မိုင်းယောင်းမြို့နယ်မှာ လူဦးရေ ၁၀၆၀၀၀ ကျော်ရှိပြီး လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ လယ်ယာလုပ်ကိုင်စားသောက်ကြတဲ့ တောင်သူလယ်သမားများဖြစ်ကြပါတယ်။ စပါးစိုက်ဧက ၅၀၀၀၀ ကျော်ရှိပြီး နှစ်စဉ်စပါးတင်းပေါင်း ၄၃ သိန်းခန့်ထွက်ရှိပါတယ်။ မြို့နယ်အတွက် စားသုံးမှုအတွက် ချန်လှပ်ပြီးရင် ကျွန်တော်တို့ တင်းပေါင်း ၂၅ သိန်းခန့် ပိုလျှံလျက်ရှိပါတယ်။ အဲဒီပိုလျှံတဲ့စပါးကို ယခု ထက်တိုင် ကျွန်တော်တို့ ဈေးကွက်ကို လွတ်လပ်စွာရောင်းချခွင့် မရှိသေးပါ။ သက်ဆိုင်ရာများကနေ ပိတ်ဆို့ဟန့်တား တားဆီးနေတယ်လို့သိရပါတယ်။ အဲဒီအဖြစ်မျိုးတွေဟာ ကျွန်တော်တို့ မိုင်းယောင်းမြို့ တွင်သာမကပဲ မိုင်းပန်၊ မိုင်းကိုင်၊ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်ကြတဲ့ နောင်မွန်၊ ဆီဆိုင်မြို့နယ်တွေမှာလည်း အဲလိုကိစ္စမျိုး ပေါ်ပေါက်နေတာကို တွေ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုအဆင့် အဖွဲ့ဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများကို ၆-၄-၂၀၁၀ ရက်နေ့က ပြောကြားသွားတဲ့ အမှာစကားမှာ ဥပဒေနဲ့အညီ လွတ်လပ်စွာစိုက်ပျိုးခွင့်၊ လွတ်လပ်စွာသယ်ယူရောင်းချခွင့်ပြုရမှာဖြစ်တဲ့အတွက် အပိတ်အဆို့အတားအဆီးအဟန့်အတားများကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ဥပဒေအရစီးပွားရေး အခွင့်အလမ်းပေးခြင်း၊ ကြီးကြပ်ခြင်း၊ အခွန်ကောက်ယူခြင်းများ ပြုလုပ်ရာမှာ ပြည်သူများအတွက်မလို အပ်တဲ့ အပိုကုန်ကျစရိတ်များမရှိအောင် စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်လို့ မိန့်မှာသွားပါတယ်။ ဒါကြောင့် ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ ကျွန်တော်တို့ မိုင်းယောင်းမြို့နယ်မှ ယခင်နှစ်က ပိုလျှံတဲ့စပါးများကို ဒေသတွင်းဈေးကွက်သို့ သယ်ယူရောင်းချခွင့်မရှိသေးသည်ကို သက်ဆိုင်ရာက သိပါသလား။ သိရှိပါက မည်သို့ကူညီဖြေရှင်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစောတင်မေးမြန်းထားတဲ့ မိုင်းယောင်းမြို့နယ်မှာ ယခင်နှစ်က ပိုလျှံသော စပါးများပင်လျှင် ရောင်းချ၍မရနိုင်သေးသဖြင့် တောင်သူလယ်သမားများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းမေးခွန်းကို ဖြေကြားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဧည့်သည်တော်များ ခင်ဗျား။ ကျွန်တော့်အနေနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစောတင် မေးမြန်းတင်ပြထားတဲ့မေးခွန်းနဲ့ စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ဦးစိုင်းစောတင်ရဲ့ မေးမြန်းချက်နဲ့ပတ်သက်လို့ ဖြေကြားရရင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မြို့နယ်ကိုးခု၊ လူဦးရေ ၈၇၆၆၅၇ ဦးရှိပြီးတော့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ မိုးစပါးစိုက်ဧက ၃၁၃၈၇၈၊ နွေစပါးစိုက်ဧက ၃၁၂၉၄ စုစုပေါင်း ၃၄၅၁၇၂ ဧကစိုက်ပျိုးပြီး မိုးစပါး၊ နွေစပါးစုစုပေါင်း ထွက်ရှိမှုဟာတင်း ၂၇၆.၈၀ သိန်းထွက်ရှိကြောင်းနဲ့ မျိုး၊ အလေအလွင့်နဲ့စားသုံးမှု စပါးတင်းမှာ ၁၇၁.၁၈ သိန်း ဖြစ်တာကြောင့် ပိုလျှံမှုစပါးတင်းပေါင်း ၁၀၅.၆၂ သိန်းရှိကြောင်း စာရင်း ဇယားများအရ သိရှိရပါတယ်။ ဦးစိုင်းစောတင်တင်ပြထားတဲ့ မိုင်းယောင်းမြို့နယ်ကို ကြည့်မယ်ဆိုရင် လူဦးရေ ၁၀၉၇၈၃ ရှိပြီးတော့ မိုးစပါး၊ နွေစပါးစိုက်ဧကပေါင်း ၅၅၃၂၂ ဧကရှိပါတယ်။ ထွက်ရှိမှု စပါးတင်းပေါင်းမှာ ၄၁.၈၅ သိန်း၊ မျိုး၊ အလေအလွင့်နဲ့ စားသုံးမှုစပါးတင်းပေါင်း ၂၂.၀၁ သိန်း၊ ပိုလျှံမှုစပါးတင်း ၁၉.၈၄ သိန်းရှိကြောင်းသိရှိရပါတယ်။ ကျွန်တော့်အနေနဲ့လည်း တစ်ဖက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနဝန်ကြီး တာဝန်ယူရသလို တစ်ဖက်ကလည်း ပြည်ထောင်စု ကုန်ဈေးနှုန်းထိန်းသိမ်းရေးကော်မတီရဲ့ ဥက္ကဌဖြစ်တဲ့အတွက်ကြောင့် ဒီ အဓိကစားသုံးဆန်နဲ့ ဆီက စပြီးတော့ အခြေခံစားကုန်များရဲ့စီးဆင်းမှုတွေကို အမြဲတမ်းတွက်ချက်ပြီးတာကြောင့်လည်းပဲ တင်ပြ လိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဆန်စပါးမူဝါဒနဲ့ပတ်သက်လို့လည်း တင်ပြရရင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာ နိုင်ငံတော်အတွင်းမှာရှိတဲ့ တောင်သူ လယ်သမားများ၊ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကိုရည်ရွယ်ပြီး နိုင်ငံတော်ရဲ့အဓိကသီးနှံဖြစ်တဲ့ ဆန်စပါးကို၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်စပါးရာသီကစပြီး အစိုးရကတိုက်ရိုက်ဝယ်ယူခြင်း မပြုတော့ဘဲနဲ့ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်ပြုတဲ့ ဆန်စပါးရောင်းဝယ်ရေးမူဝါဒသစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ၂၀၀၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှာ နိုင်ငံတော်ကကြေညာခဲ့ပါတယ်။ ၎င်းကြေညာချက်အရ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများအပါအဝင် ဆန်စပါးလုပ်ငန်းနှင့် ဆက်စပ်နေသော ပြည်သူများအားလုံးအနေနဲ့ ဆန်စပါးရောင်းဝယ်ခြင်း၊ ကြိတ်ခွဲခြင်း၊ တင်ပို့ခြင်း လုပ်ငန်းများကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ခွင့်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဒေသတစ်ခုမှတစ်ခုကို လွတ်လပ်စွာ ရောင်းဝယ်စီးဆင်းခွင့်ပြုထားပြီးလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နောင်ဖြစ်ပေါ်လာမယ့် လူဦးရေသန်း ၁၀၀ ကို စားနပ်ရိက္ခာလုံလောက်စေရေး အတွက်လည်းပဲ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်စေရေးဆောင်ရွက်ဖို့နဲ့ ဒီလိုဆောင်ရွက်ရာ မှာ စိုက်ဧကတိုးချဲ့ခြင်း Extensive၊ တစ်ဧကအထွက်နှုန်းတိုးတက်စေခြင်း Entensive နည်းလမ်း များဖြင့် ဆောင်ရွက်သွားပြီး ပြည်တွင်းစားသုံးမှုဖူလုံအောင် စိုက်ပျိုးထုတ်လုပ်ပြီး ပိုလျှံသည်များကို ပြည်ပကိုတင်ပို့နိုင်ရန် ဆန်စပါးမူဝါဒ ချမှတ်ထားပြီးလည်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း အတွင်း စစ်ဆေးရေးဂိတ်များထားရှိမှုကို မေးမြန်းစုံစမ်းချက်အရ ကျိုင်းတုံ-မိုင်းလားလမ်းမှာ တာပင်းဂိတ်၊ ကျိုင်းတုံ-မိုင်းယန်းလမ်းမှာ ဝမ်တာပုံဂိတ်၊ မိုင်းခတ်ဂိတ်၊ မိုင်းယန်းဂိတ်များရှိကြောင်း ကျိုင်းတုံ-တာချီလိတ်လမ်းမှာ ကျိုင်းတုံပူးပေါင်းဂိတ်၊ မိုင်းဖြတ်ပူးပေါင်းဂိတ်၊ မယ်ယန်းပူးပေါင်း ဂိတ်များရှိကြောင်း မိုင်းယောင်းမှအထွက်မှာ မိုင်းယုဂိတ်ရှိကြောင်း သိရှိရပါတယ်။ ဒီဂိတ်များအနေနဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းများ တရားမဝင်သယ်ယူမှုမရှိစေရေး နိုင်ငံတော်မှတားမြစ်ထားတဲ့ ကန့်သတ်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုမရှိစေရေး၊ နိုင်ငံတော်မှ တားမြစ်ထားတဲ့ ကန့်သတ်ကုန်ပစ္စည်းများ တရားမဝင်မှောင်ခိုထွက်ရှိမှု မရှိစေရေးတို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာဌာနများပါဝင်တဲ့အဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း လေ့လာသိရှိရ ပါတယ်။ ဆန်စပါးအပါအဝင် လယ်ယာထွက်ကုန်သီးနှံများအားလုံးကို ပြည်တွင်းစားသုံးမှု ပိုလျှံပါက ပြည်ပကို တရားဝင်တင်ပို့ခွင့်ပြုထားပြီးလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် တရားမဝင်မှောင်ခို ထွက်ရှိမှုများကို တားဆီးကာကွယ်သွားကြရမှာပဲ ဖြစ်ပါတယ်။ ပြည်ပဆန်တင်ပို့မှုကို ကြည့်မယ်ဆိုရင် ယခင်၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၅.၃၇ သိန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉၈.၂၃၆ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် စက်တင်ဘာလ၊ ဒုတိယပတ်ထိ ဆန်တန်ချိန် ၃.၄၇ သိန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၄.၆၇၁ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတွေမှာ ဆန်တန်ချိန် ၁.၃၈ သိန်း၊ အမေရိကန်ဒေါ်လာ ၄၆.၉၆၈ သန်းသာ တင်ပို့နိုင်တဲ့အတွက် ကာလတူနှိုင်းယှဉ်ကြည့်ရင် တန်ချိန် ၂.၀၉ သိန်း၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၈၇.၇၀ သန်းပိုမိုတင်ပို့ထားပြီးဖြစ်ပါတယ်။ ယခင်နှစ်များက ဆန်ပြည်ပတင်ပို့ခြင်းကို နယ်စပ်ကုန်သွယ်ရေးစခန်းများကပါ တင်ပို့ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် တရားမဝင်တင်ပို့မှုတွေ ရောနှောဖြစ်ပေါ်လာတဲ့အတွက် ၂၀၁၀-၂၀၁၁ နဲ့ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်များမှာ နယ်စပ် ကုန်သွယ်ရေးစနစ်ဖြင့်တင်ပို့ခွင့်မပြုဘဲ ပင်လယ်ရေကြောင်းဖြင့်သာ တင်ပို့လျက်ရှိပါတယ်။
ဆန်စပါးဟာ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ စားသုံးသီးနှံဖြစ်တဲ့အတွက် ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ စားသုံးပြီးပိုလျှံမှသာ ပြည်ပသို့ စနစ်တကျ စိစစ်တင်ပို့ရေးတို့ကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ ဆန်ဈေးကြီးမြှင့်မှုနဲ့ တစ်ဖက်နိုင်ငံသို့ တရားမဝင်မှောင်ခိုစီးထွက်မှုများ မရှိစေရေးအတွက် အလေးထားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဆန်ပြည်ပတင်ပို့ခြင်းအား နယ်စပ်ဒေသ မှ တင်ပို့လိုပါက သက်ဆိုင်ရာပြည်နယ်အစိုးရက မိမိပြည်နယ်အတွင်း စားသုံးမှုဖူလုံပြီး ပိုလျှံမှုပမာဏ ကို တာဝန်ယူတွက်ချက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်သွားသင့်ပါတယ်။ သာဓက အားဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသတွင်းထွက်ရှိပြီး စားသုံးမှုဖူလုံကာ ပိုလျှံသော ဆန်များကို ပုသိမ် FOB ဖြင့် ပြည်ပသို့တိုက်ရိုက်တင်ပို့လိုကြောင်း ပြည်ထောင်စုအစိုးရကို တင်ပြချက် အရ M.V PUTRI ASIA သင်္ဘောဖြင့် ဟင်္သာတဆန်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်နှင့် ဧရာဒီပါ ပုသိမ်ဆန်စပါး ရောင်းဝယ်ရေးကုမ္ပဏီတို့က ၁၇-၈-၂၀၁၁ ရက်နေ့မှ ၃၁-၈-၂၀၁၁ ရက်နေ့အတွင်း ပြည်ပကိုဆန်တန်ချိန် ၃၀၀၀ FOB တင်ပို့ခဲ့ပါတယ်။ ဒါကြောင့် မိုင်းယောင်းမြို့နယ်အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ထွက်ရှိတဲ့ဆန်စပါးများကို ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်ဝယ်ယူ ရောင်းချခြင်း၊ လွပ်လပ်စွာစီးဆင်းခြင်းများ ဆောင်ရွက်နိုင်ပါကြောင်းနှင့် ပြည်နယ်တွင်း ပိုလျှံမှုရှိသည် များကို ပြည်ပသို့ နယ်စပ်ကုန်သွယ်ရေးစနစ်ဖြင့် တင်ပို့ရောင်းချခြင်းကို ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
