(ခ)-ပြည်တွင်းဘိလပ်မြေစက်ရုံများအတွက် ကမ်းလွန်သဘာဝဓာတ်ငွေ့များ ရောင်းချပေးနိုင်ခြင်း ရှိ၊မရှိ နှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၆) ရက်မြောက်နေ့ (၁၈-၁၀-၂၀၁၁)

ကျွန်တော်တို့ ဒီသဘာဝဓာတ်ငွေ့နဲ့ ပတ်သက်လို့တော့ အချိန်ကန့်သတ်ချက် လေးတစ်ခုရှိပါတယ်။ ဒီသဘာဝဓာတ်ငွေ့ ပုဂ္ဂလိကစက်မှုလုပ်ငန်းများကိုပေးဖို့ဆိုတာဟာ ဒီနေ့ နိုင်ငံတော်မှ စွမ်းအင် အထူးသဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ တိုင်းနှင့်ပြည်နယ်များ၊ ပြည်သူ၊ ပြည်သားများ အတွက် အဓိကကျတဲ့နေရာများမှာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ပေးနေတာကိုလည်း သိရှိရပါတယ်။ ဒီလိုဆောင်ရွက်ပေးလို့ ပိုလျှံတဲ့နောက်ပိုင်းမှာ သဘာဝဓာတ်ငွေ့ကို ရောင်းချနိုင်ခြင်း      ရှိ၊ မရှိ ဆိုတာကို ကျွန်တော်တင်ပြမေးမြန်းသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ  ၂၀၁၅ ခုနှစ်မှာ AFTA ကိုခံစားရတော့မှာ  ဖြစ်လို့ယှဉ်ပြိုင်ရပါတော့မယ်။ ဒီအတွက်လည်း ကျွန်တော်မေးခွန်းမေးဖူးပါတယ်။ ဒါ့အတွက်လည်း နိုင်ငံတော်ကဆောင်ရွက်နေကြောင်း၊ အသိပေးဆောင်ရွက်နေကြောင်းကို သိရှိရပါ တယ်။ သို့သော်လည်းပဲ စက်မှုကဏ္ဍပိုင်းအတွက်တော့ တိတိကျကျ ကာကွယ်ဖို့လုပ်ဆောင်နေတာကို လက်လှမ်းမီသရွေ့တော့ မတွေ့ရသေးပါဘူး။ အချို့စက်မှုကဏ္ဍများမှာဆိုရင်လည်း ဒီနေ့တိုင် အခိုက်အတန့်ဒုက္ခရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအချက်ထဲက တစ်ချက်ဖြစ်တဲ့ စက်မှုကဏ္ဍအပိုင်းတိုးတက်ဖို့ဆိုရင် နိုင်ငံတော်မှမကူညီဘဲ ကျွန်တော်တို့ ဘယ်လိုမှမရနိုင်ပါဘူး။ နိုင်ငံတော်မှ ငွေအား၊ လူအား နည်းပညာအားနဲ့ ကူညီမှသာလျှင် ရနိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးဖို့ နောက်ဆုံးအဆင့်လိုအပ်ရင်တောင် နိုင်ငံတော်အနေနဲ့ Subsidize လုပ်ပေးဖို့ ဒါလိုအပ်လာမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်ကာလမှာ ကျွန်တော်တို့ AFTA ရောက်လာမှာ ဖြစ်တဲ့အတွက် ဒီအချိန်မှာ ကျွန်တော်တို့က သူများနဲ့ယှဉ်ပြိုင်ရတဲ့အခါမှာ နိုင်ငံတော် က ကျွန်တော်တို့ စက်မှုလုပ်ငန်းတွေကို အားပေးဖို့လိုပါတယ်။ အဲဒီလို အားပေးတဲ့အခါမှာ ခုနက တင်ပြသလိုပဲ Incentive ပုံစံနဲ့ဖြစ်ဖြစ်၊ Production ပုံစံနဲ့ပဲဖြစ်ဖြစ် ဆောင်ရွက်ပေးသွားဖို့ ကျွန်တော်တို့ လိုအပ်မှာဖြစ်ပါတယ်။ အထူးသဖြင့် လိုအပ်လာလို့ရှိရင် ကျွန်တော်တို့ စက်မှုထွက်ကုန်ပစ္စည်းများအတွက် Export Incentive ပေးဖို့လိုပါမယ်။ တရုတ်ပြည်မှာဆိုရင် Export Incentive ဆိုတာ ယခင်ကရှိခဲ့ပါတယ်။ ကျွန်တော်တို့ Export ပို့တိုင်းပို့တိုင်း နိုင်ငံတော်က ထပ်ဆောင်းပေးတယ်ဆိုတဲ့သဘောမျိုး ဒါဆောင်ရွက်ခဲ့ တာဟာ ကျွန်တော်တို့ရဲ့ Export ကို တွန်းအားပေး ဆောင်ရွက်ခွင့်ပြုပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒါတွေလုပ်ဖို့ဆိုရင် ကျွန်တော်တို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းကလည်း ဈေးနှုန်းလျော့နည်းဖို့၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့နည်းဖို့လိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ဒီနေ့ မြန်မာနိုင်ငံမှာ ပြင်ပကနေပြီးတော့ တင်သွင်းနေတဲ့ဘိလပ်မြေဟာ တန်ချိန်သိန်းသန်းချီပြီးတော့ ရှိနေပါတယ်။ ဒါတွေဟာဆိုရင် ပြည်တွင်းစက်ရုံများ တည်ဆောက်လာမယ်ဆိုလို့ရှိရင် ဒါတွေကို ကျွန်တော်တို့ ကာကွယ်သွားနိုင်မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ဘိလပ်မြေစက်ရုံများအတွက် သဘာဝဓာတ်ငွေ့များ ပိုလို့ ပေးနိုင်ခဲ့မယ်ဆိုရင် ဈေးနှုန်းဟာ ခေါက်ချိုးမကကျသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ မြန်မာနိုင်ငံမှာသုံးနေတဲ့ ကျောက်မီးသွေးဟာ ဆိုလို့ရှိရင် အများအားဖြင့် ကလေးဝကျောက်မီးသွေးမှအပ ကျန်တဲ့ကျောက်မီးသွေးတွေဟာ အဆင့်အတန်း မမီပါဘူး။ ဘိလပ်မြေစက်ရုံမှာသုံးဖို့ဆိုရင် ကျွန်တော်တို့ စွမ်းအင်ဟာ ဒီကယ်လိုရီအနေနဲ့ ၅၀၀၀ ကျော်လိုပါတယ်။ ဒါပေမယ့်လို့  ဒီနေ့သုံးနေရတဲ့ ကျောက်မီးသွေးတွေဟာ  ၃၀၀၀ ကျော်ဖြစ်တဲ့အတွက် ဘိလပ်မြေတစ်တန်ထွက်ဖို့ဆိုရင် ကျောက်မီးသွေး က ဝ.၄ တန်လောက်သုံးနေရတဲ့သဘောရှိပါတယ်။ ဒါကြောင့် ကုန်ထုတ်လုပ်မှုစရိတ်မှာလည်း မြင့်မားသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က သဘာဝဓာတ်ငွေ့နဲ့ပတ်သက်လို့ ရောင်းချနိုင်ခြင်း ရှိ၊ မရှိဆိုတာ တင်ပြမေးမြန်းသွားမှာဖြစ်ပါတယ်။ ဒီ သဘာဝဓာတ်ငွေ့ရောင်းချနိုင်ခြင်း ရှိ၊ မရှိဆိုတာဟာလည်း ကမ်းလွန်သဘာဝဓာတ်ငွေ့က နိုင်ငံခြားကို အခုရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့ထဲကနေပြီးတော့ နိုင်ငံခြားငွေနဲ့ပဲပေးပြီးတော့ ဝယ်ရင်ကော ကျွန်တော်တို့ မရနိုင်ဘူးလားဆိုတာတင်ပြမေးမြန်းသွားမှာဖြစ်ပါတယ်။ ထို့အတူပဲ ဒီ AFTA လာမှာ ဖြစ်တဲ့အတွက် ဒီအချိန်မှာ ကျွန်တော်တို့က ကျန်တဲ့နိုင်ငံတွေက သွင်းမယ့် ဘိလပ်မြေကိုမလာခင် ကျွန်တော်တို့ဆီက ထုတ်လုပ်နိုင်မှုတွေရှိတယ်ဆိုရင်လည်းပဲ ဒီသွင်းလာတဲ့ ဘိလပ်မြေတွေကို အခွန်အကောက်တိုးမြှင့်ကောက်ခံခြင်းဖြင့် ကျွန်တော်တို့ရဲ့ ဘိလပ်မြေလုပ်ငန်းတွေ တခြားစက်မှုလုပ်ငန်း တွေကို ကျွန်တော်တို့ ကာကွယ်ပေးရာရောက်ပါတယ်။ အဲဒီလိုကော လုပ်မပေးနိုင်ဘူးလားဆိုတာလေး တင်ပြသွားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်လို့ လိုအပ်နေတဲ့အရာတွေ ဖြစ်တဲ့ စက်မှုလုပ်ငန်းများ မီးလင်းရေးကိစ္စများမှာ တတ်နိုင်သမျှဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်ပေးသင့် ပါတယ်။ ပြည်သူအတွက်လည်း ဦးစားပေးမဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ အဲဒီလိုအပ်တဲ့ အပေါ်မှာလည်းပဲ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အတတ်နိုင်ဆုံးဆောင်ရွက်ပေးနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အများနဲ့လုပ်ရတဲ့အတွက် အခက်အခဲရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိရှိပါတယ်။ ဒါ့ကြောင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ဘယ်လို‌ြဖေရှင်း ဆောင်ရွက်သင့်တယ် ဆိုတာကို အခုကတည်းက စဉ်းစားပြီးတော့ ကျွန်တော်တို့တတွေ အားလုံးသိရှိအောင် ဘယ်တော့မှာ ဘယ်လိုရနိုင်တယ်ဆိုတဲ့ Plan လေးလည်းပြောကြားမယ်ဆိုရင် ပြည်သူလူထုအနေနဲ့ အထူးဝမ်းသာမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား အထူးသဖြင့် မီးရရှိရေးအတွက် လုံလောက်ပြီးတဲ့နောက်ပိုင်းမှာ စက်မှုလုပ်ငန်း များအတွက်လည်းပဲ ဘယ်ခေတ် ဘယ်အချိန်ကာလတစ်ခုမှာ ရဖို့သေချာတယ်ဆိုရင် ၎င်းရမယ့်အချိန်မှာ ရည်မှန်းပြီးတော့ ယခု ကတည်းက စက်မှုလုပ်ငန်းများ တိုးချဲ့တည်ဆောက်ဖို့ကိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာတစ်ခု စက်မှုလုပ်ငန်းနဲ့ ပြရမယ်ဆိုရင် ဥပမာ-ဘိလပ်‌ြမေစက်ရုံတစ်ရုံ တည်ဆောက်ဖို့ဆိုလို့ရှိရင် Implementation Stage ကနေပြီးတော့ စက်ရုံပြီးတဲ့အထိက နှစ်နှစ်ခွဲမှ သုံးနှစ်ကြာပါတယ်။ ကျွန်တော်တို့ ကဘယ်နေရာ ဘယ်ဒေသတွေမှာ Gas တွေရမယ်ဆိုလို့ရှိရင် နောင်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းပြီးတော့  စက်ရုံကိုကြိုတင်ပြီးတော့ Gas ရမယ့်အချိန်နဲ့ကိုက်ပြီးတော့ ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် အချိန်ဇယားလေးလည်း ထုတ်ပြန်ပေးသင့်ပါတယ်လို့ ဒီနေရာမှာ တင်ပြဆွေးနွေးခြင်း ဖြစ်ပါတယ်။ ဒါမှလည်းပဲ စက်မှုလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေအတွက် ကြိုတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုရှိလာနိုင်တဲ့ အခက်အခဲများကိုလည်းပဲ သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖြေလျော့နိုင်သရွေ့ ဖြေလျော့ပေးနိုင်အောင် လုပ်သင့်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်မေးမယ်‌့ မေးခွန်းကတော့ စက္ကူစက်ရုံများ၊ စက်မှုလုပ်ငန်းများ၊ ဘိလပ်မြေ စက်ရုံများလောင်စာဖြစ်တဲ့ သဘာဝဓာတ်ငွေ့ပေးဖို့ အစီအစဉ်ရှိ၊မရှိ။ ဘိလပ်မြေစက်ရုံများမှာ ယခင် ကျောက်မီးသွေးနဲ့လည်ပတ်၍ ထုတ်လုပ်မှုစရိတ်များနေရခြင်း၊ နှစ်ဆဖြစ်နေရခြင်း ဖြစ်ပါတယ်။ ယခုတော့ ကုန်းတွင်းသဘာဝဓာတ်ငွေ့ လျော့နည်းနေကြောင်း ကုန်းတွင်းမှမပေးနိုင်သေးကြောင်း သိရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ကမ်းလွန်သဘာဝဓာတ်ငွေ့ကို အားလုံးပြီးပြည့်စုံပြီးတဲ့အချိန်မှာ နိုင်ငံခြားငွေနဲ့ ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ပေးပို့ဖို့၊ ရောင်းချဖို့ အစီအစဉ်မရှိသေးရင်လည်းပဲ ကုန်းတွင်းသဘာဝဓာတ်ငွေ့သာမကဘဲ ကမ်းလွန်သဘာဝဓာတ်ငွေ့ များကို ပြည်ပသို့ရောင်းချမည့်အစား ပြည်တွင်းဦးစားပေး နိုင်ငံခြားငွေနဲ့ဖြစ်ဖြစ် ရောင်းလို့ရ၊ မရ သိလိုပါတယ်။

နောက်တစ်ချက်က အလားတူပဲ အခြားလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှာ ကျရောက်တော့မယ့် AFTA ကိုကြိုတင်ကာကွယ်သောအားဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းများကို ကာကွယ်ပေးမှုနဲ့ ငွေကြေး ချေးငှားထောက်ပံ့မှုနည်းလမ်း ညွှန်ကြားချက်ဖြေလျော့မှုများကို မည်သည့်အဆင့်အထိ လျှော့ပေးနိုင် ပါမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး
အဖြေ

မေးတဲ့မေးခွန်းမှာလည်းပဲ အပိုင်းနှစ်ပိုင်းပါပါတယ်။ ကျွန်တော့် စွမ်းအင်ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့အပိုင်းတစ်ပိုင်း၊ နောက် စီမံစီးပွားနဲ့ဘဏ္ဍာအခွန်ဝန်ကြီးဌာနတို့နဲ့ ပတ်သက်တဲ့အပိုင်းတစ်ပိုင်းပါ ပါတယ်။ ပထမဦးဆုံး စွမ်းအင်ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့အပိုင်းကို ဦးစွာဖြေကြားပါမယ်။  ဒီကနေ့ မြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍမှာ အဓိကအရေးကြီးတဲ့ လောင်စာဆီ၊ ဒီဇယ်၊ ဓာတ်ဆီနဲ့ သဘာဝဓာတ်ငွေ့တို့ကို စွမ်းအင်ဝန်ကြီးဌာနကပဲ အဓိကတာဝန်ယူပြီးတော့ ဖြန့်ဖြူးပါတယ်။ အခုမေးခွန်းမှာပါတဲ့ သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်လို့ ကျွန်တော်တို့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ကွန်ရက်ကို မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ကန်ဘောက်ဒေသ ကနေစပြီးတော့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းအထိ၊ ရှမ်းပြည်နယ်၊ ပင်းပက်ဒေသအထိ ပိုက်လိုင်းအရှည် မိုင်ပေါင်း ၂၀၈၅.၅၇ ပိုက်လိုင်း Network တည်ဆောက်ပြီးတော့ သဘာဝဓာတ်ငွေ့ တွေကို ဖြန့်ဖြူးပေးနေပါတယ်။ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ကဏ္ဍ အားလုံးကို အဲဒီလောက်နဲ့မူလရရှိထားတဲ့ သဘာဝဓာတ်ငွေ့နဲ့ နောက်တစ်ခါ ကုန်းတွင်းကထွက်တဲ့ ဓာတ်ငွေ့နဲ့ မလုံလောက်သေးတဲ့အတွက် လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ရတနာသဘာဝဓာတ်ငွေ့ပလက်ဖောင်းကနေပြီးတော့ ရန်ကုန်ထိမိုင်    ၁၈၀ ထိနောက်ထပ်ပိုက်လိုင်းထပ်သွယ်ပြီးတော့ နောက်ထပ် ကမ်းလွန်က နေပြီးတော့ ကုဗပေသန်း ၁၀၀ တိုးမြင့်ရယူပြီးတော့ ကျွန်တော်တို့ဖြန့်ဖြူးပေးခဲ့ပါတယ်။ အဲဒါကြောင့် ဒီကနေ့ နိုင်ငံတော်မှာ နိုင်ငံပိုင်ကဏ္ဍနဲ့ ပုဂ္ဂလိကပိုင်ကဏ္ဍ၊ စက်မှုလုပ်ငန်းများအတွက် ဖြန့်ဖြူးပေးနိုင်တဲ့ ဓာတ်ငွေ့ ပမာဏဟာ စုစုပေါင်းကုန်းတွင်းကတော့ ပျမ်းမျှတစ်နေ့ကို ကုဗပေသန်း ၇၀ လောက် ထွက်ပါတယ်။ ကမ်းလွန်ကတော့ ကုဗပေသန်း ၂၀၀ ရယူဖြန့်ဖြူးပေးလျက်ရှိပါတယ်။ သို့သော်လည်းပဲ တကယ် လက်တွေ့ လိုအပ်နေတဲ့ Consumption က တစ်နိုင်ငံလုံးမှာ တစ်နေ့ကို ကုဗပေသန်းပေါင်း ၅၀၀ ကျော်ရှိပါတယ်။ ဒီအထဲမှာမှ ကျွန်တော်တို့ ဖြန့်ဖြူးပေးနိုင်တာဟာ သန်းပေါင်း ၂၅၀၊ ၂၆၀ ဒီလောက်ပဲဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးလိုအပ်ချက်ရဲ့ ၄၂ ရာခိုင်နှုန်းကိုပဲ ဒီကနေ့ဖြန့်ဖြူးပေးနိုင် ပါတယ်။ ဒီအထဲမှာပဲ ဒီသဘာဝဓာတ်ငွေ့ကို အကြောင်းပြုပြီးတော့ လိုချင်တဲ့၊ သုံးချင်တဲ့ဒေသ အများအပြား၊ သုံးလိုသောရည်ရွယ်ချက် အများအပြားရှိတဲ့အတွက် လွှတ်တော်မှာပဲ မေးခွန်း မြောက်မြားစွာ ကျွန်တော်တို့ ဖြေကြားနေရတာရှိပါတယ်။ ဒီမှာအခုဖြန့်ဖြူးပေးတဲ့ ၄၂ ရာခိုင်နှုန်းကို ပုဂ္ဂလိကနဲ့ အစိုးရကဏ္ဍပြန်ပြီးတော့ ခွဲလိုက်လို့ရှိရင် နိုင်ငံပိုင်ကဏ္ဍကို ၄၀ ရာခိုင်နှုန်းလောက်ပဲ ဖြန့်ဖြူး ပေးနိုင်ပြီးတော့ ပုဂ္ဂလိကပိုင်ကဏ္ဍကို ဒီနေ့အထိ လိုအပ်ချက်ရဲ့ ၁ ရာခိုင်နှုန်းလောက်ကိုပဲ ကျွန်တော်တို့ ဖြန့်ဖြူးပေးနိုင်တဲ့ အခြေအနေရှိပါတယ်။ အဲဒီတော့လက်ရှိကုဗပေ သန်း ၂၅၀၊         ၂၆၀ လောက်ကနေပြီးတော့ နောက်ထပ် ဘယ်လောက်တိုးပြီးတော့ ဖြန့်ဖြူးပေးနိုင်မလဲဆိုတဲ့ ရှေ့ရည်မှန်းချက်ကို ကြည့်လိုက်တဲ့အခါမှာ ၂၀၁၃ ခုနှစ် မှာ နောက်ထပ်ဇောတိက Project ကနေ ပြီးတော့ ကုဗပေသန်း ၆၀၊ ကမ်းလွန်ဓာတ်ငွေ့ထပ်ပြီးရပါမယ်။ အလားတူပဲ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ကုဗပေသန်း ၁၀၀ ထပ်ပြီးရပါ့မယ်။ အဲဒါကြောင့် ၂၀၁၃ ခုနှစ်မှာ နောက်ထပ် သေချာပေါက်ရမှာက ကမ်းလွန်ကနေ ကုဗပေ သန်း ၁၆၀ ဖြစ်ပါတယ်။ အဲဒီသန်း ၁၆၀ နဲ့ လက်ရှိကျွန်တော်တို့သန်း ၂၄၀ နဲ့ ၂၅၀ လောက်နဲ့ ပေါင်းလို့ရှိရင် သန်း ၄၀၀ လောက်ပဲ ၂၀၁၃ ခုနှစ်မှာ ဖြန့်ဖြူးနိုင်အုံးမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ တစ်နိုင်ငံလုံးမှာဖြစ်လာမယ့် လိုအပ်ချက်ဟာ ကျွန်တော်တို့ရဲ့ခန့်မှန်းတွက်ချက်မှုအရ ကုဗပေသန်း ၇၀၀ ကျော်လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီအချိန်မှာပင်လျှင် လိုအပ်ချက်နဲ့ကျွန်တော်တို့ရဲ့ ထောက်ပံ့ပေးနိုင်မယ့်ပမာဏဟာ ကွာဟ နေအုံးမှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီနေရာမှာတော်တော်များများမေးခွန်းတွေ မေးနေကြတဲ့ ကျွန်တော်တို့ ကမ်းလွန်မှာ သဘာဝဓာတ်ငွေ့တွေ အမြောက်အမြားထွက်ရှိလျက်သားနဲ့ စောစောက ဦးအေးမောက် မေးသွားတဲ့ အထဲမှာလည်းပါပါတယ်။ ဒါတွေ နိုင်ငံခြားကိုထုတ်ရောင်းနေမယ့်အစား ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းတွေသုံးရင် မကောင်းဘူးလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ ဒီကနေ့ နိုင်ငံတော်က နေပြီးတော့ ကမ်းလွန်သဘာဝဓာတ်ငွေ့အမြောက်အမြား နိုင်ငံခြားကို ထုတ်ရောင်း နေတာ မှန်ပါတယ်။ နိုင်ငံတော်အတွက် ဝင်ငွေအများဆုံးလည်းပဲ ဒီကပဲရှာပေးနေပါတယ်။ သို့သော်လည်းပဲ အဲဒီ အချိန်တုန်းက ပြည်ပကိုထုတ်ရောင်းဖို့ ဆုံးဖြတ်ချက် ဘယ်လိုဖြစ်လာလည်း ဆိုတဲ့ဟာလေးကို ဒီနေရာမှာ ကျွန်တော် အခွင့်ကြုံတဲ့အတွက် ရှင်းလင်းချင်ပါတယ်။ ဒါကို မရှင်းလင်းရင်လည်းပဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့စိတ်ထဲမှာ ကိုယ့်မှာရှိနေရက်နဲ့ပဲ ပြည်ပကိုပဲထုတ်ရောင်းနေတယ်။ ပြည်တွင်းကို လျစ်လျူရှုထားတယ်ဆိုတဲ့အမြင်မျိုး ဖြစ်နိုင်ပါတယ်။ အဲဒီတော့တင်ပြရလို့ရှိရင် ဒီနေ့အများဆုံး ထုတ်လုပ်ပြီး နိုင်ငံခြားကိုရောင်းနေတဲ့ ရတနာသဘာဝ ဓာတ်ငွေ့မြေဟာ ၁၉၈၁ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ကိုယ်တိုင်စပြီးတော့ တွေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့မှာ ကမ်းလွန် တွင်းတူးစက် ကိုယ်ပိုင်ရှိပါတယ်။ ဒီဟာနဲ့ရှာဖွေစမ်းသပ်တဲ့ အခါမှာ အဲဒီနေရာမှာ သဘာဝဓာတ်ငွေ့ အမြောက်အမြားတွေ့ပါတယ်။ သို့သော်အဲဒီအချိန်ကာလတုန်းက တိုင်းပြည်တွင်းမှာ သဘာဝဓာတ်ငွေ့ ကို သုံးတဲ့စက်မှု လုပ်ငန်းအခြေခံ ဘာတစ်ခုမှမရှိပါဘူး။ ဘယ်လောက်ထိအောင် ကျွန်တော်တို့ရဲ့ အခြေအနေဟာ Technology နိမ့်ကျသလဲဆိုရင် ပြည်တွင်းမှာရှိတဲ့ ကုန်းတွင်းသဘာဝရေနံနဲ့ သဘာဝဓာတ်ငွေ့မြေ‌တွေမှာလည်းပဲ ထွက်လာတဲ့ သဘာဝဓာတ်ငွေ့တွေ နောက်တစ်ခါ ရေနံနဲ့ တွဲပြီးထွက်လာတဲ့ associated gas ခေါ်ပါတယ်။ ပူးတွဲပြီးထွက်လာတဲ့ သဘာဝဓာတ်ငွေ့တွေ အဲဒီဟာတွေကို ကျွန်တော်တို့အသုံးမချနိုင် တဲ့အတွက် ဒီအတိုင်းမီးရှို့ပစ်နေရတာတို့၊ ရေနံချောင်းတို့၊ ချောက်တို့ ဒေသကလူတွေအားလုံးသိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့တွေ့တဲ့ သဘာဝဓာတ်ငွေ့ကို ၁၉၈၁ ပတ်ဝန်းကျင်မှာ Infrastructure မရှိသေးတဲ့အတွက် ထုတ်ပြီးတော့သုံးနိုင်ခြင်းမရှိပါဘူး။ အဲဒါကိုထုတ်သုံးဖို့အတွက် အဲဒီအချိန်တုန်းက ကမ္ဘာ့ဘဏ်နဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့ ထုတ်သုံးဖို့ စီမံခဲ့ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ အကြောင်းကြောင်း တွေကြောင့်အဆင်မပြေခဲ့ပါဘူး။ နောက်ပိုင်းတပ်မတော်အစိုးရ တက်လာတဲ့အခါမှာ ကမ်းလွန်လုပ်ငန်းတွေမှာ ကိုယ်ချည်းပဲလည်း နည်းပညာလည်းမရှိဘူး။ အရင်းအနှီးလည်းမရှိဘူး။ ဒီအတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု တွေဖိတ်ခေါ်ပြီးတော့မှ သူတို့ရဲ့အရင်းအနှီးတွေနဲ့ပေါင်း၊ သူတို့ရဲ့နည်းပညာတွေနဲ့ပေါင်း၊ ဒါတွေ ပေါင်းပြီးတော့ ကျွန်တော်တို့ ရှာဖွေဖော်ထုတ်လိုက်တဲ့အခါမှာ အခုတင်ပြတဲ့ ရေနံသဘာဝဓာတ်ငွေ့မှာ သဘာဝဓာတ်ငွေ့ဘယ်လောက်ရှိတယ်ဆိုတာကို ကောင်းကောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ အလားတူပဲ ရဲတံခွန်မှာလည်းပဲ ဒီနေ့အင်မတန်ကြီးမားတဲ့ Reserver ကြီးတွေ့ပါတယ်။ တွေ့သောအခါမှာစပြီး လုပ်ရတဲ့လုပ်ငန်းကိုက ကိုယ့်မှာအရင်းအနှီးမရှိတဲ့အတွက် နိုင်ငံခြားနဲ့ ပေါင်းရတာဖြစ်တဲ့အတွက် သူတို့ရဲ့အရင်းအနှီးတွေထည့်ရပါတယ်။ မိမိရဲ့ပိုင်ဆိုင်မှုဟာ အချိုးတစ်ခုပဲရှိပါတယ်။ နောက်တစ်ခါ ဒီလိုအရင်းအနှီးထည့်ဖို့အတွက် ဘယ်ကမှငွေကြေးအကူအညီ၊ ဘယ်နိုင်ငံတကာအဖွဲ့အစည်းကမှ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ အဲဒီအချိန်မှာ နိုင်ငံတကာပုဂ္ဂလိကအဖွဲ့အစည်းတွေကပဲ ငွေကိုရအောင်သွားရှာပြီးတော့ အဲဒီဟာတွေကို အတိုးနဲ့ချေးရပါတယ်။ အတိုးနဲ့ချေးပြီးတော့မှ ကျွန်တော်တို့ရဲ့ အရင်းအနှီးကိုထည့်ရပါတယ်။ ဒါ့ကြောင့် အဲဒီကနေ ထွက်လာလို့ ပြန်ပြီးတော့ရမယ့် အကျိုးအမြတ်ဟာလည်း ကျွန်တော်တို့မှာ အထိုက်အလျောက်ပဲရပါတယ်။ နောက်တစ်ခုက ဒီကထွက်လာတဲ့ သဘာဝဓာတ်ငွေ့ကို ဘယ်လိုနည်းနဲ့ပြန်ပြီးတော့ ပိုက်ဆံရအောင်လုပ်ရမလဲလို့ စဉ်းစားတဲအခါမှာ ကျွန်တော်တို့ သဘောတစ်ခုထဲနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ခုန အရင်းအနှီးတွေ ထည့်ဝင်ထားတဲ့ Technology တွေထည့်ဝင်ထားတဲ့ ရာခိုင်နှုန်းအများဆုံးပါဝင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သဘောထားနဲ့ သူတို့ရဲ့ပြန်ရချက်တွေကိုလည်း စဉ်းစားရတဲ့အခါမှာ ဒီလောက်များများ ထုတ်ရောင်း ရမယ့် သဘာဝဓာတ်ငွေ့ကို ကိုယ့်မှာလည်းပဲ သုံးဖို့အခြေခံမရှိသေးတာတစ်ကြောင်း နောက်တစ်ခု ကလည်း ချေးထားတဲ့ငွေတွေ၊ အရင်းအနှီးထည့်ထားတဲ့အတိုးတွေ၊ ဒါတွေကို ပြန်ပေးဖို့လိုအပ်နေတာ တစ်ကြောင်းဖြစ်တဲ့အတွက် အဲဒီအချိန်မှာ အနီးဆုံးဈေးကွက်ရှိတဲ့ ယိုးဒယားနိုင်ငံကို ပိုက်လိုင်းနဲ့ သွယ်တန်းပြီး ရောင်းချခဲ့ခြင်းဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ်။ ဒီကနေ့တော့ ကျွန်တော်တို့ရဲ့ လက်ထဲမှာ အထိုက်အလျောက် နိုင်ငံခြားငွေအရင်းအနှီးရှိပါပြီ။ အဲဒီတော့ ယခင်တုန်းကလုပ်ခဲ့တဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ Project တွေတော်တော်များများဟာ အကြောင်းကြောင်းတွေကြောင့် ယင်းကဲ့သို့ ပြည်ပကိုထုတ်ရောင်းဖို့ အဆုံးအဖြတ်တွေ လုပ်ခဲ့ရပါတယ်။ ဒါ့ကြောင့်တစ်ဖက်က လည်းပဲ ကျွန်တော်တို့ဟာ နောင်ထပ်ပြီးတော့ ဖွဲ့စည်းပေါ်ပေါက်လာတဲ့အစိုးရတွေဟာ ယခင်တုန်းက လုပ်ခဲ့တဲ့ စာချုပ်စာတမ်းတွေကို လေးစားလိုက်နာဖို့လိုပါတယ်။ ဒါ့ကြောင့်ဒီနေရာမှာ အလျဉ်းသင့်လို့ တင်ပြရ လို့ရှိရင် ယခင်တစ်ချိန်တုန်းက ကျွန်တော်တို့ ကျောက်ဖြူမဲဆန္ဒနယ်က ဦးဘရှိန်မေးတဲ့မေးခွန်းထဲမှာ ရွှေသဘာဝဓာတ်ငွေ့နဲ့ပတ်သက်လို့ ရခိုင်ဒေသမှာလည်း သုံးချင်ပါတယ်။ ကျွန်တော်တို့လည်း မီးလင်း ချင်တယ် စသည်အားဖြင့် ဒီမေးခွန်းကို ကျွန်တော်ပြန်ပြီးတော့ ဖြေကြားခဲ့စဉ်တုန်းက ကျွန်တော်တို့ လိုက်နာရမယ့်သဘာဝအတိုင်းပဲ ကျွန်တော်တို့ဟာ နိုင်ငံတကာချုပ်ဆိုထားတဲ့ နှစ်ရှည်စာချုပ်စာတမ်း တွေကို လေးစားလိုက်နာဖို့လိုပါတယ်။ ဒါတွေကိုဆန့်ကျင်ဖို့အခက်အခဲရှိပါတယ်။ ကျွန်တော် ဒီအတိုင်းပဲဖြေခဲ့ပါတယ်။ ဒါတကယ်လည်း ဒီအတိုင်းပဲလိုက်နာရမှာဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ တကယ်တမ်းကျတော့ ဒေသကလည်းပဲ ဒါအမှန်ပဲလိုအပ်နေတယ်ဆိုတာ ကျွန်တော်တို့လည်းပဲ နားလည်ပါတယ်။ ဒါ့ကြောင့် ဒီမှာကျွန်တော်အလျဉ်းသင့်လို့ ယခင်ကိစ္စကို ပြန်ကောက်ပြီးတင်ပြရရင် ရွှေသဘာဝဓာတ်ငွေ့ဟာ ခုနကျွန်တော်တို့ လိုက်နာရမယ့်စာချုပ်စာတမ်းတွေနဲ့ ကျွန်တော်တို့မှာ ချည်နှောင်ပြီးဖြစ်နေသော်ငြားလည်းပဲ၊ အဲ့ဒီကနေပြီးတော့ သဘာဝဓာတ်ငွေ့အချို့အဝက်ကို ရခိုင် ဒေသအတွက် အသုံးချဖို့ ကျွန်တော် စွမ်းအင်ဝန်ကြီးအနေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။ အဲ့ဒီရဲ့ အလားအလာဟာလည်းပဲ တော်တော်ကိုကောင်းတဲ့အ‌ခြေအနေရှိပါတယ်လို့ ဒါလေးလည်း ဒီမှာ ကျွန်တော် အခွင့်ကြုံလို့တင်ပြလိုပါတယ်။ မနက်ဖြန် ၁၉ ရက်နေ့မှာ ဒေဝူးက Country မန်နေဂျာဟာ  ကျွန်တော့်ကိုလာပြီး Presentation လုပ်ပါ့မယ်၊ ဒါကတော့ ခုနစာချုပ်စာတမ်းများကို လေးစား လိုက်နာဖို့နဲ့ပတ်သက်ပြီးတော့ အလျဉ်းသင့်လို့တင်ပြခြင်း ဖြစ်ပါတယ်။ အဲ့ဒီတော့ နောက်ဆက်တွဲ အခုဦးအေးမောက်မေးတဲ့ ကျွန်တော်တို့ ဒီလောက်လိုအပ်နေတဲ့ သဘာဝဓာတ်ငွေ့ကိုဘယ်ကရဦးမလဲ၊ ဘယ်လိုပေးနိုင်ဦးမလဲ။ ဒီအပိုင်းနဲ့ပတ်သက်လို့ စောစောကပြီးခဲ့တဲ့ ကိစ္စတွေကတော့ စာချုပ်စာတမ်း တွေအရ ချည်နှောင်ထားပြီးသားတွေဖြစ်နေတော့ အတတ်နိုင်ဆုံးဒါတွေကို လေးစားလိုက်နာရပါမယ်။ သို့သော်လည်းပဲ ဒီနေ့ ကျွန်တော်တို့အစိုးရလက်ထက်မှာ ထပ်ပြီးတော့တွေ့လာတဲ့ သဘာဝဓာတ်ငွေ့ ‌ြမေရှိပါတယ်။ အဲဒါသည် ရန်ကုန်မြို့နဲ့အနီးဆုံးဖြစ်တဲ့ ခုနမုတ္တမပင်လယ်အော်၊ လက်ခုပ်ကုန်း ကမ်း‌ခြေအလွန်က လုပ်ကွက်မှာ သဘာဝဓာတ်ငွေ့အမြောက်အမြား တွေ့ရှိထားပါတယ်။ ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီကဖြစ်ပါတယ်။ အဲဒါကြောင့် ဒီတစ်ကြိမ်မှာတော့ အဲဒီအဖွဲ့အစည်းမှာ ဒီ Consodium မှာပါတာကလည်းပဲ ယိုးဒယားနဲ့ ကျွန်တော်တို့နဲ့ နှစ်ဖွဲ့ပဲပါပါတယ်။ ဒါ့ကြောင့် အဲဒီမှာစပြီး တွေ့တာနဲ့ ကျွန်တော် ချက်ချင်းသွားပြီးတော့ ဒီတစ်ခါတွေ့တဲ့ ဓာတ်ငွေ့ကတော့ တို့ပဲသုံးတော့မယ်၊ ဘယ်ကိုမှ မရောင်းဘူးဆိုတာ ပြောပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီလုပ်ကွက်ကထွက်လာတဲ့ သဘာဝ ဓာတ်ငွေ့တွေဟာ မကြာသောကာလမှာ ကျွန်တော်တို့နိုင်ငံရဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် လိုအပ်သောနေရာမှာ ဦးစားပေးစဉ်းစားပြီးတော့ ထည့်သွင်းအသုံးပြုသွားဖို့ရှိပါတယ်လို့ ဖြေကြား လိုပါတယ်။ နောက်တစ်ပိုင်းကလည်းပဲ အခု နိုဝင်ဘာ ၁ ရက်နေ့မှာပဲ တင်ဒါ ကျွန်တော်ပိတ်ပါ့မယ်။ အဲဒါက ဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့ချည်းပဲလုပ်ဖို့ အကန့်အသတ်ရှိတယ်။ နည်းပညာအကန့် အသတ်ရှိတယ်။ အရင်းအနှီးအကန့်အသတ်ရှိတယ်။ ဒါတွေဖြစ်နေတဲ့ ကုန်းတွင်းပိုင်း လုပ်ကွက် ၁၈ ကွက်နဲ့ပတ်သက်လို့  နိုင်ငံတကာ International Meeting ခေါ်ထားပါတယ်။ ခေါ်ပြီးပါပြီ။ အဲဒီအဖွဲ့အစည်းတွေ အားလုံးကိုခေါ်ပြီးတော့ လုပ်ငန်းနဲ့ပတ်သက်လို့ ရှင်းလင်းပြီး ဖြစ်ပါတယ်။ သူတို့သည် အခု နိုဝင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ အဲဒီအတွက် အဆိုပြုလွှာတွေ ကျွန်တော့်ဆီကို တင်ရပါ့မယ်။ နိုင်ငံခြားကုမ္ပဏီပေါင်း ၅၅ ခုလာပါတယ်။ အဲဒီမှာမှ ၄၃ခုရွေးပြီးတော့ Potential Tender အဖြစ်နဲ့ ရွေးထားပါတယ်။ အဲဒီပုဂ္ဂိုလ်များ ဝင်ရောက်လာလို့ ရှိရင်လည်းပဲ ကုန်းတွင်းအပိုင်းက နောက်ထပ်ရှာဖွေတွေ့ရှိမှုတွေ ရှိနိုင်ပါသေးတယ်။  ရှိမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်လို့ တင်ပြလိုပါတယ်။ ဒါ့ကြောင့် ခုနဦးအေးမောက်မေးမြန်းသွားတဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် နိုင်ငံတော်ကနေပြီးတော့ ထောက်ပံ့ပေးဖို့ စွမ်းအင်ကဏ္ဍမှာ ကျွန်တော့်ရဲ့ သဘာ၀ ဓာတ်ငွေ့နဲ့ပတ်သက်လို့တော့ ရှေ့အလားအလာ ဒီလိုတွေရှိတယ်လို့ တင်ပြလိုပါတယ်။ ဒီမှာတော့ အလျဉ်းသင့်တုန်း သတိပေးတင်ပြချင်တာကတော့ နိုင်ငံတကာနဲ့လုပ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ အတွက် ဒီနေ့ ကျွန်တော်တို့ချည်းပဲလုပ်တဲ့ MOGE ကထုတ်တဲ့ ကုန်းတွင်းက သဘာဝဓာတ်ငွေ့လို ယူနိုင်ရင် ယူလိုက်၊ မယူနိုင်တဲ့အချိန်မှာပိတ်လိုက် အဲဒီလိုလုပ်လို့ မရပါဘူး။ စာချုပ်စာတမ်းတိုင်းမှာ နိုင်ငံတကာ နဲ့ချုပ်လို့ရှိရင် Take or Pay ဆိုတဲ့ Clause ရှိပါတယ်။ ကိုယ်ယူရမယ့်အချိန်မှာ တစ်နေ့ကို သန်းတစ်ရာယူမယ်ဆိုရင် ယူနိုင်အောင် မိမိရဲ့စက်များ အသင့်ပြင်ထားဖို့လိုပါတယ်။ အဲဒီလို ပြင်မထားလို့ ကိုယ်ယူရမယ့်ပမာဏကို မယူနိုင်ရင်လျော်ရပါတယ်။  အဲဒါဟာ သုံးစွဲမယ့်ပုဂ္ဂိုလ်များ          ဘက်ကလည်းပဲ ဒီဟာလေးတွေကို နားလည်ထားဖို့လိုပါတယ်။ နောက်တစ်ခုက ဈေးနှုန်းနဲ့ပတ်သက် လို့ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ သဘာဝဓာတ်ငွေ့တွေကို နိုင်ငံတကာကို ထုတ်ရောင်းနေတဲ့ ဥစ္စာဟာ ယခင်တစ်ကြိမ်တုန်းကလည်း ရှင်းလင်းတင်ပြခဲ့ပြီးပါပြီ။ ဘယ်နိုင်ငံကိုမှ ကျွန်တော်တို့ အောက်ဈေးနဲ့မရောင်းပါဘူး။ ဒီနေ့ နိုင်ငံတကာရဲ့ Gas ဈေးကွက်မှာ အကောင်းဆုံးဈေး ကျွန်တော်တို့ ရထားပါတယ်။ ယခုပေါက်ဈေး Thiland ကိုရောင်းနေတဲ့ သဘာဝဓာတ်ငွေ့ဟာ One Million BDU ၊ One Million BDU ဆိုတာ  ကုဗပေ ၁၀၀၀ ထုထည်ရှိပါတယ်။ အဲဒီအတွက်ကို ၁၀.၃၃၅ လောက် ရှိပါတယ်။ ဒေါ်လာ ၁၀ ကျော်ပါတယ်။ ဒီဟာကို ပြည်တွင်းကိုယူပြီးတော့ ပြည်တွင်းစက်မှုလုပ်ငန်းတွေ အတွက် သုံးမယ်ဆိုရင် အဲဒီပမာဏအပေါင်း Tariff ပိုက်လိုင်းခ ဒါကျွန်တော်တို့လုပ်ငန်းများက ပေးနိုင်မလား။ ဒီလို မပေးနိုင်ရင်လည်းပဲ အဲဒီအပေါ်မှာ ခုနဘယ်လောက် နိုင်ငံတော်က လျှော့ပေါ့ပေး မလဲဆိုတဲ့ဥစ္စာ နောက်ပိုင်းဒါစဉ်းစားပြီး လုပ်သွားရမှာဖြစ်ပါတယ်။ တစ်ချက် သတိပြုစေလိုတာ ကတော့ ဒီနေ့ နိုင်ငံတော်မှာ အများဆုံးဝင်ငွေရနေတာသည် ဒီကမ်းလွန်သဘာဝဓာတ်ငွေ့ကရပါ တယ်။ အဲဒီအချိန်မှာ အဲဒီသဘာဝဓာတ်ငွေ့ကို လျှော့ပေါ့ပြီးတော့ ပေးရမယ်ဆိုရင်တော့ ယနေ့ရနေတဲ့ ဝင်ငွေရမှာမဟုတ်ပါဘူး။ ဒီလိုလည်းပဲ သတိထားမိရန် တင်ပြလိုပါတယ်။ နောက်တစ်ပိုင်းကတော့ ဘဏ္ဍာအခွန်ဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးတော့ AFTA ကို ရင်ဆိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ လျှော့ပေါ့ ပေးနိုင်မှုကိစ္စတွေဖြစ်ပါတယ်။ အဲဒီတော့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်က ပြောင်းလဲကျင့်သုံးတဲ့ ဈေးကွက်စီးပွားရေး မူဝါဒတွေနဲ့အညီ ငွေရေးကြေးရေးစနစ်ကိုလည်း လိုက်လျောညီထွေဖြစ်စေဖို့အတွက် လျှော့ပေါ့ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရဟာ အများပြည်သူအကျိုးကိုရှေးရှုလျက် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဖော်ဆောင်လျက်ရှိရာမှာ နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအား ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်စေရန်အတွက် ဘဏ်အတိုးနှုန်းတွေ ပြင်ဆင်သတ်မှတ်ရန် လိုအပ်တဲ့အတွက် နိုင်ငံတော် ဗဟိုဘဏ်ကနေပြီးတော့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဘဏ်အတိုးနှုန်းတွေ လျှော့ပေါ့သတ်မှတ်ပေးခဲ့ပါတယ်။ ချေးငွေအပေါ် ကောက်ခံတဲ့အတိုးနှုန်းဟာ ယခင်က ၁၇ ရာခိုင်နှုန်းကနေ ယခုအခါ ၁၅ ရာခိုင်နှုန်းအထိ လျှော့ပေါ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အလားတူပဲ စက်မှုဇုန်ဝင်ချေးငွေနဲ့ စီမံကိန်းဝင် စိုက်ပျိုးရေးချေးငွေတွေအတွက် အတိုးနှုန်းတွေကိုလည်း ယခင်  ၁၅ ရာခိုင်နှုန်းကနေ ယခု ၁၄ ရာခိုင်နှုန်းကို လျှော့ပေါ့ပေးခဲ့ပြီးဖြစ်ပါတယ်။ နောက်တစ်ခါ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ရောင်းချတဲ့ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ မြေ၊ အဆောက်အဦများဝယ်ယူတဲ့ တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များကို ဝယ်ယူတဲ့ပစ္စည်းတန်ဖိုးပေါ်မူတည်ပြီးတော့ ၇၀ ရာခိုင်နှုန်းအထိ အတိုးနှုန်းကို    ၁၄ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးဖို့ ညွှန်ကြားထားကြောင်းလည်းပဲသိရှိရပါတယ်။ နောက်တစ်ခါ နိုင်ငံတကာရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ငွေရေးကြေးရေး ထောက်ပံ့နိုင်မှုအတွက်၊ ငွေကြေးချေးငှားပေးနိုင်မှုများအတွက် လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များကို အဆင့်လိုက် ကျွန်တော် တို့ဖြေလျှော့ပေးခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။ ပုဂ္ဂလိကပိုင်ဘဏ်များကနေပြီးတော့ အခုတင်ပြတဲ့ ဘိလပ်မြေစက်ရုံများအတွက် လိုအပ်တဲ့ချေးငွေကို ထုတ်ချေးပေးလျက်ရှိရာမှာ ၂၈-၉-၂၀၁၁ ရက်နေ့ အထိ ပုဂ္ဂလိကဘဏ်တွေကနေပြီးတော့ ပုဂ္ဂလိကဘိလပ်မြေစက်ရုံများကို ချေးငွေကျပ်သန်းပေါင်း ၂၀၂၀၀ ထုတ်ချေးပြီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။ နောက်တစ်ခါ သိပ္ပံနဲ့နည်းပညာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုလည်းပဲ အကောက်အခွန်ကင်းလွတ်ခွင့်ပြုဖို့ ထည်‌့သွင်းစဉ်းစားပေးထား ကြောင်းသိရပါတယ်။ နည်းပညာအသုံးပြုဆောင်ရွက်လျက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာလိုအပ်တဲ့ စက်ပစ္စည်းကိရိယာတန်ဆာပလာများ၊ စက်အရန်ပစ္စည်းများ၊ ကုန်ကြမ်းများ၊ နိုင်ငံခြားကမှာယူ တင်သွင်းမယ်ဆိုရင် အဲဒီအတွက်ချုပ်ဆိုထားတဲ့ MOU တွေ၊ သဘောတူစာချုပ် Agreements တွေ၊ စာချုပ်စာတမ်း Contracts တွေအရ လျှောက်ထားလာလို့ရှိရင်တော့ ပင်လယ်ရေကြောင်း အကောက် အခွန်အက်ဥပဒေပုဒ်မ ၂၃ အရ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ သိရှိရပါတယ်။

နောက်တစ်ခါ ၂၀၁၅ မှာပေါ်ပေါက်လာမယ့် ခုနက AFTA ကို ရင်ဆိုင်နိုင်ဖို့အတွက် ကာကွယ်‌ြဖေလျှော့ပေးနိုင်မှုအ‌ခြေအနေပေါ်မှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၁၉၄၇ ခုနှစ်၊ သွင်းကုန်၊ ထုတ်ကုန်ကြီးကြပ်ရေးယာယီအက်ဥပဒေပုဒ်မ ၃ အရ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုချက်နဲ့ဆောင်ရွက်တဲ့ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတင်သွင်းမှုအပေါ် သွင်းကုန်လိုင်စင်ကြေးကင်းလွတ်ခွင့်အမိန့်ကို ထုတ်ပြန် ထားကြောင်း သိရှိရပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြုမိန့်နဲ့ဆောင်ရွက်တဲ့ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ဖက်စပ်ကော်ပိုရေးရှင်းများက ၎င်းတို့ရဲ့လုပ်ငန်းမှာ အသုံးပြုဖို့အတွက် ပြည်ပကတင်သွင်းတဲ့ အောက်ဖော်ပြပါ ပစ္စည်းများအပေါ် သွင်းကုန်လိုင်စင်ကြေးကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုထား ကြောင်းလည်းသိရှိရပါတယ်။ ၎င်းတို့ကတော့ (၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားမတည်ငွေအရင်းအရ လုပ်ငန်းတည်ဆောက်မှုကာလတွင် အမှန် တကယ်အသုံးပြုရန်လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင် တန်ဆာပလာများ၊ စက်ကိရိယာအစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ (၂)လုပ်ငန်းတည်ဆောက်မှုပြီးစီး၍ ပြည်ပသို့ ကုန်ချောထုတ်လုပ်ရောင်းချရန်အလို့ငှာ ပထမသုံးနှစ် အတွက် ကုန်ထုတ်လုပ်ရန်တင်သွင်းသည့် ကုန်ကြမ်းများနှင့်ထုပ်ပိုးပစ္စည်းများ ယင်းတို့အပေါ် လျှော့ပေါ့ထားကြောင်း သိရှိရပါတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပ‌ဒေနဲ့ အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်ဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံတဲ့ အဖွဲ့အစည်းများ၊ ကုမ္ပဏီများအား ၎င်းတို့ရဲ့လုပ်ငန်းတွင် အသုံးပြုရန်အတွက် ပြည်ပမှတင်သွင်း လာသည့် အောက်ဖော်ပြပါပစ္စည်းများအပေါ် သွင်းကုန်လိုင်စင်ကြေးပေးဆောင်ရခြင်းမှ ကင်းလွတ် ခွင့်ပြုထားကြောင်းလည်း သိရှိရပါတယ်။ ၎င်းတို့ကတော့ (က)မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ငန်းထူထောင်ဆောင်ရွက်ရန်အတွက် ပြည်ပမှတင်သွင်းခွင့်ပြုသည့်တန်ဖိုးအရ လုပ်ငန်း တည်ဆောက်မှုကာလအတွင်း အမှန်တကယ်အသုံးပြုရန် လိုအပ်၍ တင်သွင်းသောစက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင်တန်ဆာပလာများ၊   စက်ကိရိယာအစိတ်အပိုင်းများ၊ စက်အရန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ (ခ)လုပ်ငန်းတည်ဆောက်မှုပြီးစီး၍ ကုန်ချောထုတ်လုပ်ရန် အလို့ငှာ ပထမသုံးနှစ်အတွင်း ကုန်ချောထုတ်လုပ်ရန် တင်သွင်းသည့် ကုန်ကြမ်းပစ္စည်းများဖြစ်ပါ ကြောင်းဖြေကြားပါသည်။