ချင်းပြည်နယ်သည် အိန္ဒိယနဲ့တစ်ဆက်တည်းသော ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ဤကဲ့သို့ နယ်စပ်ပြည်နယ်ဖြစ်သည့်အားလျော်စွာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍသည် ဆင်းရဲ နွမ်းပါးသော ချင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သော အဓိကအချက် ဖြစ်ပါတယ်ရှင်။ ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့ ချင်းတိုင်းရင်းသားတို့သည် ဒေသထွက်သယံဇာတ ပစ္စည်းများမရှိသည့်အတွက် ချင်းတိုင်းရင်းသားတို့သည် နယ်စပ်ကုန်သွယ်ရေးကိုပဲအားကိုးပြီး စောင့်မျှော်နေကြပါတယ်ရှင်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို နယ်စပ်ကုန်သွယ်ရေးနေရာအဖြစ် သတ်မှတ်ပေးနိုင်ပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ ဆင်းရဲနွမ်းပါးသော ချင်းပြည်နယ်အတွက်လည်းကောင်း၊ ထန်တလန်မြို့နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက်လည်းကောင်း အဓိကအထောက်အကူပြုနိုင်မည်ဟု ယူဆမိပါတယ်။ ယခုအခါ လူသွားလမ်းများကို အထူးပြုပြီး ကျေးရွာများမှ ဖောက်လုပ်ထားသော ကိုယ်ထူကိုယ်ထကားလမ်းများဖြင့် အိန္ဒိယပြည်နယ်နှင့် ဆက်သွယ်နေကြပါတယ်။ သို့ဖြစ်ပါ၍ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အား နယ်စပ်ကုန်သွယ်ရေး မြို့အင်္ဂါနှင့်အညီ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်ပါသည်ဟု ယူဆမိပါတယ်။ သို့ဖြစ်ပါ၍ကျွန်မမေးမြန်းလိုတာကတော့ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အား နယ်စပ်ကုန်သွယ်ရေး
မြို့အဖြစ် သတ်မှတ်ပေးပြီး လိုအပ်သောလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများ ပြုလုပ်ပေး နိုင်ရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းပါသည်။
နိုင်ငံတော်အနေနဲ့ ၁၉၈၈ ခုနှစ်ကစတင်ပြီးတော့ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံ မျက်နှာစာအလိုက် နယ်စပ် ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ရာမှာ မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကို ၁၉၉၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှာ ဖွင့်လှစ်ခဲ့သလို ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့မှာ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီးတော့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက် လျက်ရှိပါတယ်။ အိန္ဒိယမျက်နှာစာမှာ ထန်တလန်မြို့နယ်ကို နယ်စပ်ကုန်သွယ်ရေးမြို့အဖြစ်သတ်မှတ် ပေးနိုင်ဖို့ဆိုရင် ထန်တလန်မြို့ရဲ့အရှေ့ဘက် ၃၅ မိုင် ၄ ဖာလုံဝေးတဲ့ နယ်စပ်ဒေသလုံလဲနဲ့ ၄၄ မိုင် ဝေးတဲ့ နယ်စပ်ဒေသစာစီချောက် တစ်ခုခုကိုတော့ ရွေးချယ်ဖို့စဉ်းစားကြရမှာ ဖြစ်ပါတယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ရာမှာ ထည့်သွင်းစဉ်းစားရတဲ့ အချက်တွေကို ကြည့်မယ်ဆိုရင် နယ်စပ်ကုန်သွယ်မှုစခန်းများ ဖွင့်လှစ်မယ့် နှစ်ဘက်နိုင်ငံဒေသတွင်း လုံခြုံမှုရှိခြင်းနဲ့ လမ်းပန်း ဆက်သွယ်မှု အြခေအနေဟာ ကုန်သွယ်မှုချောမွေ့စွာ ဆောင်ရွက်နိုင်တဲ့အဆင့်အထိ ကောင်းမွန်ဖို့ လိုအပ်ခြင်းများ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံချစ်ကြည်မှုရှိခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ဖို့ နှစ်နိုင်ငံညှိနှိုင်းသဘောတူညီချက် ရရှိထားခြင်းဖြစ်ဖို့လည်းပဲ လိုအပ်ပါတယ်။ ယခုလို ညှိနှိုင်းပြီးပါကလည်းပဲ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေမှာ ကုန်သွယ်မှုလုပ်ငန်း၊ အကောက်ခွန်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ လူဝင်လူထွက်ကြီးကြပ်ရေးအစီအစဉ်များအပါအဝင် အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ ပြည့်စုံရမှာ ဖြစ်ပါတယ်။ ကုန်သွယ်မှုအနေအထားကို ကြည့်ရင်လည်းပဲ ဒေသအတွင်း နှစ်ဖက်ပြည်သူစားသုံးဖို့ သာမန်သွားလာဝယ်ယူတဲ့ ကုန်သွယ်မှုပမာဏအဆင့်သာမဟုတ်ဘဲနဲ့ နှစ်နိုင်ငံပို့ကုန်၊ သွင်းကုန်အပြန်အလှန် မျှတစွာကုန်သွယ်နိုင်တဲ့ ထိုက်သင့်တဲ့ ကုန်သွယ်မှုပမာဏ ရှိဖို့လည်းလိုအပ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ အခြားတိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ချိတ်ဆက်ပြီး ကုန်သွယ်မှုပြုနိုင်တဲ့ အခြေအနေလည်းရှိရမှာ ဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့ ရဲ့အနေအထား၊ နယ်မြေအေးချမ်းလုံခြုံမှုရှိပါတယ်။ ဒါပေမယ့်လည်း အခြားအချက်များအားလုံး လိုလိုနဲ့ပြည့်စုံမှုရှိအောင် လုပ်ဆောင်ကြရဦးမှာဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းတွေရဲ့ သဘောကို ပြန်ကြည့်ရင်လည်းပဲ နှစ်နိုင်ငံနယ်စပ်ကုန်းတွင်းပိုင်းမျက်နှာစာ ဘယ်လောက်ပဲရှည်ပါစေ၊ စောစောကတင်ပြခဲ့တဲ့ အခြေခံအချက်တွေ ပြည့်စုံတဲ့နေရာတွေမှာသာ ဖွင့်လှစ်ရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထန်တလန်မြို့နယ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ဖို့ဆိုရင် အခြေခံအချက်များ ပြည့်စုံမှုရှိလာရင် နယ်စပ်စခန်းဖွင့်လှစ်နိုင်ဖို့အတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ရာမှာ အဓိကလုပ်ငန်းလုပ်ဆောင်ကြရမယ့် ဝန်ကြီးဌာနများဖြစ်တဲ့စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့်လည်းကောင်း၊ နယ်မြေလုံခြုံရေးနဲ့လမ်းကိစ္စများ ဆောင်ရွက်ပေး ကြရမယ့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့နဲ့လည်းကောင်း ပေါင်းစပ်ညှိနှိုင်း အဖွဲ့ ဖွဲ့စည်းပြီးတော့ ကွင်းဆင်းလေ့လာဆောင်ရွက်ပြီးတော့ တွေ့ရှိချက်များအပေါ်မူတည်ပြီး ပြည်ထောင်စုအစိုးရထံ လိုအပ်သလိုတင်ပြဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေး Joint Trade Committee Meeting အစည်းအဝေးမှာလည်းပဲ ကျွန်တော်နဲ့ အိန္ဒိယကုန်သွယ်ရေးဝန်ကြီး မစ္စတာအာနာရှားမားနဲ့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးချဲ့ဆောင်ရွက်ပြီးတော့ Trade Value ကုန်သွယ်မှုပမာဏ တိုးတက်မြှင့်တင်ရေးအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံတော်သမ္မတကြီးရဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ အိန္ဒိယခရီးစဉ်မှာလည်းပဲ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးချဲ့ဆောင်ရွက်ဖို့ ဖော်ပြဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် အခြေအနေပေးတာနဲ့အမျှ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ် သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
