(က)-လယ်ယာစိုက်ပျိုးရေးအထောက်အကူပြု စက်ယန္တရားများတင်သွင်းခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၀) ရက်မြောက်နေ့ (၃-၁၀-၂၀၁၁)

နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပုဒ်မ ၂၉ နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်းအစရှိသည် တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနေသည်ဟု ပြဋ္ဌာန်းထားပါတယ်။ ယခုအခါ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းပါအတိုင်း လယ်ယာကဏ္ဍ စီးပွားရေးမြင့်မားစေရန် အစပြုဆောင်ရွက်နေပြီလည်း ဖြစ်ပါ တယ်။ ထို့ကြောင့် တောင်သူလယ်သမားတို့အား အောက်ပါလယ်ယာသွင်းအားစုများကို နိုင်ငံတော် အနေဖြင့် ဖြည့်ဆည်းပေးစေလိုပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးအရင်းအနှီးများအဖြစ် လက်တွန်းထွန်စက်များ၊ ရိတ်သိမ်းစက်များ၊ ‌ြခွေလှေ့စက်များကို တောင်သူလယ်သမားများကို ပိုမိုအသုံးပြုနိုင်ရန် ပံ့ပိုးပေးပါက စပါးမောင်းညိုချိန်တွင် ရိတ်သိမ်း နိုင်မည်ဖြစ်ပြီး တလင်းပျောက်စနစ်ကိုလည်း ကျင့်သုံးနိုင်မည် ဖြစ်ပါတယ်။ အကျိုးဆက်အနေဖြင့် အလေအလွင့် နည်းပါးပြီး စပါးအထွက်ပိုမိုတိုးလာပြီး ရိတ်သိမ်းချိန်တွင် တွေ့ကြုံရမည့် သဘာဝ အန္တရာယ်များကို ရှောင်ကွင်းနိုင်မည်လည်း ဖြစ်ပါတယ်။ ထို့ကြောင့် တောင်သူလယ်သမားများ၏ အကျိုးငှာ အောက်ပါမေးခွန်းနှစ်ရပ်ကို မေးလိုပါတယ်။ (၁) လယ်ယာစိုက်ပျိုးရေး အထောက်အကူပြု စက်ယန္တရားများနှင့်စက်ပစ္စည်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား အကောက်ခွန်လွတ်တင်သွင်းခွင့် ပြုနိုင်၊ မပြုနိုင်။ (၂) ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ခွင့်ပြုရန် ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်
အဖြေ

လယ်ယာစိုက်ပျိုးရေးအထောက်အကူပြု ယန္တရားများနဲ့ စက်ပစ္စည်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ အကောက်အခွန်လွတ်တင်သွင်းနိုင်ခြင်း ပြု၊ မပြု မေးခွန်း နဲ့ပတ်သက်ပြီး ဦးစွာရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ကုန်ပစ္စည်းများတင်ပို့ခြင်း၊ တင်သွင်းခြင်းများနဲ့ပတ်သက်ပြီး ၁၉၄၇ ခုနှစ်၊ သွင်းကုန် ထုတ်ကုန်ကြီးကြပ်ရေးယာယီအက်ဥပဒေအရ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ပြောင်းလဲ လာတဲ့ စီးပွားရေးခေတ်စနစ်များနဲ့အညီလိုအပ်တဲ့ လုပ်ထုံးလုပ်နည်းများကိုလည်းပဲ ဖြည့်စွက်ပြင်ဆင် ပြီးတော့ အမိန့်ကြော်ငြာစာများထုတ်ပြန် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေဖို့အတွက် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများကဖြစ်စေ၊ ပုဂ္ဂလိကထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များကဖြစ်စေ ပြည်ပမှ မြန်မာနိုင်ငံအတွင်းကို တင်သွင်းလာတဲ့ လယ်ယာသုံးကိရိယာများ၊ လယ်ယာသုံးစက်ပစ္စည်းများကို ၁၉၄၇ ခုနှစ်၊ သွင်းကုန် ထုတ်ကုန်ကြီးကြပ်ရေးယာယီအက်ဥပဒေ ပုဒ်မ၃၊ ပုဒ်မခွဲ(၁)ရဲ့ လုပ်ပိုင်ခွင့်များ ကို ကျင့်သုံးပြီး အမိန့်အမှတ် ၂/၉၃ ဖြင့်အမိန့်ထုတ်ပြန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁)ရက်နေ့မှ စတင်ပြီး သွင်းကုန်လိုင်စင်ကြေးပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ ဖြေကြားချက်အရ လယ်ယာသုံးပစ္စည်းကိရိယာများကို ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနရဲ့ ၁၉၆၁ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၇၀ အရ အကောက်ခွန်ကင်းလွတ်ခွင့်ပြုပေးခဲ့ပါတယ်။  လက်ရှိအသုံးပြုနေတဲ့ မြန်မာ့အကောက်ခွန်နှုန်းဇယား စာအုပ် ၂၀၀၇ မှာလည်းပဲ လယ်ယာသုံးပစ္စည်းများဖြစ်တဲ့ ထယ်သွား(Ploughs)၊ မြေဆွစက် (Scarificator))၊ ထွန်စက် (Cultivator)  ပေါင်းသင်စက်(Weeder)၊ ထယ်ထိုးစက် (Disc Horrows)၊ ပျိုးကျဲစက် (Seeder)၊ အပင်စိုက်စက် (Planters)၊ မြေသြဇာဖြန့်စက် (Manure spreaders and Fertilizer distributors)၊ ‌ခြွေလှေ့စက် (Combine Harvester-threshers)၊ စပါးလှေ့စက် (Threshing machinery)၊ အမြစ်ဖြတ်စက် (Root or tuber harvesting machines)၊ ဝါဂွမ်း‌ခြွေစက် (Cotton Picker and cotton qins)များအ‌ပေါ်မှာ အကောက်ခွန်လုံးဝ မကောက်ပါကြောင်းနဲ့ ဘက်စုံသုံးယန္တရားများဖြစ်တဲ့ (Bulldozers, Angle Dozers, Graders, Levellers, Scrapers, Mechanical  Shovels, Excavators,Shovel Loaders, Tamping Machines, Road Rollers များကိုတော့ အကောက်ခွန်နှုန်း တစ်ရာခိုင်နှုန်းပဲကောက်ပါတယ်။

မေးခွန်း (၂) ဖြစ်တဲ့ ပြည်တွင်းမှာ ထုတ်လုပ်ခွင့်ပေးရန် ခွင့်ပြုချက်ပေးနိုင်၊ မပေးနိုင် မေးခွန်းအပေါ်မှာ အမှတ်(၂)စက်မှုဝန်ကြီးဌာနရဲ့ ဖြေကြားချက်များအရ  အမှတ်(၂) စက်မှုဝန်ကြီးဌာနရဲ့ကြီးကြပ်မှုအောက်မှာ လယ်ယာသုံးပစ္စည်းများ ကို ထုတ်လုပ်လျက်ရှိတဲ့ အမှတ်(၁၆) အထွေထွေအကြီးစားစက်ရုံ(ဆင်တဲ)၊ အမှတ်(၁၇) အထွေထွေ အကြီးစားစက်ရုံ(မလွန်)၊ အမှတ်(၁၈) အထွေထွေအကြီးစားစက်ရုံ(အင်းကုန်း) စက်ရုံသုံးရုံ ရှိပါတယ်။ လယ်ယာသုံးပစ္စည်းများ ထုတ်လုပ်မှုအနေနဲ့ အမှတ်(၁၆)အထွေထွေအကြီးစားစက်ရုံ(ဆင်တဲ)မှာ လက်တွန်းထွန်စက်၊ ၄ လက်မ ရေစုပ်စက်၊ ၂ လက်မ ရေစုပ်စက်၊ ၁၆ သွားထွန်၊ သုံးသွားထယ်၊ သုံးသွားပါဝါထယ်၊ ပေါက်ပြား၊ ဂေါ်ပြား၊ ရေစုပ်ပန့်တို့ကို ထုတ်လုပ်ပြီးတော့ အမှတ်(၁၇) အထွေထွေ အကြီးစားစက်ရုံ(မလွန်)မှာ မြင်းကောင်ရေ ၉၀ ရှိတဲ့ထွန်စက်အကြီး၊ ၄ တန်နောက်တွဲယာဉ်၊ စပါးခြွေလှေ့စက်နှင့် တစ်နေ့လျှင်သုံးတန်မှငါးတန်အထိကျတဲ့ ဆန်စက်ငယ်တို့ကို ထုတ်လုပ်ပြီးတော့ အမှတ်(၁၈)အထွေထွေအကြီးစားစက်ရုံ(အင်းကုန်း)မှာ စပါးရိတ်စက်၊ ခြွေလှေ့စက်နှင့် မြင်းကောင်ရေ ၂၂ ရှိတဲ့ အင်ဂျင်စက်တို့ကိုလည်း အသီးသီးထုတ်လုပ် လျက်ရှိပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုး    တက်ရေးအတွက် စိုက်ပျိုးရေးကို အခြေခံဆောင်ရွက်လျက်ရှိရာမှာ စက်မှုလယ်ယာကဏ္ဍကို အသွင်ကူးပြောင်းတဲ့နေရာမှာ မဖြစ်မနေလိုအပ်တဲ့ လယ်ယာသုံးပစ္စည်းများကို နိုင်ငံတော်ပိုင်စက်ရုံ တစ်ခုတည်းကနေပြီး   ထုတ်လုပ်ခြင်းဖြင့်   လုံလောက်မှုရှိမည်မဟုတ်တဲ့အတွက်ကြောင့် ပြည်ပမှ စက်ပစ္စည်းများတင်သွင်းတဲ့အပြင် ပြည်တွင်းမှာလည်းပဲ ထုတ်လုပ်နိုင်ရေးအတွက်လည်းပဲ ခွင့်ပြုပေး လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။