ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ဟာ ခရိုင်ရုံးစိုက်ရာမြို့ကြီး ဖြစ်ပါတယ်။ ကော့ကရိတ်မြို့မှာ ယခု မီးပေးနေတဲ့အခြေအနေဟာ ၈၆၀ အား စကိုဒါစက်ကြီးကို ဒီဇယ်ဆီဖြင့် လည်ပတ်ပြီးတော့ တစ်ညကိုသုံးနာရီနှုန်း၊ တစ်ညခြား ကျွန်တော်တို့မီးပေးလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ အများပြည်သူလျှပ်စစ်မီးသုံးစွဲရန် လုံလောက်မှုမရှိပါဘူး။ ကရင်ပြည်နယ်မှာ တည်ဆောက်လျက်ရှိတဲ့ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းမှာလည်း အနည်းဆုံး(၇)နှစ်ကြာမှရမယ်လို့သိရှိရပါတယ်။ ဒါကြောင့် ကော့ကရိတ်မြို့ကို မဟာဓာတ်အားလိုင်း National Power Grid ကနေပြီးတော့ လျှပ်စစ်မီး သွယ်တန်းဖြန့်ဝေပေးနိုင်မယ်ဆိုလို့ရှိရင် စက်ရုံ၊ အလုပ်ရုံတွေတည်ထောင်နိုင်ပြီးတော့ အလုပ်အကိုင် ရှားပါးမှုနှင့် အလုပ်လက်မဲ့ပြဿနာများကို တစ်နည်းတစ်ဖုံ ထိန်းညှိဖြေရှင်းပေးနိုင်မယ့်အပြင် ကော့ကရိတ်မြို့မှတစ်ဆင့်နောင်မှာ မြဝတီမြို့ကိုလည်းဆက်လက်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နိုင်မှာဖြစ်ပါတယ်။ အကယ်၍ လျှပ်စစ်ဓာတ်အားသွယ်တန်းဖြန့်ဝေပေးပါက သထုံ၊ ဘားအံ၊ မော်လမြိုင်သို့သွယ်တန်းဖြန့်ဝေထားသော မဟာဓာတ်အားလိုင်းမှဓာတ်အားဖြန့်ယူ၍ အသုံးပြုနိုင် ကြောင်း လေ့လာသိရှိရပါတယ်။ သို့ဖြစ်ပါ၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် စက်ရုံ၊ အလုပ်ရုံများတည်ထောင်နိုင်ရန်နှင့် အများပြည်သူလျှပ်စစ်ဓာတ်အားသုံးစွဲရန်အတွက် မဟာ ဓာတ်အားလိုင်း National Power Grid သွယ်တန်းဖြန့်ဝေရေးအစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်။ အစီအစဉ်မရှိသေးပါကလည်း ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းပါသည်။
ကျွန်တော့်အနေဖြင့် ပထမဦးစွာ ကရင်ပြည်နယ်၊ ကော့ကရိတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်ဇော်ရဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများတည်ထောင်နိုင်ရန်နှင့် အများပြည်သူလျှပ်စစ်ဓာတ်အား လုံလောက်စွာသုံးစွဲနိုင်ရန် မဟာဓာတ်အားလိုင်းသွယ်တန်းဖြန့်ဝေပေးရေးအစီအစဉ် ရှိ၊ မရှိ သိလို ပါသည်ဆိုတဲ့မေးခွန်းကို ပထမဦးစွာ ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ လက်ရှိ ကော့ကရိတ်မြို့မှာ မီးသုံးသူ ၁၄၆၃ ဦးရှိပြီးတော့ ၈၆၀ ကေဗွီအေ၊ စကိုဒါမီးစက်နှစ်လုံးနဲ့ ၁၀၀ ကေဗွီအေ၊ စကိုဒါ မီးစက်တစ်လုံးတို့ဖြင့် ဓာတ်အားပေးလျက်ရှိပါတယ်။ လျှပ်စစ်ဓာတ်အားပိုမိုထွက်ရှိလာမည့် အခြေ အနေပေါ်မူတည်၍လည်းကောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်မှုကို ရည်မှန်း၍လည်းကောင်း ကရင်ပြည်နယ်အတွင်း တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ပြီး သထုံမြို့သို့ရောက်ရှိပြီဖြစ်သော ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်းကို ကော့ကရိတ်မြို့အထိဓာတ်အားပို့လွှတ်ရန် စီမံကိန်းသတ်မှတ် ထားပြီးဖြစ်ပါတယ်။ ယင်းစီမံကိန်းတွင် သထုံ၊ ကော့ကရိတ် ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်း ၈၅ မိုင်၊ ကော့ကရိတ်မြို့မှာ ၂၃၀/၆၆ ကေဗွီ၊ ၁၀၀ အမ်ဗွီအေဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ခြင်းလုပ်ငန်း များပါဝင်မှာဖြစ်ပါတယ်။ ၎င်းအပြင် ကော့ကရိတ်မှတစ်ဆင့် မြဝတီမြို့ကိုဆက်လက်ဓာတ်အားပို့လွှတ် နိုင်ရေးစီမံကိန်းလည်း သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် ဦးသူရိန်ဇော် မေးမြန်းထား သောမေးခွန်းဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်၊ မြဝတီဒေသမီးရရှိရေးမှာ သထုံ၊ မော်လမြိုင် ဓာတ်အားလိုင်းဆွဲတဲ့ အချိန်ပြီးတာနဲ့တစ်ပြိုင်တည်း ဆက်လက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
