလေယာဉ်ပျံကွင်းဟာ နောင် ၂ နှစ် မှာ အလျား ၇၀၀၀ ပေ၊ အနံ ၁၀၀ ပေရှိပြီးတော့ ဂျက်လေယာဉ်ပျံများ ဆင်းသက်နိုင်တဲ့အဆင့်ကို ရောက်မှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ အဆိုရှင်တင်ပြတဲ့ မာန်အောင်စမုံတဲ လေယာဉ်ကွင်းဟာ ကျောက်ဖြူလေယာဉ်ပျံကွင်းနဲ့ ၃၆ မိုင်အကွာတွင်ရှိပါတယ်။ ၃၆ မိုင်အကွာ မှာရှိ ပြီးတော့ တကယ်လို့ ပြေးလမ်းအရှည်ပေ ၄၀၀၀ အထက် ကျွန်တော်တို့ ပိုပြီးတော့တည်ဆောက်ဖို့ လောလောဆယ် မလိုအပ်ပါဘူး။ သို့သော်လည်းပဲ ဒီ မာန်အောင်ကျွန်းသည် သီးခြားကျွန်းကြီး တစ်ကျွန်းဖြစ်ပါတယ်။ သီးခြား ကျွန်းကြီးတစ်ကျွန်းဖြစ်တော့ အရင်အစဉ်လာကလည်း ကျွန်တော်တို့ လေယာဉ်ပျံများ ဆင်းသက်ပြီးတော့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးရည်ရွယ်ချက်များ နောက်တစ်ခါ ခရီးသည်လိုက်ပါမှုများအပေါ်မူတည်ပြီးတော့ ဝန်ကြီး ဌာနအနေနဲ့ လေယာဉ်ငယ်များဝယ်ယူပြီး လေယာဉ်ပျံများကို ဆင်းသက်ပေးဖို့ အစီအစဉ် ကျွန်တော်တို့ရှိပါတယ်။ ဒီမှာ နောက်ဆုံးအနေနဲ့ ကျွန်တော်တင်ပြချင်တာကတော့ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ သုံးစွဲခဲ့တဲ့ရန်ပုံငွေဟာ ကျွန်တော်တို့ ရှာတဲ့ရန်ပုံငွေထဲကပဲဖြစ်ပါတယ်။ အဲဒီ ငွေတွေထဲကပဲ ကျွန်တော်တို့ နိုင်ငံတော်အပေါ်မှာ ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့၊ နိုင်ငံတော်အစိုးရအနေနဲ့ အကြွေးမတင်ဖို့၊ Balance Budget ဖြစ်ဖို့အတွက် ကျွန်တော်တို့ ဝန်ကြီးဌာန ကြိုးစားရှာတဲ့ငွေနဲ့ပဲ လေယာဉ်ပျံကွင်းများ တည်ဆောက်ခြင်း၊ သင်္ဘောဆိပ်များ တည်ဆောက်ခြင်း၊ သင်္ဘောများတည် ဆောက်ခြင်းကို ကျွန်တော်တို့ မူဝါဒချမှတ်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒေသရဲ့လိုအပ်ချက်နဲ့ ခုနဒေသဖွံ့ဖြိုးဖို့အတွက် လိုအပ်မယ်ဆိုရင် ကျွန်တော်တို့ ဒီမာန်အောင်ကွင်းကို ကျွန်တော်တို့ ပြုပြင် ထိန်းသိမ်းပြီးတော့ ကျွန်တော်တို့ လေယာဉ်ငယ်များပြေးဆွဲပေးဖို့ စီစဉ်ထားပါကြောင်း ဖြေကြားပါသည်။
