(က)-ပြည်ထောင်စုဝန်ကြီးဌာနမှ ချမှတ်ပေးသည့် ခွင့်ပြုရန်ပုံငွေများဖြင့်ဆောင်ရွက်မည့်လမ်းတံတား များ၊ အဆောက်အဦများကို ပြည်နယ်အစိုးရထံ လွှဲ အပ်ပြီးတင်ဒါစနစ်ဖြင့် လုပ်ကိုင်စေသောလုပ်ငန်း များ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၈)ရက်မြောက်နေ့ (၃.၄.၂၀၁၅)

မိမိတို့ ပြည်ထောင်စုဝန်ကြီးဌာနမှ ချမှတ်ပေးသည့် ခွင့်ပြုရန်ပုံငွေများဖြင့်ဆောင်ရွက်သည့် လမ်း၊ တံတားများ၊ အဆောက်အဦများကို ပြည်နယ်အစိုးရထံလွှဲအပ်ပြီး တင်ဒါစနစ်ဖြင့် လုပ်ကိုင်စေသောလုပ်ငန်းများအတွက် တင်ဒါစာချုပ်ပါ အချက်အလက်များကို သက်ဆိုင်ရာဒေသခံများမှ သိရှိခွင့်ရှိ/မရှိ၊ တင်ဒါပါစာချုပ်များပါ လျှို့ဝှက်ကိစ္စများကို မည်သည့်အတွက်ကြောင့် သက်ဆိုင်ရာပြည်သူများကို အသိမပေးနိုင်သည်နှင့် ထိုသို့ အသိမသိနိုင်သည့် ကိစ္စရပ်များကြောင့် ပြဿနာများ ဖြစ်ပွားသည်ကို သိရှိခြင်းရှိ/မရှိ၊ သိရှိပါက မည်သို့ဆောင် ရွက်ပေးမည်။ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ ဘတ်ဂျက်များကို အတည်ပြု ချမှတ်ပေးသောနေရာများသို့ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက စာချုပ်တွင် မည့်သည့်အရာများ ပါဝင်သည်ကို သက်ဆိုင်ရာဒေသခံများအား အသိမပေးနိုင်ခြင်းမျာားသည် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန-၄၊ ဦးအောင်သိမ်း
အဖြေ

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန-၄၊ ဦးအောင်သိမ်းချင်းပြည်နယ်အတွင်းရှိ လမ်း၊ တံတားနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်/ ခရိုင်/မြို့နယ်များကို တင်ဒါခေါ်ယူရေး လုပ်ငန်းကော်မတီများမှ နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ကြော်ငြာပြီး ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူ ဆောင် ရွက်လျက်ရှိပါကြောင်း၊ တင်ဒါခေါ်ယူမှုအပေါ် တင်ပြလျှောက်ထားလာသည့် ကုမ္ပဏီများ၏ Profile Estimate အသေးစိတ်တွက်ချက်မှုများကို တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီမှ ကုမ္ပဏီတစ်ခုချင်းအလိုက် အသေးစိတ် စိစစ်ပြီး အမှန်တကယ်ဆောင်ရွက်နိုင်မည့် ကုမ္ပဏီများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ ညွှန်ကြားချက်နှင့် အညီ ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးထားသည့် တင်ဒါခေါ်ယူရေးလုပ်ငန်း ကော်မတီ၊ တင်ဒါစိစစ်ရေး လုပ်ငန်းကော်မတီ၊ ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၊ တင်ဒါစိစစ်ရေး ကော်မတီအဆင့်ဆင့်ဖြင့် ရွေး ချယ်ဆောင်ရွက်သည့်အပြင် တင်ဒါလုပ်ငန်း အပ်နှံသူ/လုပ်ကိုင်သူများ ပြဿနာ မဖြစ်ပွားစေရန် ပြည်နယ်/ခရိုင်/မြို့နယ် ဆောက်လုပ်ရေးကြီးကြပ်မှုနှင့် အရည်အသွေး စိစစ်ရေးကော်မတီများမှ ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် စာချုပ်ချုပ်ဆိုဆောင်ရွက်ရာတွင် စာချုပ်ပါအချက်အလက်များကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများသို့ လည်းကောင်း၊ ပြည်နယ် အစိုးရအဖွဲ့နှင့် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများထံသို့လည်းကောင်း ပေးပို့ထားပြီးဖြစ်သည့် အတွက်ကြောင့် ဒေသခံ ပြည်သူများအနေဖြင့် စာချုပ်ပါအချက်အလက်များကို သိရှိလိုပါက တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ ထံသို့လည်းကောင်း၊ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာ ရုံးများတွင်လည်းကောင်း၊ သက်ဆိုင်ရာခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများတွင်လည်းကောင်း ဆက်သွယ်တောင်းယူ ရရှိနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးခွန်လိန်း (ဖလမ်းမဲဆန္ဒနယ်) မှ စပ်ဆက်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီး၏ ဖြေကြားချက်များကို မိမိတို့အနေဖြင့် သိရှိပါကြောင်း၊ သို့သော် လက်တွေ့အခြေအနေတွင် ထိုကဲ့သို့ မဖြစ်နိုင်သည့် အခြေအနေများစွာရှိပါကြောင်း၊  စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးချက်များ သည်လည်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ယခုအချိန်ထိ ထွက်ရှိလာခြင်းမရှိပါကြောင်း၊  ထို့ကြောင့် စံချိန်စံညွှန်းမမီသည့် ကုမ္ပဏီများကို မည်ကဲ့သို့ ဆက်လက်အရေးယူမည်ကို သိရှိလိုပါကြောင်း၊ တင်ဒါ စာချုပ်ပါအချက်အလက်များ သက်ဆိုင်ရာတင်ဒါရရှိသော ကုမ္ပဏီများတွင် မေးနိုင်ခြင်းမရှိသည့်အတွက် ထင်သာမြင်သာ ရှိအောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့ကြောင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မမေးမြန်းပါသည်။