(စ)-လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ အရ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ရရှိရေးနှင့် လယ်ယာမြေ မှတ်ပုံတင်လျှောက် ထားနိုင်ရေးဆက် လက်ဆောင်ရွက်ပေးမည့် အစီအမံများနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၄.၃.၂၀၁၃)

 

တောင်သူလယ်သမားတွေရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ မြေယာနှင့်ပတ်သက်ပြီးတော့ လယ်ယာမြေဥပဒေကို စေတနာ အပြည့်အဝနှင့် ဘယ်ခေတ်ကမှ မရရှိနိုင်တဲ့ အကျိုးရလဒ်အခွင့်အရေးများ ထည့်သွင်းပြီး ပြဋ္ဌာန်းထား ခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီပြဋ္ဌာန်းထားချက်တွေကို အကျိုးရလဒ်အခွင့်အရေးများကို လယ်သမား များခံစားနိုင်ဖို့ကတော့ လယ်သမားများကိုယ်တိုင်က လက်ရှိ အသုံးချခွင့်ရထားတဲ့ မြေယာလုပ်ပိုင်ခွင့် ကို အသုံးချခွင့်ရတဲ့မြေယာကို လက်ရှိဥပဒေနှင့် အတည်ပြုပြီးတဲ့ဥပဒေအရ မှတ်ပုံတင်ကြမှသာလျှင် ဒီအကျိုးရလဒ်တွေကို ခံစားရမှာဖြစ်ပါတယ်။ ဒီဟာကို ကျွန်တော်တို့ လယ်ယာမြေနည်းဥပဒေ အထွေထွေအခန်း (၁၃)မှာ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ အခန်း (၁၃) အထွေထွေပုဒ်မ ၁၁၄ မှာ လယ်ယာမြေအသုံးပြုခွင့်ရရှိထားသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ရရှိရန် လျှောက်ထား ခြင်းမရှိပါက လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအဖြစ် သတ်မှတ်ခြင်းမခံရသည့်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးကို ရပိုင်ခွင့်မရှိစေရလို့ အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က စေတနာနဲ့ လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းပေးသော်လည်း သက်ဆိုင်ရာ တောင်သူလယ်သမားများက ဗဟုသုတအသိအမြင်နည်း၍လည်းဖြစ်စေ၊ ပေါ့လျှော့ မှုကြောင့်လည်းဖြစ်စေ သတ်မှတ်တဲ့ကာလအတွင်းမှာ လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံမတင်လိုက်ဘူး ဆိုရင် လယ်ယာမြေလုပ်ပိုင်ခွင့်ပါ ဆုံးရှုံးသွားနိုင်တဲ့အနေအထားရှိပါတယ်။ ဒါကြောင့်မို့လို့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက်နေ့ကနေပြီးတော့ မတ်လ ၃၁ ရက်နေ့ အပြီး ဆောင်ရွက်မယ်လို့ ဖြေကြားသွားခဲ့တဲ့အပေါ်မှာ ကျွန်တော့်အနေနဲ့ လယ်သမားများ နစ်နာမှာကို စိုးရိမ်ပြီးတော့ ဒီမေးခွန်းကို မေးခြင်းဖြစ်ပါတယ်။ တကယ်တော့ စေတနာနဲ့လုပ်ပေးသော်လည်း၊ ပြဋ္ဌာန်းပေးသော်လည်း အချိန်ကန့်သတ်ချက်အရ အကြောင်းအမျိုးမျိုးကြောင့်များ လယ်ယာမြေ မှတ်ပုံမတင်မိခဲ့ရင် ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၁၁၄ အရ လယ်ယာမြေဆုံးရှုံးသွားနိုင်သည့်အဆင့်ထိအောင် ခံစားသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ လယ်ယာမြေဥပဒေအရ အကျိုးခံစားခွင့် တွေကိုလည်း လယ်သမားတွေက သိရှိပြီးတော့ ငါတို့သည် ငါတို့ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာ မြေလုပ်ပိုင်ခွင့်ကို နောက်အတည်ပြုထားတဲ့ဥပဒေအရ အကျိုးခံစားခွင့်များရရှိရေးအတွက် မှတ်ပုံတင် ရမှာပါလား။ မှတ်ပုံတင်မှသာလျှင် ငါတို့ရဲ့ လယ်ယာမြေအကျိုးခံစားခွင့်ဖြစ်တဲ့ ပုဒ်မ ၉ မှာ ဖော်ပြထားတဲ့ ရောင်းခြင်း၊ ပေါင်ခြင်း၊ လွှဲပြောင်းခြင်းစသည်ဖြင့် ပုဒ်မ ၁၃ မှာ ဖော်ပြထားတဲ့ ပြဿနာ ဖြစ်ရင် ရှင်းလင်းပိုင်ခွင့်၊ ပုဒ်မ ၂၆ မှာ ဖော်ပြထားတဲ့ နစ်နာကြေးများရပိုင်ခွင့်စတဲ့ ပိုင်ခွင့်တွေ ရမှာပါ လားဆိုတာ အသိရှိဖို့လိုပါတယ်။ ဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အသိပေးစည်းရုံးဆော် သြပြောဆိုသင့်မယ်လို့ ကျွန်တော့်အနေနဲ့ ခံယူပါတယ်။ ဒါကြောင့်မို့လို့ လယ်ယာမြေမှတ်ပုံတင်တဲ့၊ မှတ်ပုံတင်ခွင့်ပြုတဲ့ အချိန်ကာလအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေမှတ်ပုံတင်ခြင်း မကျန်ရစ်အောင် ကျွန်တော်တို့ ဆောင်ရွက်သင့်တယ်လို့ မြင်တဲ့အတွက် အောက်ပါမေးခွန်း ၂ ခုကို မေးမြန်းလိုပါတယ်။ (၁) ကတော့ ပြဋ္ဌာန်းပြီးတဲ့ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများအရ တောင်သူ လယ်သမားများက မိမိတို့လက်ရှိလယ်ယာမြေများကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ရရှိရေး အတွက် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် အခမဲ့လျှောက်လွှာပုံစံ (၁) ကို ရယူ လျှောက်ထားကြရန်လိုကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိရေးကို အဆောတလျင် အသိပေးနှိုးဆော်မည့် အစီအစဉ်များ ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ။ (၂) ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ထိ အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေမှတ်ပုံတင်လျှောက်ထားနိုင်ခြင်းမရှိသော တောင်သူများအား လယ်ယာမြေမှတ်ပုံတင် လျှောက်ထားနိုင်ရေးကို မည်သို့ဆက်လက်စီမံဆောင်ရွက်ပေးသွားမည့် အစီအမံများချမှတ်ထားခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၁)အဖြစ် အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်သည့် လယ်ယာမြေဥပဒေများအား ၃၀-၃-၂၀၁၂ ရက်နေ့ထုတ် သတင်းစာများတွင် ထည့်သွင်း ဖော်ပြထားခဲ့သည့်အပြင် တောင်သူလယ်သမားများအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် လယ်ယာမြေဥပဒေစာအုပ်ပေါင်း ၂၈၀၀၀ ကျော်ကိုပုံနှိပ်၍ ရပ်ကွက်ကျေးရွာအုပ်စုများသို့ ဖြန့်ဝေပေး ခဲ့ပြီးဖြစ်ပါတယ်။ လယ်ယာမြေဥပဒေအရ ရေးဆွဲပြဋ္ဌာန်းအတည်ပြုပြီးဖြစ်သည့် လယ်ယာမြေ နည်းဥပဒေများ၊ စာအုပ်များကိုလည်း လက်တွေ့လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ကွင်းဝန်ထမ်းများမှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု များအားလုံးတွင် ရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။ ကျေးလက်ဒေသတောင်သူလယ်သမားများအားလုံး ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိရေး အတွက် သိရှိထားသင့်သော အကြောင်းအရာများ လက်ကမ်းစာစောင် အစောင် ၁၀၀၀၀၀ ကို ခရိုင်၊ မြို့နယ်များအားလုံးရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှတစ်ဆင့် ဖြန့်ဝေအသိပေးဆောင်ရွက်ခဲ့ပါ တယ်။

          သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့မှတစ်ဆင့် ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာသင်ပုန်းကပ်ထားခြင်း၊ အသံချဲ့စက်ဖြင့် လှုံ့ဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ထားရှိပြီး၊ တောင်သူလယ်သမား များ သားစဉ်မြေးဆက်အဆက်ဆက် ဘဝအာမခံချက်ရရှိဖို့ လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ကြစို့ ဆိုသော လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်း၊ ကွင်းအလိုက် တောင်သူများစုစည်း၍ အသိပညာပေးခြင်း နှင့် လျှောက်လွှာပုံစံများဖြည့်သွင်းရေးသားရာတွင် အမှားအယွင်းမရှိစေရန် ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

          လက်ရှိအသုံးပြုခွင်‌့ရရှိထားသော လယ်ယာမြေကို လယ်ယာမြေလုပ်ပိုင်ခွင်‌့ရရှိရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင်‌့လျှောက်လွှာများအား ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းမှ ပုံနှိပ်ပေးပြီး ၁-၁-၂၀၁၃ ရက်နေ့မှစ၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် တောင်သူလယ်သမားများအား အခမဲ့ ဖြန့်ဝေပေးလျက်ရှိပြီး ၁၂-၃-၂၀၁၃ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် တောင်သူလယ်သမားများ လက်ဝယ်အရောက် လျှောက်လွှာပေါင်း ၆.၈၉ သန်းဖြန့်ဝေပေးခဲ့ပြီးဖြစ်၍ ဆက်လက်ဖြန့်ဝေ လျှောက်ထားနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။

          လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်များ ထုတ်ပေးခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ လွယ်ကူလျှင်မြန် ချောမောစွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည်များအား စီစဉ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ကျင်းပပြုလုပ်ခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရေးနှင့်စပ်လျဉ်း၍ တောင်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ရေးအတွက် မြန်မာ့ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများမှလည်း ထပ်မံနှိုးဆော်နိုင်ရေးအတွက် ဆက်လက်စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။

          အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေမှတ်ပုံတင် လျှောက်ထားနိုင်ခြင်းမရှိသော တောင်သူ လယ်သမားများအား လယ်ယာမြေမှတ်ပုံတင်လျှောက်ထားနိုင်ရေးအတွက် ၂၆-၂-၂၀၁၃ ရက်နေ့ထုတ် သတင်းစာနှင့် မြန်မာ့ရုပ်မြင်သံကြားတို့မှတစ်ဆင့် တောင်သူလယ်သမားအားလုံးအတွက် လယ်ယာ မြေပိုင်ဆိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများအား ရာနှုန်းပြည့်ပြီးစီးသည်အထိ ၂၀၁၃-၂၀၁၄ တစ်နှစ် တာကာလပတ်လုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ထို့အပြင် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက ရွာအလိုက် တောင်သူလယ်သမား များအား စုစည်း၍ လှည့်လည်ကွင်းဆင်းဟောပြောခြင်း၊ နှိုးဆော်သတိပေးခြင်းတို့ကို စီမံဆောင်ရွက် သွားမည်ဖြစ်ပါတယ်။ ထို့အပြင် အမွေ‌ကြောင်းအရ ပေါ်ပေါက်လာနိုင်သည့် ကိစ္စများအပါအဝင် အငြင်းပွားမှုများကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ရန် ကျန်ရှိပါကလည်း လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စွာ အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

          သို့ဖြစ်ပါ၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်စွာဖြင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက ဥက္ကဋ္ဌအဖြစ် ပါဝင်သော သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တို့မှ မြေပြင်တွင် အမှန်တကယ် တရားဝင်လုပ်ကိုင်လျက်ရှိနေသော တောင်သူလယ်သမားများ၏ ဦးပိုင်လုပ်ကွက်များ အားလုံး လယ်ယာမြေလုပ်ပိုင်ခွှင့် မှတ်ပုံတင်ရရှိနိုင်စေရန် စီမံဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ မျက်ခြေမပြတ် အစဉ်တစိုက်ပေါင်းစပ်ညှိနှိုင်း ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။