(ဂ)-လူစီးရထားတွဲများ၊ ရထားလမ်းများနှင့်ဘူတာများ အဆင့်အတန်းမြင့်မားစေရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၄-၈-၂၀၁၁)

နိုင်ငံတော်အနေနဲ့ ပို့ဆောင်ရေးကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် ရထားပို့ဆောင်ရေးကဏ္ဍသည် ပြည်သူ လူထုအတွက်များစွာ ထိရောက်သက်သာစေသော ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါတယ်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ နိုင်ငံအတွင်းပြေးဆွဲလျက်ရှိသည့် လူစီးရထားတွဲများအား နိုင်ငံတကာအဆင့်မီစေရန်နှင့် ပြေးဆွဲလျက်ရှိသော ရထားသံလမ်းများအား ကြံ့ခိုင်စေရန်နှင့် ရထား ဘူတာရုံများအား သန့်ရှင်းလှပသပ်ရပ်စေရန်အတွက် ယခုထက်ကိုဘက်စုံ အဆင့်အတန်းတိုးတက် မြင့်မားစေရန် အစီအစဉ် ရှိ၊ မရှိ၊ ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးနိုင်ပါကြောင်း သိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားဟာ နေ့စဉ်ရထားခရီးစဉ် ၄၃၀ ခန့်ပြေးဆွဲ လျက်ရှိပြီး ခရီးသည်ဦးရေနှစ်သိန်းခန့်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိပါတယ်။ ၁၉၈၈ ခုနှစ်မတိုင်မီ က ခရီးသည်ဦးရေ ၆၀.၈၅၉ သန်းသယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ခရီးသည် ပို့ဆောင်ရေး တိုးတက်လာခဲ့ရာ ၂၀၁၀ -၂၀၁၁ ဘဏ္ဍာရေးနှစ်အတွင်းမှာ ခရီးသည်ဦးရေ ၆၇.၆၅၀ သန်း သယ်ပို့ပေးနိုင်ခဲ့ပါတယ်။

လူစီးတွဲများ နိုင်ငံတကာအဆင့်မီရေးနှင့်ပတ်သက်ပြီးတော့ ယခုအသုံးပြုနေသော လူစီးတွဲ ၁၂၅၂ တွဲအနက်အများစုဟာ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယနိုင်ငံများမှ ဝယ်ယူထားသော လူစီးတွဲ များဖြစ်ပါတယ်။ လူစီးတွဲအများစုမှာ သက်တမ်း ၂၀ ခန့် ရှိလာပြီဖြစ်ပါတယ်။ နှစ်နှစ်တစ်ကြိမ် မြစ်ငယ် စက်ရုံ၌ အကြီးစားပြင်ဆင်ခြင်းမှအပ ကျန်အချိန်များ၌ ဆက်လက်အနားမရဘဲ ပြေးဆွဲနေရခြင်း၊ ပြင်ဆင်စရိတ်များ ကြီးမြင့်လာသဖြင့် အဆင့်မြင့်အဆင်တန်ဆာများ မတပ်ဆင်နိုင်ခြင်းတို့ရှှိခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံအချို့ရှိ ရထားခမြင့်မားပြီး ဝန်ဆောင်မှုလည်းမြင့်မားသည့် ရထားများမှအပ ကျန်ခရီး သည်တင်ရထားများနှင့်နှိုင်းစာလျှင် ရထားအဆင့်အတန်းချင်း မကွာခြားသည်ကိုတွေ့ရှိရပါတယ်။

 ယခုအခါ လူစီးတွဲအသစ်များများစားစားကို ဝယ်ယူနိုင်ရန်စီစဉ်လျက်ရှိပြီး မှာကြားသည့် ကာလမှ  နှစ်နှစ်အတွင်းရောက်ရှိကြမည်ဖြစ်ရာ ထိုအချိန်တွင် လက်ရှိအဆင့်အတန်းထက် ပိုမိုမြင့်မား လာမည်ဖြစ်ပါတယ်။ လက်ရှိအနေအထားတွင်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်စေရန် အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ရထားလမ်းများကြံ့ခိုင်ရေးကိစ္စကို ဖြေကြားသွားမှာဖြစ်ပါတယ်။ ရထားလမ်းများကြံ့ခိုင်ရေးတွင် အဓိကမှာဇလီဖားပဲဖြစ်ပါတယ်။ ရှေးယခင်က ပျဉ်းကတိုး၊ အင်ကြင်း၊ သစ်ရာ၊ ပိတောက်ကဲ့သို့သော သစ်မာများကို ဇလီဖားအဖြစ်အသုံးပြုခဲ့ရာမှ နောက်ပိုင်းတွင်ရရာ သစ်များကိုသာအသုံးပြုရသဖြစ် ရာသီဥတုဒဏ်၊ ခြဒဏ်၊ မှိုဒဏ်များကိုမခံနိုင်ဘဲ ရထားလမ်းများ အားနည်းခဲ့ရပါတယ်။

ရထားလမ်းပိုင်းအားလုံးတွင် ဇလီဖား စုစုပေါင်း ၁၀၅ သိန်း သုံးစွဲထားခဲ့ရာ ယခုအခါ ကွန်ကရစ်ဇလီဖားတုံးစက်ရုံ ခြောက် ရုံမှ တစ်နှစ်လျှင်ကွန်ကရစ်ဇလီဖား ၁၂ သိန်းခန့်ထုတ်လုပ်၍ လမ်းပိုင်း အသီးသီးတွင်ထည့်သွင်းနေရာ ရန်ကုန်-မန္တလေးလမ်းတလျှောက်၊ မန္တလေး-မြစ်ကြီးနားလမ်းတလျှောက် ကွန်ကရစ်ဇလီဖားများ ထည့်သွင်းထားပြီးဖြစ်ပါတယ်။ ရထားလမ်းကောင်းမွန်ရေးအတွက် သံလမ်း တစ်ဖက်နှင့်တစ်ဖက် ရေချိန်ညီခြင်း၊ ကွေ့များတွင်အပြင်သံလမ်းကို သတ်မှတ်ချက်နှင့်အညီမြှင့်ပေး ခြင်း၊ ရထားလမ်းများ ဖြောင့်စင်းခြင်းစသည်တို့အတွက် လမ်းခင်းကျောက်သည်လည်း အရေးကြီးပါ တယ်။ ထို့ကြောင့်လမ်းခင်းကျောက်ဖြည့်တင်းခြင်း၊ သံလမ်းပြုပြင်ခြင်းတို့ကို အလေးထားဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားအပ်ပါတယ်။

အဓိကမှာ လက်မှတ်ခနှုန်းထားနည်းပါးခြင်း၊ ရထားဝင်ငွေနည်းပါးခြင်း၊ ရထားဝင်ငွေနည်းပါး ပြီးအရှုံးပေါ်သဖြင့် ရင်းနှီးမြှုပ်နှံရမည့် ရထားလုပ်ငန်းများတွင် ပြည့်ပြည့်ဝဝရင်းနှီးမြှုပ်နှံမှုမပြုနိုင် ခြင်းတို့ဖြစ်ပါတယ်။ ခရီးသည်လက်မှတ်ခ ကုန်တန်ဆာခများဖြစ်သင့်သည့် အတိုင်းအတာထိတိုးမြှင့် နိုင်ပါက ရထားဝင်ငွေတိုးတက်လာသည်နှင့်အမျှ ရထားအဆင့်အတန်းတိုးတက်ရေးကိုလည်း ပိုမိုလုပ် ဆောင်နိုင်မည့်အခြေအနေရှိပါတယ်။ မြန်မာ့မီးရထားအနေဖြင့် အစဉ်တိုးတက်နေစေရန်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။

တတိယအချက်အနေနဲ့ ဘူတာရုံများသန့်ရှင်းရေး၊ သာယာစည်ကားရေးတို့ကို ဖြေကြားသွား မှာဖြစ်ပါတယ်။ ဘူတာများသန့်ရှင်းရေး၊ သန့်ရှင်းသာယာစည်ကားရေးလုပ်ငန်းများအတွက် မြန်မာ့ မီးရထားလမ်းပိုင်းအသီးသီးမှာ ၁၉၈၈ ခုနှစ်မတိုင်မီက ဘူတာပေါင်း ၄၈၇ ဘူတာရှိပြီး ၂၀၁၀-၂၀၁၁ တွင် ဘူတာပေါင်း ၉၂၆ ဘူတာအထိ တိုးတက်လာခဲ့ပါတယ်။ ဘူတာများသန့်ရှင်းရေးအတွက် ဘူတာကြီးများ၏သန့်ရှင်းရေးအား ပြင်ပလုပ်ငန်းများသို့တင်ဒါခေါ်ယူပြီး သန့်ရှင်းရေးလုပ်ငန်းများ ကန်ထရိုက်ပေးခြင်းနှင့် ဘူတာငယ်များတွင် သင့်တော်သည့်ရန်ပုံငွေကို သက်ဆိုင်ရာဘူတာရုံပိုင်နှင့် တိုင်းအရာရှိများထံအပ်နှံပြီး ဆောင်ရွက်သည့်စနစ်ကို ကျင့်သုံးလျက်ရှိပါတယ်။

မြန်မာ့မီးရထားဘူတာရုံ စုစုပေါင်း ၅၀ ရာခိုင်နှုန်းကျော်မှာ လွတ်လပ်ရေးမတိုင်မီဆောက်လုပ် ခဲ့သောဘူတာများဖြစ်ပြီး အဆိုပါဘူတာရုံ ၄၆၄ ရုံအားဦးစားပေးအလိုက် ပြုပြင်သွားရန် အစီအမံများ ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့မီးရထားအနေဖြင့် တွဲ၊ လမ်း၊ ဘူတာသာမက အခြားရထား ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက်ရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။