နိုင်ငံတော်မှ နှစ်စဉ်ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပြည်ထောင်စုရန်ပုံငွေများ ခွဲဝေပေးပြီး ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခုလိုဆောင်ရွက်ရသည့်အတွက်ကြောင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ များစွာတိုးတက်လာပြီး အသီးအပွင့်များလည်း ပြည်သူများတိုးတက်ခံစား ရရှိလာသည်ကိုတွေ့ရပါကြောင်း၊ တည်ဆောက်ရေး ကဏ္ဍများတွင်လည်း တင်ဒါခေါ်ယူ၍ လုပ်ကိုင်ခွင့်ပြုရာတွင် အားနည်းချက်များလည်း တွေ့ရှိနေရပါကြောင်း၊ အချို့ကုမ္ပဏီများမှ ပြုလုပ်ပေးသည့် စာသင်ခုံများကိုလည်း မူလစာချုပ်တွင် ပျဉ်းကတိုးဟု ဖော်ပြ ထားသော်လည်း ငါးထပ်သားနှင့်ပြုလုပ်ထားပြီး အလျား (၁)ပေခွဲရှိရမည့်အစား (၁)ပေ(၂)လက်မသာရှိခြင်း စသည်တို့ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် တည်ဆောက်ခွင့်ရ တင်ဒါအောင်ကုမ္ပဏီများ၏ မူလစာချုပ်ပါ သတ်မှတ်ချက်အတိုင်း အပြည့်အဝအကောင် အထည်ဖော်နိုင်ခြင်း မရှိမှုအပေါ် မည်သို့ အရေးယူ ဆောင်ရွက်သွားမည်နှင့် (၂) ကုမ္ပဏီများနှင့် ပူးပေါင်း၍ ထောက်ခံတင်ပြသော ကြီးကြပ်သူများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မယ်တော်ကလေး အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် တည်ဆောက်နေသော ၁၂၀ x ၃၀ ပေ အဆောက်အအုံတွင် မူလစာချုပ်ပါအတိုင်း ပြုလုပ်ရမည့်အစား အခြားသစ်ဖြင့် တံခါးရွက်များပြုလုပ်၍ ဆေးသုတ်ခြင်း၊ အင်္ဂတေတိုင်များသည် သတ်မှတ်စံချိန်စံညွှန်း မမီခြင်းများ တွေ့ရှိရခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ဆောက်လုပ်ရေးကြီးကြပ်မှု ကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းများနှင့်အညီ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြဝတီမြို့နယ် အတွက် ကျောင်းသုံးပရိဘောဂဆောင်ရွက်ရာတွင် တင်ဒါအောင်မြင်ခဲ့သည့် ၎င်းရာဇာကုမ္ပဏီမှ ပြုလုပ်ထားသော စာသင်ခုံများတွင် မူလစာချုပ်နှင့် ဖော်ပြထားသည့် ပျဉ်းကတိုးအစား ငါးထပ်သားဖြင့်ပြုလုပ်ပေးခြင်း၊ အလျား(၁)ပေခွဲ ရှိရမည့်အစား (၁)ပေ(၂)လက်မ သာရှိခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီကို စာချုပ်ပါစံချိန်စံညွှန်း အတိုင်း ဆောင်ရွက်စေပြီး ၅-၂-၂၀၁၅ ရက်နေ့တွင် မြဝတီမြို့နယ် ပညာရေးမှူးရုံးသို့ အသစ်ပြန်လည် အစားထိုးအပ်နှံဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာကျောင်းအသီးသီးသို့လည်း စာသင်ခုံများ ခွဲဝေပေးပြီးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆောက်အအုံဆောက်လုပ်ခွင့် ရရှိသော တင်ဒါအောင်ကုမ္ပဏီများကို မူလစာချုပ်ပါ သတ်မှတ်ချက်အတိုင်း အပြည့်အဝအကောင်အထည် ဖော်နိုင်ခြင်း မရှိပါက မူလစာချုပ်တွင်ပါရှိသည့် လုပ်ငန်းသတ်မှတ်ချက် အချိန်အတိုင်း အချိန်မီမပြီးစီးပါက နောက်ကျကာလ တစ်ရက်အတွက် ၁၈၀ x ၃၀ ပေ တစ်ကျောင်းလျှင် ငွေကျပ် ၇၅၀၀ နှုန်း၊ ၁၂၀ x ၃၀ပေ တစ်ကျောင်းလျှင် ငွေကျပ် ၆၀၀၀ နှုန်း၊ ၁၀၀ x ၃၀ ပေ တစ်ကျောင်းလျှင် ၄၅၀၀နှုန်း၊ ၆၀ x ၃၀ ပေ တစ်ကျောင်းလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် တိုးချဲ့ရရှိသတ်မှတ်ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ စံချိန်စံညွှန်းမမီသည့် ပစ္စည်းများဖြင့် ဆောက်လုပ်ခြင်း၊ တင်ပြထားသည့်အတိုင်း အရည်အသွေးလျော့၍တည်ဆောက်ထားခြင်းများ စိစစ်တွေ့ရှိရပါက ပြန်လည်အစားထိုး ပြင်ဆင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကုမ္ပဏီများနှင့်ပေါင်း၍ မမှန်မကန်ထောက်ခံတင်ပြသော ကြီးကြပ်သူများကို စိစစ်တွေ့ရှိပါက ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်တည်ဆောက်သော ရေးလုပ်ငန်းများကို ရှေးဦးစွာ လုပ်ငန်သဘောတူစာချုပ်ချုပ်ဆို၍ ဆောင်ရွက်ပါကြောင်း၊ စာချုပ်ပါအတိုင်း ဆောင်ရွက်ခြင်းရှိ/မရှိကို သက်ဆိုင်ရာဆေးရုံကြီးများ၊ မြို့နယ်ကျေးရွာများအလိုက် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းပြီး အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ ကြီးကြပ်ရေးကော်မတီသည် ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအပိုင်းမှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများ၊ ဆေးရုံဆေးခန်းများမှ တာဝန်ရှိသူများကို တာဝန်ဖွဲ့စည်းစေပြီး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက် သင့်ပါကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့် မညီကြောင်း စိစစ်တွေ့ရှိရပါက ပြန်လည်ပြုပြင်ပေးရန် မှာကြားပြီးပြုပြင်စေခြင်း၊ ကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်ခြင်းမရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများမှတင်ပြလာပါက အဖွဲ့ဖွဲ့၍ သွားရောက်စစ်ဆေးပြီး ပြုပြင်ပေးခြင်းတို့ကို ကြီးကြပ်ဆောင်ရွက် ခဲ့ပါကြောင်း၊ ချင်းပြည်နယ်၊ ပက်လက်ဝမြို့နယ်၊ တုံးဝနှင့်ကြက်မအိုင် ကျေးလက်ကျန်းမာရေးခွဲ အအောက်အအုံ စံချိန်စံညွှန်း မညီညွတ်မှုကြောင့် သက်ဆိုင်ရာဆောက်လုပ်ရေး ကုမ္ပဏီအားတရားစွဲဆိုခြင်း၊ ငွေကြေးပြန်လည် ပေးလျော်စေခြင်း၊ ပြည်နယ်အစိုးရကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီအသစ်ရွေးချယ်၍ လုပ်ငန်းပြန်လည် စတင်ဆောင်ရွက်စေခြင်းတို့ဖြင့် အရေးယူဆောင်ရွက်ပြီးခဲ့ပါကြောင်း၊ ကုမ္ပဏီနှင့်ပူးပေါင်း၍ ထောက်ခံတင်ပြသော ကြီးကြပ်သူများ မဖြစ်စေရန်လည်း စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အလားတူ ပြဿနာမျိုးစစ်ဆေး ပေါ်ပေါက်လာပါက ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီအရေးယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသန်းဦး(မြဝတီ)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိမေးမြန်းလိုသည်မှာ ၎င်းကုမ္ပဏီများကို သတိပေးပြီး ပြန်လည်ပြုပြင်သည်ကို တွေ့ရှိရသော်လည်း ယခုလိုပြန်လည်ပြုပြင်မည့်အစား ဘယ်လိုထိရောက်သည့် ပြစ်ဒဏ်မျိုးပေးမည်နည်းနှင့် အကယ်၍ စံချိန်စံညွှန်းမမီခြင်းများ ထပ်မံကျူးလွန်ပါက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
မိမိတို့ ငွေလုံးငွေရင်းနှင့်ပတ်သက်သည့် အခြေခံပညာဦးစီးဌာနတွင် အသုံးစရိတ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ယခင်နှစ်မှစပြီး မိမိတို့ ခွဲဝေပေးပြီး တိုင်းဒေသကြီး အစီအစဉ်ဖြင့် ဆောင်ရွက်စေပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် စီစဉ်ဆောင်ရွက်စဉ်က ယခုလိုလုပ်ငန်း သတ်မှတ်ချက်စံချိန်စံညွှန်း မပြည့်မီသည်ကို Blacklist သွင်းပြီး အရေးယူခြင်းရှိပါကြောင်း၊ တိုင်းဒေသကြီးအစီအစဉ် ဖြစ်သည့်အတွက် နောက်နောင်တွင်မဖြစ်ရန်အတွက်ကိုလည်း ဒီလိုကိစ္စများကိုလည်း ကုမ္ပဏီများသို့ မပေးရန်နှင့် Blacklist စာရင်းသွင်းရန်လည်း မိမိတို့ အကြောင်းကြားပြီးဖြစ်ပါကြောင်း၊ အုပ်ချုပ်မှုအရ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်သာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
