(ဇ)-ရခိုင်ပြည်နယ်ရေထွက်ပစ္စည်းများကို အခွန်နှစ်ထပ်ပေးဆောင်နေရခြင်းမှ ကင်းလွတ်ခွင့်ပြုရန်နှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၇) ရက်မြောက်နေ့ (၁၉-၁၀-၂၀၁၁)

ရခိုင်ပြည်နယ်မြို့နယ်များကနေပြီးတော့ ရေထွက်ပစ္စည်းများအပေါ်မှာ အခွန်နှစ်ရပ်ကောက်ခံ နေခြင်းကို ကင်းလွတ်ခွင့်ပြုနိုင်ဖို့အတွက် တင်ပြသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှာ ရေလုပ်ငန်းရှင်များဟာ ငါးလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင်ပြီးတော့ ဝယ်ယူစုဆောင်းခွင့် လိုင်စင် အဖြစ် ရေထွက်ပစ္စည်းများကို စုဆောင်းကာ သံတွဲမှတစ်ဆင့် လေကြောင်းခရီးဖြင့်လည်းကောင်း၊ တောင်ကုတ်မှတစ်ဆင့် ကုန်းလမ်းခရီးဖြင့်လည်းကောင်း ရန်ကုန်မြို့ရှိ စက်ရုံများ၊ ကုမ္ပဏီများသို့ ပို့ဆောင်လျက်ရှိပါတယ်။ အဲဒီစက်ရုံများနဲ့ ကုမ္ပဏီများကလည်း ကျသင့်သော အခွန်အခများကို ထပ်မံပေးဆောင်ပြီး ရန်ကုန်နှင့် အခြားမြို့များသို့ ဆက်လက်ရောင်းချကြရပါတယ်။ ထိုသို့ ရခိုင်ပြည်နယ်မှ ထွက်ရှိတဲ့ ရေထွက်ပစ္စည်းများကို ပို့ဆောင်ရာမှာ ရေလုပ်ငန်းရှင်များဟာ              (၁) ကုန်သွယ်လုပ်ငန်းခွန်၊ (၂) ဝင်ငွေခွန်၊ အမြတ်ခွန်နှစ်ရပ်လုံးကို သက်ဆိုင်ရာမြို့နယ်ရုံးများမှာ ပေးဆောင်နေကြရပါ၍ အမြတ်အစွန်းမကျန်သလောက်ဖြစ်ပြီး ငွေကုန်လူပန်းဖြစ်ကာ မိအေးနှစ်ခါနာ ဘဝကို ရောက်ရှိနေကြပါတယ်ခင်ဗျား။ ယခုကဲ့သို့ အခွန်နှစ်ရပ် ပေးဆောင်နေရခြင်းဟာ ရခိုင် ပြည်နယ်တစ်ခုတည်း၌သာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကဲ့သို့ ရေလုပ်ငန်းလုပ်နေတဲ့ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ အခွန်တစ်ရပ်သာပေးဆောင်ရကြောင်း မေးမြန်းစုံစမ်းသိရှိရပါ တယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ လေ့လာသိရှိရသလောက် တင်ပြရမယ်ဆိုရင် ကျွန်တော်တို့အမြဲတမ်းလို ပြောဆိုနေကြတဲ့လောကပါလတရားမှာလည်းပါပါတယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်းနဲ့ တရားမျှတခြင်း ဆိုတာရှိပါတယ်။ အင်္ဂလိပ်လိုတော့ Liberty, Equality, Eternal Principle of Justice  ဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၉၊ အပိုဒ် (ဂ) မှာလည်း နိုင်ငံတော်သီချင်းမှာ ဒါကို ထည့်သွင်းဖော်ပြထားတာတွေရှိပါ တယ်။ အဲဒီမှာကို ကျွန်တော်တို့ နိုင်ငံတော်သီချင်းမှာဆိုလို့ရှိရင် ဌာန်ကရိုဏ်း ကျကျမဆိုတတ်တော့ ဖတ်ပြပါမယ်။ တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ၊ တို့ပြည် တို့မြေ၊ များလူခပ်သိမ်းငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ၊ တို့ပြည်တို့မြေ၊ ပြည်ထောင်စုအမွေ၊ အမြဲတည်တံ့စေ၊ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ။ ဆိုပြီးတော့မှ ကမ္ဘာမကျေ၊ မြန်မာပြည်ဆိုပြီးတော့ နောက်ဆုံးဘိတ်မှာတော့ ဒို့တာဝန်ပေ အဖိုးတန်မြေဆိုပြီးတော့ အဆုံးသတ်ပါတယ်။ အဲဒါ ကျောင်သားကလေးတွေ ကျောင်း တက်တိုင်းဆိုနေကြတဲ့ နိုင်ငံတော်သီချင်းဖြစ်ပါတယ်။ အဲဒီနိုင်ငံတော်သီချင်းထဲမှာကိုက တရားမျှ တခြင်း၊ လွတ်လပ်ခြင်းနဲ့ ခွင့်တူညီမျှဆိုတာပါရှိနေပါပြီ။ ရေလုပ်ငန်းရှင်တိုင်း ခွင့်တူညီမျှ ရကြရမှာ ဧကန်မလွဲဖြစ်ပါတယ်။ အခုတော့ မတူကွဲပြားပါတီနာမည်ကို ပြောတာမဟုတ်ပါဘူး။ တန်းတူညီမျှ မဖြစ်ဘူး။ မတူဘူး။ တစ်သီးတစ်ခြားဖြစ်နေတယ်ဆိုတာကို ဆိုလိုတာပါ။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အခုကျွန်တော်တို့ ပါတီစုံပါဝင်တဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးမှာ ပြည်နယ်၊ ပြည်မ ခွဲခြားခြင်း၊ လူမျိုးခွဲခြားခြင်းလည်းမရှိပါဘူး။ ဝါဒစွဲ၊ ပါတီစွဲလည်းမရှိကြတော့ပါဘူး။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ ၃၄၉ မှာလည်း နိုင်ငံသားတိုင်း တူညီသော အခွင့်အလမ်းများရှိကြောင်းကို အပိုဒ်(ဂ)နှင့်(ဃ)တို့မှာ ဖော်ပြထားပြီးပါပြီ။ အခုအချိန်အခါမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကလည်း ပြည်ပပို့ ကုန်တိုးမြှင့်ရေးကို အားပေးသည်‌့အနေဖြင့် ကင်းလွတ်ခွင့်ပြုရာမှာ ရေချို၊ ရေငန် ရေထွက်ပစ္စည်း များပါ ပြည်ပပို့ကုန်ခုနစ်မျိုးကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိဂုံးချုပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရေလုပ်ငန်းရှင်ပြည်သူများအတွက် အခြားပြည်နယ်/ တိုင်း ဒေသကြီးများနည်းတူ ရေထွက်ပစ္စည်းများအပေါ် အခွန်တစ်ရပ်သာကောက်ခံပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း
အဖြေ

ဦးအောင်စိန်ရဲ့မေးခွန်းမှာ ရခိုင်ပြည်နယ်အတွင်းရှိ ရေလုပ်ငန်းရှင် များဟာ ငါးလုပ်ငန်းဦးစီးဌာနမှ ဝယ်ယူစုဆောင်းခွင့်လိုင်စင်ဖြင့် ရေထွက်ပစ္စည်းများကို လေကြောင်း လမ်းဖြင့်လည်းကောင်း၊ ကုန်းလမ်းဖြင့်လည်းကောင်း၊ ရန်ကုန်ရှိကုမ္ပဏီနှင့် စက်ရုံများသို့ ပို့ဆောင် ရောင်းချ၍ ထိုကုမ္ပဏီနှင့်စက်ရုံများမှ ကျသင့်အခွန်များပေးဆောင်ပြီး ဆက်လက်ရောင်းချလျက် ရှိပါကြောင်း ဖော်ပြထားပါတယ်။

          ဒါ့အပြင် ရခိုင်ပြည်နယ်မှ ပို့ဆောင်ရောင်းချရာတွင် ရေလုပ်ငန်းရှင်များဟာ ကုန်သွယ်လုပ်ငန်း ခွန်နဲ့ ဝင်ငွေခွန်၊ အမြတ်ခွန်နှစ်ရပ်ကို သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများမှာ ပေးဆောင်ကြရသည်‌့ အတွက် အခွန်များကို ကင်းလွတ်ခွင့်ပြုရန် တင်ပြထားတာတွေ့ရှိရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ထုတ်ပြန်ထားတဲ့ ကုန်သွယ်လုပ်ငန်းခွန်၊ အခုတော့ အမြတ်ခွန်မရှိတော့ပါဘူး။ ဝင်ငွေခွန်ပဲရှိပါတော့ တယ်။ ဒီကုန်သွယ်လုပ်ငန်းခွန်ရဲ့ ဥပဒေအရ ရှင်းလင်းတင်ပြရမယ်ဆိုရင် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ နောက်ဆက်တွဲဇယား(၁)၊ အမှတ်စဉ်(၅၇)အရ မည်သူမဆို မိမိရဲ့အသက်မွေးကျောင်းအတွက်၊ ဥပမာအားဖြင့် ရေလုပ်ငန်းအတွက် ငါးစို၊ ပုဇွန်စို၊ သားငါးတွေကို ကိုယ်တိုင်ဖမ်းဆီးပြီးတော့ ရောင်းချလို့ရှိရင် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန်မလိုပါဘူး။ ကျသင့်ခြင်းမရှိပါဘူးဆိုတာ ဖော်ပြထားပါတယ်။ သို့သော်လည်း ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ နောက်ဆက်တွဲဇယား(၇)၊ အမှတ်စဉ် (၃)အရ ကုန်စည်ဝယ်ယူရောင်းချတဲ့ ကုန်သွယ်မှုလုပ်ငန်း၏ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမယ်ဆိုပြီးတော့ လက်ရှိဥပဒေအရ ပြဋ္ဌာန်းထားပါတယ်။ ခုနက ဦးအောင်စိန် တင်ပြသွားတဲ့ကုန်သည်များဟာ ခုနကလာရောက်ရောင်းချတာတွေကို ဝယ်ပြီးတော့မှ ငါးလုပ်ငန်းဦးစီး ရဲ့ ခွင့်ပြုချက်နဲ့ ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံခြားပို့မယ့်ကုမ္ပဏီတွေကို လာရောက်ရောင်းချတဲ့အတွက် ရရှိတဲ့ငွေအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရတာဖြစ်ပါတယ်။ ဒါကြောင့် ငါးစို၊ ပုဇွန်စိုများ ဝယ်ယူစုဆောင်းပြီး ရန်ကုန်မှာရှိတဲ့ကုမ္ပဏီနဲ့စက်ရုံတွေကို လေကြောင်း၊ ကုန်းကြောင်းကနေ တင်ပို့ ရောင်းချတဲ့ ရေလုပ်ငန်းရှင်များဟာ ဥပဒေနှင့်အညီ ကုန်သွယ်လုပ်ငန်းခွန်ကို မြို့နယ်ဦးစီးဌာနမှူးရုံး မှာ ပေးဆောင်နေရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါရေထွက်ပစ္စည်းများဝယ်ယူ ရောင်းချတဲ့ အပေါ်မှာ လုပ်ငန်းကထွက်ပေါ်လာတဲ့ အရင်တုန်းကတော့ အမြတ်ငွေပေါ့ အခုတော့ဝင်ငွေပေါ့။ မြတ်စွန်းငွေ၊ ဝင်ငွေပေါ်ပေါက်တယ်ဆိုရင် ပြဋ္ဌာန်းချက်များနှင့်အညီ ဝင်ငွေခွန်ကို ကျွန်တော်တို့ ပေးဆောင်ရပါတယ်။ မြတ်စွန်းမှုမရှိဘူး။ အမြတ်မရှိဘူးဆိုလို့ရှိရင် ဒါကို ဝင်ငွေခွန်၊ ဒါကို စည်းကြပ်ခြင်းမရှိပါ ဘူး။ဒါလည်းဝင်ငွေခွန်ဥပဒေမှာ ပြဋ္ဌာန်းထားချက်အရ စည်းကြပ်တာဖြစ်ပါတယ်။ ဒီလို ကုန်သွယ် လုပ်ငန်းခွန်နှင့် ဝင်ငွေပေးဆောင်ရတဲ့နေရာမှာ တင်ပြချက်ထဲမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ လုပ်ငန်းရှင်တွေပဲ ပေးဆောင်ရတယ် ဆိုတာလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်တိုင်းတစ်ပြည်လုံး ကို ဒီအတိုင်းစည်းကြပ်ထားတာဖြစ်ပါတယ်။ ဒီလို စည်းကြပ်မှုနဲ့ပတ်သက်လို့ တွေ့ရှိချက်အပေါ်မှာ တကယ်လို့ သီးခြားကျွန်တော်တို့ဆီကို အကြောင်းကြားပေးမယ်ဆိုရင် ကျွန်တော်တို့လစ်ဟာနေတဲ့ ဟာတွေကို ကျွန်တော်တို့ထိထိရောက်ရောက်ဆောင်ရွက်ဖို့ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့၊ နိုင်ငံတော် အစိုးရအနေနဲ့ ခုနပြောသလို ပြည်နယ်၊ပြည်မ မည်သို့မျှမခွဲခြားဘဲ ဥပဒေအရ တာဝန်ရှိတဲ့အပေါ်မှာ အခွန်များကို စည်းကြပ်ဖို့တာဝန်ရှိပါတယ်။ ဘယ်သူ့ကိုမှ ကျွန်တော်တို့ ကျောသားရင်သားခွဲခြား ပြီးတော့ ဆောင်ရွက်ခြင်းမရှိပါဘူးဆိုတာလည်း ထပ်လောင်းဖြည့်စွက်ပြောကြားလိုပါတယ်။ ဒီလို ရောင်းချလိုက်တဲ့ ကုမ္ပဏီတွေကရတဲ့ ကုန်ပစ္စည်းတွေပေါ်မှာ ပြည်ပပို့ကုန်နဲ့ပတ်သက်လို့တော့ ယနေ့ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရကနေပြီးတော့မှ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားတာ ရှိပါတယ်။ ဒါဟာဘာလဲဆိုရင် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များရဲ့ ရေချို၊ ရေငန်၊ ရေထွက်ပစ္စည်းအပါအဝင် ပြည်ပပို့ကုန်အမျိုးအစား မူလကခုနစ်မျိုးဖြစ်ပါတယ်။ အခုတော့ သစ်တောနဲ့ဆက်စပ်တဲ့ ပစ္စည်းများအပါအဝင်ဖြစ်တဲ့အတွက် ရှစ်မျိုးကို လက်ရှိနိုင်ငံ‌တော်အနေနဲ့ ပြည်ပကို ပို့တဲ့အခါမှာ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ခြောက်လပေးထားတာသည် နိုင်ငံ‌တော်ရဲ့ စီးပွားဖြစ်ထွန်း တိုးတက်ဖို့အတွက် ပြည်ပပို့ကုန် တိုးမြှင့်ဖို့အတွက် သီးခြားဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်နိဂုံးချုပ်အနေနဲ့ ရှင်းလင်းတင်ပြလိုတာက‌တော့ အခွန်ပေးဆောင်ရန် ထိုက်သော ရောင်းရငွေရှိတဲ့ Transaction တိုင်းမှာ သက်ဆိုင်ရာ၊ ခုနပြောတဲ့ ကုန်သွယ်လုပ်ငန်းခွန် နဲ့ရရှိတဲ့အမြတ်ငွေ သို့မဟုတ် ဝင်ငွေကိုပေးဆောင်ရမယ်ဆိုတာ နိုင်ငံ‌တော်မှာ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိမိအဆင့်လိုက်၊ အဆင့်လိုက်ဆောင်ရွက်နေရတာဖြစ်တဲ့အတွက်ကြောင့် နောက်ဆုံးလူက ပေးပြီးသားဖြစ်တယ်။ ရှေ့ကလူကပေးစရာမလိုဘူးဆိုတဲ့ အနေအထားမျိုးနဲ့ ကျွန်‌တော်တို့ ဥပဒေမှာ ထုတ်ပြန်ထားတာမရှိပါဘူး။ သူ့အဆင့်လိုက်၊ သူ့အဆင့်လိုက် ရရှိတဲ့       ဝင်ငွေပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်များကိုသာ ကောက်ခံနေခြင်းဖြစ်ပါကြောင်း ဖြေကြားပါသည်။