အနောက်တိုင်းဆေးဝါးနဲ့ တိုင်းရင်းဆေးဝါးတွေ ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေ လုပ်ငန်းနဲ့ပတ်သက်လို့ ဒီဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ လုပ်ငန်းလိုင်စင်နှစ်မျိုးရယူရပါတယ်။ သာမန်စက်မှုလုပ်ငန်းတွေကတော့ စက်မှု လုပ်ငန်းလိုင်စင်ရယူရပေမယ့် ဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းတွေကတော့ စက်မှုလိုင်စင်သာမက ဆေးဝါးထုတ်လုပ်တဲ့လိုင်စင်ကိုပါရယူကြရပါတယ်။ စက်မှုလိုင်စင်ကိုတော့ စက်မှု(၁)၊ စက်မှုကြီးကြပ် ရေးနဲ့စစ်ဆေးရေးက စစ်ဆေးစိစစ်ဆောင်ရွက်ပေးပြီးတော့မှ ဆေးဝါးထုတ်လုပ်မှုလိုင်စင်ကိုတော့ ကျန်းမာရေးဝန်ကြီးဌာနကပေးတယ်လို့ ကျွန်တော်သိပါတယ်။ အနောက်တိုင်းဆေးဝါးနဲ့ တိုင်းရင်း ဆေးဝါးထုတ်လုပ်ကြတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ၂၆-၁၁-၁၉၉၀ ရက်နေ့မှာပြဋ္ဌာန်းတဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေနဲ့ ထိုဥပဒေအရ ၁-၂-၁၉၉၁ ရက်စွဲဖြင့်ထုတ်ပြန်တဲ့ လုပ်ထုံးလုပ်နည်းများကို ပထမဦးစွာလိုက်နာဆောင်ရွက်ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ၃၀-၁၀-၁၉၉၂ ရက်စွဲဖြင့် ထုတ်ပြန်တဲ့ အမျိုးသားဆေးဝါးဥပဒေနဲ့ ဒီဆေးဝါးဥပဒေကိုအကြောင်းပြုပြီးမှ ထုတ်ပြန်တဲ့အမိန့် ကြော်ငြာစာများ ကိုလိုက်နာဆောင်ရွက်ကြရတဲ့ Procedure ရှိပါတယ်။ စက်မှုလုပ်ငန်းလိုင်စင် ပထမဦးစွာ လျှောက်ထားခွင့်ပြုချက်ရရှိပြီးမှသာ ဆေးဝါးထုတ်တဲ့လုပ်ငန်းလိုင်စင်ကို ရယူကြရတာဖြစ်ပါတယ်။ ဒီ ဆေးဝါးစက်ရုံတွေအနေနဲ့ ၁၉၉၁-၁၉၉၂ ခုနှစ်ကစပြီးတော့မှ ဆေးဝါးလိုင်စင်တွေကို ရယူပြီးတော့မှ ဆေးဝါးထုတ်လုပ်လျက်ရှိရာကနေပြီးတော့မှ အခုအချိန်မှာတော့ အချို့စက်ရုံတွေဟာ အကြောင်း အရင်းမသိရဘဲနဲ့ စက်မှုလုပ်ငန်းလိုင်စင်သက်တမ်းတိုးတာ ခွင့်ပြုချက်မရတာ ဖြစ်နေပါတယ်။ ဆေးဝါး မှတ်ပုံတင်သက်တမ်းတိုးခွင့်လည်း မရတာကိုတွေ့ရှိနေရပါတယ်။ တချို့စက်ရုံတွေကျတော့ ဆေးဝါး ထုတ်လုပ်ခြင်းလုပ်ငန်းဟာ ပုဂ္ဂလိကများအား လုပ်ကိုင်ခွင့်ပြုသင့်သည့် လုပ်ငန်းအမျိုးအစား မဟုတ် ကြောင်း လက်ရှိနည်းပညာအဆင့်အတန်းအရ ပြည်တွင်းပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များအား ဆေးဝါး ထုတ်လုပ်ခွင့်၊ လုပ်ကိုင်ခွင့်ပြုမည်မဟုတ်ကြောင်းဆိုတဲ့ ညွှန်ကြားစာကိုရည်ညွှန်းပြီးတော့မှ အချို့ စက်ရုံတွေကို ပိတ်သိမ်းစေတာကိုလည်း လာရောက်တင်ပြတဲ့စာတွေအရသိရှိရပါတယ်။ အဲ့ဒီလို စက်ရုံ ပိတ်သိမ်းဖို့ညွှန်ကြားခဲ့တဲ့အတွက် ဆေးဝါးထုတ်လုပ်ရေးစက်ရုံတချို့ဟာ ပိတ်သိမ်းပြီးတော့မှ အလုပ် သမားတွေအလုပ်လက်မဲ့ဖြစ်တဲ့ဘဝကို ရောက်ရှိပြီးတော့ ငွေကြေးအရင်းအနှီးစိုက်ထုတ်ပြီး စက်ရုံ တည်ထောင်လုပ်ကိုင်ရတဲ့ လုပ်ငန်းရှင်အတွက်လည်း ရှေ့မတိုးသာ၊ နောက်မဆုတ်သာနဲ့ အခက်အခဲ တွေဖြစ်နေရတာကို တွေ့ရှိနေရပါတယ်။ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ ထုတ်ပြန်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းများ ၁၉၉၁ ခုနှစ်ပါအမိန့်ကြော်ငြာစာအမှတ်၊ ( ၂၃ / ၉၁ ) အပိုဒ် ၁၅ မှာ ညွှန်ကြားရေးမှူးချုပ်သည် မှတ်ပုံတင်ပေးရန်ငြင်းဆိုခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းပြုလုပ်လျှင် မည်သည့် အကြောင်းကြောင့် ယင်းသို့ပြုလုပ်ကြောင်းကို သက်ဆိုင်သူထံသို့ ပြည်နယ် သို့မဟုတ် တိုင်းဦးစီး ဌာနမှူးမှတစ်ဆင့် စာဖြင့်အကြောင်းကြားရမည်ဟု အတိအလင်းဖော်ပြထားပါတယ်။ နောက် အဲ့ဒီ အမိန့်ကြော်ငြာစာမှာပဲ အပိုဒ် ၂၁ မှာ ပြည်နယ် သို့မဟုတ် တိုင်းဦးစီးမှူးသည် သတ်မှတ်ချက်များနှင့် ညီညွတ်ကြောင်းတွေ့ရှိရသည့်အပြင် သတ်မှတ်ထားသော မှတ်ပုံတင်သက်တမ်းတိုးမြှင့်ကြေးကိုပါ လျှောက်ထားသူကပေးသွင်းပြီးကြောင်း အထောက်အထားတင်ပြသည့်အခါ မှတ်ပုံတင်သက်တမ်း တိုးမြှင့်ပေးရမယ်လို့ အတိအလင်းဖော်ပြထားပေမယ့် အခုအခါမှာ ဆေးဝါးစက်ရုံတချို့ဟာ အကြောင်းအရင်းမသိဘဲနဲ့ လိုင်စင်သက်တမ်းတိုးခွင့်မရတာကိုတွေ့ရှိရပါတယ်။ စက်မှုလုပ်ငန်း လိုင်စင်ဖြစ်ပါတယ်။ နောက်တစ်ခါ သူနဲ့နှိုင်းယှဉ်ပြီးတော့မှ အမျိုးသားဆေးဝါးဥပဒေကို လေ့လာတဲ့ အခါမှာ အမျိုးသားဆေးဝါးဥပဒေ ၁၉၉၂ ခုနှစ်၊ ပုဒ်မ ၃၂၊ ပုဒ်မခွဲ ၁ အရထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာ၊ ( ၃ / ၉၃ ) အပိုဒ် ၅ မှာ မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ သို့မဟုတ် ယင်းကတာဝန်ပေးအပ်ထားသည့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီသည် လိုင်စင်လျှောက်ထားခြင်းကိုစိစစ်ပြီးနောက် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်လို့ဖော်ပြထားပေမယ့် စက်မှုလုပ်ငန်းဥပဒေ (၂၃/၉၁)အပိုဒ် ၁၅ မှာ ကဲ့သို့ ငြင်းပယ်ခြင်း အတွက် မည်သည့်အကြောင်းကြောင့်ငြင်းပယ်ရသည်ကို သက်ဆိုင်သူထံစာဖြင့်ပြန်ကြားပေးရန်ဆိုတဲ့ ညွှန်ကြားချက် မပါသေးတာကိုတွေ့ရှိရပါတယ်။ ဆေးဝါးလိုင်စင်သက်တမ်းတိုးရေးအတွက်လည်း စက်မှုလုပ်ငန်းဥပဒေအမိန့်၊ ( ၂၃ / ၉၁ ) အပိုဒ် ၂၁ ကဲ့သို့ မည်သည့်အချက်များနှင့်ကိုက်ညီလျှင် သက်တမ်းတိုးပေးရမယ်လို့ တိတိကျကျညွှန်ကြားချက်လည်း မပါရှိသေးတာကိုတွေ့ရှိရတဲ့အတွက် ဖြည့်စွက်ရန်လိုနေတာကိုတွေ့ရှိရပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံမှာ ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်း စတင်တဲ့ကာလနဲ့တစ်ချိန်တည်းမှာပဲ ဗီယက်နမ်နိုင်ငံဟာလည်း ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းတွေလုပ်ဆောင်ခဲ့တဲ့အခါမှာ၊ ယခုအခါ မိမိတို့နိုင်ငံအတွင်းသို့ ဗီယက်နမ်နိုင်ငံက ထုတ်လုပ်တဲ့ဆေးဝါးများ ထိုးဖောက်ဝင်ရောက်လာရုံသာမက ထိုဆေးဝါးများ၊ ဆေးဝါးစက်ရုံများ၊ မိမိနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းလာတာကိုတွေ့ရှိရပါတယ်။ ယခုအခါမှာ မိမိတို့ နိုင်ငံမှာ ဆေးဝါးတက္ကသိုလ်ဖွင့်လှစ်ပေးနိုင်ပြီး ဆေးဝါးထုတ်လုပ်သူပညာရှင်များကိုလည်း မွေးထုတ် နိုင်ပြီး လုံလောက်သောအရင်းအနှီးဖြင့် ဆေးဝါးစက်ရုံများထပ်မံတိုးချဲ့တည်ဆောက်ပြီး ဆေးဝါး ထုတ်လုပ်နိုင်ကြပြီဖြစ်ပါတယ်။ ဒါကြောင့် အထက်မှာတင်ပြခဲ့တဲ့ နည်းပညာအဆင့်အတန်းအရ ပြည်တွင်းပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်များအား ဆေးဝါးထုတ်လုပ်မှု လုပ်ကိုင်ခွင့်မပြုသည့် ညွှန်ကြားချက်ဟာ ယခုထုတ်ပြန်ထားတဲ့ စက်မှုလုပ်ငန်းဥပဒေ၊ အမျိုးသားဆေးဝါးဥပဒေတို့နဲ့ ရှေ့နောက်ညီညွတ်မှုမရှိတဲ့အတွက် ခေတ်ကာလအခြေအနေနဲ့ ကိုက်ညီမှုမရှိတော့တာကိုတွေ့ရှိခဲ့ရပါ တယ်။ ခေတ်အဆက်ဆက်မှာ ဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေဟာ နောက်ကျကျန်ခဲ့တဲ့အတွက် အဲ့ဒီရဲ့အကျိုးဆက်အဖြစ် နှစ်စဉ်ကျွန်တော်တို့နိုင်ငံအတွင်းကို ပြည်ပကနေပြီးတော့မှ ဆေးဝါးတွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ဖိုးခန့်တင်သွင်းနေရကြောင်း စာရင်းဇယားများအရသိရှိရပါ တယ်။ ပြည်ပမှတင်သွင်းရတဲ့ဆေးဝါးတွေလည်း ဈေးနှုန်းကြီးတဲ့အတွက် ဆေးဝါးအတုတွေ၊ အာနိသင် နည်းတဲ့ဆေးဝါးတွေလည်း မှောင်ခိုဝင်ရောက်လာပါတယ်။ မှောင်ခိုလမ်းကြောင်းကဝင်ရောက်လာတဲ့ အတွက် FDA ကစစ်ဆေးအရေးယူပေမယ့် မှောင်ခိုလမ်းကြောင်းတွေက ဝင်ရောက်လာတာမို့လို့ ရာခိုင်နှုန်းပြည့်ကိုတော့ စစ်ဆေးအရေးယူဆောင်ရွက်ဖို့အတွက် ခက်ခဲမယ်လို့ယူဆပါတယ်။ အဲ့ဒီ လွတ်သွားတဲ့ဆေးဝါးအတုတွေဟာ ပြည်သူလူထုဝမ်းထဲရောက်သွားတာဖြစ်ပါတယ်။ မကြာမီ ၂၀၁၅မှာ ကျွန်တော်တို့နိုင်ငံမှာ AFTA သဘောတူညီချက်အရ အကောက်အခွန်အတားအဆီးလျှော့ချထားတဲ့ ၁၀ နိုင်ငံပါဝင်ပြီးလူဦးရေသန်း ၆၀၀ ရှိတဲ့ဈေးကွက်ကြီး ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်း ဈေးကွက်ကို ကန့်သတ်ကုန်မှအပ ကုန်ပစ္စည်းတော်တော်များများဟာ ပြည်ပကနေပြီးတော့မှ အကောက်အခွန်မဲ့ဝင်ရောက်လာကြတော့မှာဖြစ်ပါတယ်။ AFTA မစတင်မီကပင် နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ဖိုး ဆေးဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကို ပြည်ပမှဆေးများ ဝင်ရောက်နေရာယူကြပြီးတော့မှ မီဒီယာတွေနဲ့ပါ ထိုးဖောက်လွှမ်းမိုးထားနိုင်တဲ့အတွက် ၂၀၁၅ မှာ ဆေးဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းအထက်ကို ပြည်ပဆေးဝါးများလွှမ်းမိုးလာလို့ရှိရင် ကျွန်တော်တို့ရဲ့ ပြည်တွင်းဆေးဝါးထုတ်လုပ်မှုလုပ်ငန်းတွေဟာ တစ်ဖြည်းဖြည်းပြိုလဲကျဆုံးတော့မယ့် အန္တရာယ် ရှိနေတယ်လို့ သုံးသပ်ရပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိတည်ထောင်ပြီးဖြစ်တဲ့ အနောက်တိုင်းဆေးဝါးထုတ်လုပ်မှုလုပ်ငန်းတွေ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်မှုလုပ်ငန်းတွေကို လိုင်စင် သက်တမ်းတိုးပေးခြင်းအတွက် စိတ်ပူပန်နေရမှုမရှိစေဖို့နဲ့ ဆေးရုံသစ်တွေအတွက် လွယ်လွယ်ကူကူ ချောချောမွေ့မွေ့လုပ်ငန်းလိုင်စင်တွေ လိုင်စင်သက်တမ်းတိုးခွင့်တွေရရှိမှသာ စက်ရုံအသစ်တွေလည်း တိုးတက်ထွန်းကားလာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်းသုံးခုကို မေးလိုပါတယ်။ လိုင်စင်သက်တမ်းရရှိပြီးသော ဆေးဝါးစက်ရုံအချို့အကြောင်းအရင်းမသိပဲ လိုင်စင် သက်တမ်းတိုးခွင့်မရခြင်းနှင့် လက်ရှိနည်းပညာအဆင့်အတန်းအရ ပြည်တွင်းပုဂ္ဂလိကစက်မှုလုပ်ငန်း ရှင်များအား ဆေးဝါးထုတ်လုပ်မှုလုပ်ကိုင်ခွင့် မပြုကြောင်းမှတ်ချက်ပြုခံရပြီး ပိတ်သိမ်းစေခဲ့သော ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလို ပါတယ်။ ဒါကတော့ ကျွန်တော်သိသလောက်တော့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန၊ စက်မှု (၁) ကဆောင်ရွက်ရမှာဖြစ်ပါတယ်။ မေးခွန်း (၂) ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ (၃/၉၃) မှာ အမှတ်(၁)စက်မှုဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် (၂၃/၉၁) အပိုဒ် ၁၅၊ ၂၁ တို့ကဲ့သို့ တိကျတဲ့ အချက်တွေကို ထပ်မံဖြည့်စွက်ပေးရန်အစီအစဉ် ရှိ၊ မရှိသိလိုပါတယ်။ နံပါတ် (၃) အနေနဲ့ကတော့ ကျွန်တော်တို့နိုင်ငံ ဆေးဝါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်၊ နောက်တစ်ခါ ဆေးဝါး ထုတ်လုပ်သူလုပ်ငန်းရှင်နဲ့ ကြီးကြပ်သူတို့ လေးလေးစားစားတိတိကျကျလိုက်နာဆောင်ရွက်စေရန် ရည်ရွယ်ပြီးတော့မှ မေးလိုတာကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့အမိန့်ကြော်ငြာစာ (၃/၉၃)၊ (၄/၉၄)၊ (၅/၉၃)၊ (၆/၉၃)၊ (၇/၉၃)နဲ့ အမှတ်(၁)စက်မှုဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် (၂၃/၉၁) တို့ကို ဥပဒေအဖြစ်ပြဋ္ဌာန်းပေးရန်အစီအစဉ် ရှိ၊ မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။
ဒုတိယမေးခွန်းကတော့ ကျွန်တော်နားလည်တာမှန်မယ်ဆိုရင်တော့ စက်မှု(၁)ဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ဆိုင်တဲ့အပိုင်းတွေ သီးသန့်ပါနေတာတွေ့ပါတယ်။ ကျွန်တော် တို့နဲ့ဆိုင်တဲ့အပိုင်းကို ပြန်လည်ဖြေကြားရမယ်ဆိုရင်တော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနဟာ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၃၂၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီးတော့ ထုတ်ပြန်ကြေညာတဲ့အမိန့်ကြော်ငြာစာ၊ (၄/၉၃)မှာ ဆေးဝါးထုတ်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လိုင်စင်လျှောက်ထားရန်နှင့် ဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ရရှိသူ လိုက်နာရမယ့် အချက်များကို ပြဋ္ဌာန်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ တောင်ဥက္ကလာပမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းရဲ့ ဒီအဆိုကနေ မေးခွန်းပြောင်းထားတဲ့ဟာမှာ ဒီအမိန့်ကြော်ငြာစာ တွေနဲ့ပတ်သက်လို့ ဥပဒေအဖြစ်ပြောင်းလဲရန် အစီအစဉ်ရှိပါသလားဆိုတာကို ကျွန်တော်တို့အနေနဲ့ ကတော့ ဒီတတ်ကျွမ်းတဲ့ သက်ဆိုင်ရာ FDA ပညာရှင်များနဲ့တိုင်ပင်နှီးနှောပြီးတော့မှသာ ဒီဥစ္စာဟာ ကျွန်တော်အနေနဲ့ပြန်ပြီးတော့ အစီအစဉ်ရှိ၊ မရှိ ဖြေကြားနိုင်မှာဖြစ်ပါတယ်။
