(စ)-ကျန်းမာရေးကဏ္ဍ၊ ဘဏ္ဍာငွေသုံးစွဲရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၃-၉-၂၀၁၁)

ကျန်းမာရေးမေးခွန်းကတော့ မြန်မာနိုင်ငံမှာလွန်ခဲ့သော ၅ နှစ်အတွင်း အသုံးပြုခဲ့သော ဘဏ္ဍာငွေများအနက်မှ ကျန်းမာရေးကဏ္ဍအတွက် မည်သို့မည်ပုံခွဲဝေသုံးစွဲခဲ့သည်ကို ရှင်းလင်းဖြေကြားပေးနိုင်ပါမည်လော။ နံပါတ်(၂)မေးခွန်း ယခု ၂၀၁၁-၂၀၁၂  ဘဏ္ဍာရေးနှစ်ရှိ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေအရ ကျန်းမာရေးကဏ္ဍ၊ ဘဏ္ဍာငွေအသုံးစရိတ်အတွက် အစိုးရ အဖွဲ့တစ်ခုလုံး၏ အသုံးစရိတ်အချိုးအစား၊ Percent of Government Expenditure အရ မည်မျှရှိသည်ကို ရှင်းလင်းပြနိုင်ပါသလား။ နံပါတ်(၃) ကရေရှည်မှာ ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်လို့ အခြားနိုင်ငံများနည်းတူ မြန်မာပြည်မှာတိုးတက်သုံးစွဲရန် မည်သို့အစီအမံများရှိသည်ကို ရှင်းလင်း ပြနိုင်ပါမည်လားဆိုတဲ့ မေးခွန်းသုံးခုဖြစ်ပါတယ်။ မေးခွန်းသုံးခုနဲ့ပတ်သက်ပြီးမရှင်းပြခင် ကျွန်မ ပြီးခဲ့တဲ့အင်္ဂါနေ့က ပညာရေးကဏ္ဍမေးတဲ့အခါမှာ ပထမဦးဆုံးအရေးကြီးတဲ့မေးခွန်းဖြစ်တဲ့ ဒီဘဏ္ဍာငွေ ထဲကနေပြီးတော့ ကျန်းမာရေးကဏ္ဍကဲ့သို့ပဲ ပညာရေးကဏ္ဍမှာလွန်ခဲ့တဲ့ ၅ နှစ်ကဘယ်လိုသုံးခဲ့သလဲ လို့မေးတဲ့မေးခွန်းကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖြေကြားတဲ့အထဲမှာမပါခဲ့ပါဘူး။ နောက်တစ်ခါ ဒီလွှတ်တော်ရဲ့ ဇယားလေးထည့်တဲ့အခါမှာလည်း အဲ့ဒီ ၅ နှစ်စာအသုံးစရိတ်မေးတဲ့ မေးခွန်းလေးကကျန်ရစ်ခဲ့ပါတယ်။ တစ်ပါတည်းတင်ပြပါတယ်။ အဲ့တော့ အခုကျွန်မ ကျန်းမာရေးနဲ့ ပတ်သက်လို့ လေးမိနစ်ခန့်ရှင်းလင်းပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှာ CSO ဗဟိုစာရင်းအင်းအဖွဲ့ ကနေထုတ်ဝေတဲ့ Statistical Year Book 2008 ကနေပြီးတော့ ပြည်သူ့ဘဏ္ဍာငွေရှင်းတမ်းမှာ ကဏ္ဍအလိုက်အသုံးစရိတ်ကိုပြန်ကြည့်မယ်ဆိုရင် ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်ကိုဖော်ပြထား တာမတွေ့ခဲ့ရပါဘူး။ နောက်အစိုးရအဖွဲ့ကလည်း ဘဏ္ဍာငွေခွဲဝေချထားရေးနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့နိုင်ငံအများစုကျင့်သုံးနေတာကို လေ့လာကြည့်ရှုလို့ရှိရင်လည်း ကျန်းမာရေးနဲ့ ပညာရေး  ကဏ္ဍမှာ ကျွန်မတို့မြန်မာပြည်က ဦးစားပေးမှုနည်းနေတာကိုတွေ့ရပါတယ်။ အဲ့တော့ ကျွန်မက အုပ်စုခွဲပြီးတော့တင်ပြမှာပါ။ အုပ်စုခွဲပြီးတင်ပြတဲ့အကြောင်းရင်းက တူတဲ့အုပ်စု၊ မတူတဲ့အုပ်စု Compare and Contract ဖြစ်ချင်လို့၊ နှိုင်းယှဉ်ချင်လို့ ခွဲခြားပြီးတင်ပြခြင်းဖြစ်ပါတယ်။ ကျွန်မ အုပ်စုသုံးစုကို ပြန်ပြီးတော့ရှင်းပြပါမယ်။ ပထမအုပ်စုကကျတော့ ဝင်ငွေအနိမ့်ဆုံးနိုင်ငံဖြစ်ပြီး‌တော့ တစ်ဦးချင်းပျမ်းမျှတစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၀၀ အောက်ရှိပါတယ်။ ဒုတိယအလယ် အလတ်အုပ်စုကကျတော့ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၀၀၀ ကနေ ၉၀၀၀ ကြားရှိပြီးတော့ တတိယအမြင့်ဆုံးအုပ်စုကတော့ အမေရိကန်ဒေါ်လာ ၁၇၀၀၀ အထက်ရှိနိုင်ငံများ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မက တူတဲ့အုပ်စု၊ မတူတဲ့အုပ်စုမှာ ကျွန်မတို့မြန်မာပြည်က ဝင်ငွေအနိမ့်ဆုံးနိုင်ငံထဲမှာပါ ပါတယ်။ အဲ့ဒီတော့ နိုင်ငံအသီးသီးရဲ့ အစိုးရအသုံးစရိတ်စုစုပေါင်းမှာ ကျန်းမာရေးကဏ္ဍအတွက် ဘယ်လိုသုံးစွဲထားလဲကြည့်မယ်ဆိုရင် ကျွန်မတို့ကအနည်းဆုံး ၃ ရာခိုင်နှုန်းကနေပြီးတော့ အများဆုံးက ၁၅ ရာခိုင်နှုန်းအထိ သုံးစွဲထားတာတွေ့ရပါတယ်။ နောက်နမူနာအနေနဲ့ကြည့်မယ်ဆိုရင် ဝင်ငွေ အနိမ့်ဆုံးနိုင်ငံအုပ်စုမှာ လူတစ်ဦးချင်းအတွက် ကျန်းမာရေးအသုံးစရိတ်က အမေရိကန်ဒေါ်လာ        ၅ ဒေါ်လာကနေ ၁၅ ဒေါ်လာရှိပါတယ်။ ဒုတိယအုပ်စုနိုင်ငံကကျတော့ အမေရိကန်ဒေါ်လာ ၄၀ ကနေ ၃၆၀ နဲ့အထက်ရှိတယ်။ နောက် အဆင့်သုံးနိုင်ငံများမှာကျတော့ အမေရိကန်ဒေါ်လာ ၁၈၀ ကနေ ပြီးတော့ ၂၅၀၀ အထိသုံးစွဲတာကိုတွေ့ရပါတယ်။ အဲ့တော့မြန်မာနိုင်ငံရဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အတွက် နိုင်ငံတော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့နဲ့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အဲ့ဒီဥပဒေ (၉/၂၀၁၁) အရဆိုရင် မြန်မာနိုင်ငံရဲ့ကျန်းမာရေး ကဏ္ဍအတွက် လူတစ်ဦးကျအသုံးစရိတ်ကကျပ်ငွေ ၁၅၈၆ ကျပ်၊ အတိအကျအားဖြင့် ၁၅၈၆ ကျပ်ပဲ ရှိတာကိုတွေ့ရပါတယ်။ အဲ့တော့ ခုန ကျွန်မနှိုင်းယှဉ်ပြခဲ့တဲ့ ဝင်ငွေအနိမ့်ဆုံးနိုင်ငံမှာ လူတစ်ဦးချင်း အတွက် ကျန်းမာရေးအသုံးစရိတ်က ၅ ဒေါ်လာ ကနေ ၁၅ ဒေါ်လာရှိတယ်။ မြန်မာပြည်က ၁၅၈၆ ကျပ်ရှိတော့ အများကြီးကွာခြားနေပါတယ်။ Market Price နဲ့ပြန်တွက်ကြည့်မယ်ဆိုလို့ရှိရင် ၅၀၀၀ နဲ့ ၁၅၈၆ ကျပ်ကွာခြားတာတွေ့ရပါတယ်။ အဲ့ဒီတော့ အဆိုပါအသုံးစရိတ်က တစ်ဦးချင်းဝင်ငွေ ခုန ဒေါ်လာ ၂၀၀၀ ရှိတဲ့ပထမအုပ်စုနိုင်ငံတွေရဲ့ အနိမ့်ဆုံးအသုံးစရိတ် ၅ ဒေါ်လာအောက်တောင်မှ အများကြီးနိမ့်ကျနေတာတွေ့ရပါတယ်။ အဲ့ဒီတော့ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာဆိုရင် ကျန်းမာရေးနဲ့ပတ်သက်တဲ့စာရင်းအရ အမျိုးသားကျန်းမာရေးအတွက် အရေးကြီးတဲ့ညွှန်းကိန်းတွေကို ပြန်ကြည့်မယ်ဆိုရင် မွေးကင်းစကလေးတစ်သိန်းမှာ သေဆုံးသူဦးရေဟာ မြောက်ကိုရီးယားမှာ ၂၄.၈၄၊ အရှေ့တီမောမှာ ၄၇.၈၆၊ ဘင်္ဂလားဒေ့ရှ်မှာ ၆၄.၃၂၊ မြန်မာနိုင်ငံမှာကျတော့ ၆၈.၇၈ ဖြစ် နေပါတယ်။ တစ်ခါအရေးကြီးတဲ့ သားဖွားမိခင်ဦးရေတစ်သိန်းမှာဆိုရင် သေဆုံးသူဦးရေဟာ ထိုင်းမှာ ၄၄ ဦး၊ သီရိလင်္ကာမှာ ၆၀ ဦး၊ ဗီယက်နမ်မှာ ၉၅ ဦး၊ မြန်မာပြည်မှာကျတော့ ၂၀၃ ဦး တောင်ရှိပါတယ်။ အဲ့ဒီတော့ ကျန်းမာရေးရဲ့ ဒီလိုအခြေအနေများကို ကြည့်ခြင်းအားဖြင့် ကျွန်မမေးတဲ့ မေးခွန်းလေးကို ပြည့်စုံအောင် ဖြေကြားပေးပါရန် မေးမြန်းပါသည်။          

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးရဲ့မေးခွန်းကတော့ ကျန်းမာရေးကဏ္ဍ ဘဏ္ဍာငွေသုံးစွဲရေးနဲ့စပ်လျဉ်းတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲ့ဒီမေးခွန်းကို ကျွန်တော့်ဆီမှာတော့ ဒီမေးခွန်း (၁)နဲ့(၂)လို့နှစ်ပိုင်းတွေ့တယ်။ ဒါပေမယ့် အခု ဒေါ်တင်နွယ်ဦး မေးသွားတာကတော့ သုံးခုလို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော် ခြုံငုံပြီးတော့ဖြေပါ့မယ်။ အဲ့ဒါလေးကို အဆင်ပြေမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ကျန်းမာရေးကဏ္ဍအတွက် ဘယ်လိုခွဲဝေသုံးစွဲခဲ့သလဲဆိုတာကို မေးခွန်းနဲ့ ပတ်သက်လို့ဖြေရမယ်ဆိုလို့ရှိရင်တော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှရရှိတဲ့ စာရင်းဇယားများ အရ ၂၀၀၆-၂၀၀၇ ခုနှစ်ဘဏ္ဍာရေးနှစ်မှာ ကျပ် ၄၂.၆၇၅ ဘီလီယံဖြစ်ပြီးတော့ အစိုးရတစ်ဖွဲ့လုံးရဲ့ အသုံးစရိတ်ရဲ့ ၁.၁၆ ရာခိုင်နှုန်းသုံးခဲ့ပါတယ်။ ၂၀၀၇-၂၀၀၈ ခုနှစ်ဘဏ္ဍာရေးနှစ်မှာ ကျပ် ၄၃.၃၀၆ ဘီလီယံဖြစ်ပြီးတော့ အစိုးရတစ်ဖွဲ့လုံးအသုံးစရိတ်ရဲ့ ဝ.၈၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်ဘဏ္ဍာရေးနှစ်မှာ ကျပ် ၄၅.၈၂၁ ဘီလီယံဖြစ်ပြီးတော့ အစိုးရတစ်ဖွဲ့လုံးအသုံးစရိတ်ရဲ့ ဝ.၈၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ ခုနှစ်ဘဏ္ဍာရေးနှစ်မှာ ကျပ် ၅၅.၈၃၆ ဘီလီယံဖြစ်ပြီးတော့ အစိုးရတစ်ဖွဲ့လုံးအသုံးစရိတ်ရဲ့ ဝ.၈၉ ရာခိုင်နှုန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀-၂၀၁၁ ခုနှစ်ဘဏ္ဍာရေး နှစ်မှာတော့ ကျပ် ၇၇.၂၅၉ ဘီလီယံသုံးစွဲခဲ့ပြီးတော့ အစိုးရတစ်ဖွဲ့လုံးအသုံးစရိတ်ရဲ့ ဝ.၉၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒီငွေတွေကို ဘယ်လိုသုံးစွဲခဲ့သလဲဆိုရင်တော့ ကျွန်တော်တို့မှာ ဦးစီးဌာန(၇)ခု၊ (၇)ခုကနေပြီးတော့ ကျွန်တော်တို့ ဒီ သူ့ရဲ့လုပ်ငန်းဆောင်တာအလိုက်ပေါ့လေ။ ဥပမာ - ကျန်းမာရေး ဦးစီးဌာနဆိုလို့ရှိရင်လည်း ဆေးရုံကြီးများအသစ်တိုးချဲ့တယ်။ ရှိပြီးသားဆေးရုံတွေကို အဆင့်တိုးမြှင့် ပေးတယ်။ ဥပမာ- ၁၆ ကနေ ၂၅၊ ၂၅ ကနေ ၅၀၊ ရှိပြီးသားဆေးရုံတွေကိုပဲ စံကိုက်ဖွဲ့စည်းပုံဖြစ်အောင် ပြင်ဆင်ပေးတယ်။ အထူးကုဌာနများ တိုးချဲ့ဖွင့်လှစ်တယ်။ နောက်ပြီးတော့ ဒီသက်ဆိုင်ရာဆေးရုံများကို ဒီဆေးရုံရဲ့ ကုသမှုအရည်အသွေးတိုးမြှင့်အောင်လုပ်ဆောင်ပေးတယ်။ ကျန်းမာရေးဝန်ထမ်းများကို ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမစသဖြင့် ကျွန်တော်တို့က မွေးထုတ်ပေးတယ်။ ဒါတွေအတွက် ကျွန်တော်တို့ သုံးစွဲတာပဲဖြစ်ပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ကျန်းမာရေးကဏ္ဍ အတွက် ဘဏ္ဍာငွေအသုံးစရိတ်ကတော့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ရရှိတဲ့စာရင်းဇယားများ အရ အစိုးရတစ်ဖွဲ့လုံးအသုံးစရိတ်ရဲ့ ၁.၁၄ ရာခိုင်နှုန်းရှိတဲ့အကြောင်း ဖြေကြားအပ်ပါတယ်။

 နောက်မေးခွန်းနဲ့ပတ်သက်လို့ တိုးတက်သုံးစွဲရန် အစီအမံများရှိပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ဖြေကြားရမယ်ဆိုရင် ရေရှည်မှာတော့ကျွန်တော်တို့ဟာ အခြားနိုင်ငံများနည်းတူ ကျန်းမာရေးကဏ္ဍအတွက် တိုးတက်သုံးစွဲရန် အစီအမံများရှိပါတယ်။ သုံးမှာလည်းဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးစီမံကိန်းများ၊ သုတေသနနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ ကျေးလက်နေပြည်သူများ အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ ဆေးရုံကြီးများအသစ်ဖွင်‌့လှစ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများ အသစ်ဖွင့်လှစ်ခြင်း၊ ခေတ်မီဆေးရုံသုံး စက်ပစ္စည်းကိရိယာများ၊ ဆေးဝါးများဝယ်ယူဖြည့်တင်းခြင်း၊ နောက်ပြီးတော့ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးဝန်ထမ်းများကို အလုံအလောက်လေ့ကျင့်ဖြည့်ဆည်းခြင်းဆိုတဲ့ လုပ်ငန်းတွေကိုလုပ်ဖို့ အတွက်ကို နောင်နှစ်တွေမှာ ရန်ပုံငွေများပိုမိုတောင်းခံတင်ပြသုံးစွဲသွားမည်ဖြစ်တဲ့အကြောင်း ဖြေကြား ပါသည်။