မြန်မာနိုင်ငံမှာထွက်ရှိတဲ့ ကျောက်စိမ်း အပါအဝင် ကျောက်မျက်ရတနာများကို ပြပွဲများကျင်းပ၍ ရောင်းချပေးခဲ့တဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ယခင်က နိုင်ငံခြားသားများကိုသာ နိုင်ငံခြားငွေနှင့် ရောင်းချပေးခဲ့ရာမှ ၁၉၉၇ ခုနှစ်၊ ၃၄ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကစတင်ပြီး နိုင်ငံသားများကို ဝယ်ယူခွင့်ပြုခဲ့တဲ့ အတွက် ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာရောင်းချမှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ ဒါ့အပြင် ကျောက်မျက်ရတနာပြပွဲများကို ရန်ကုန်မြို့၊ အင်းယားကန်ဟိုတယ်၊ မြန်မာ့ကျောက်မျက်ရတနာခန်းမနဲ့ မြန်မာကွန်ဗင်းရှင်းစင်တာတို့၌ ခင်းကျင်းပြသရောင်းချခဲ့ရာ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး နေပြည်တော်မဏိရတနာ ကျောက်စိမ်းခန်းမ၌ ခင်းကျင်းပြသရောင်းချပေးခဲ့မှုကိုလည်း အထူးကျေနပ် အားရမိပါတယ်။ အလားတူ နိုင်ငံတော်ကကြီးမှူးကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲများရှိသကဲ့သို့ မန္တလေးမြို့၌လည်း မဟာအောင်ြမေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ရောင်း ချနေတာကို လေ့လာသိရှိရပါတယ်။ အဆိုပါ ကျောက်စိမ်းဟာ ကျွန်တော်တို့ ကချင်ပြည်နယ်မှ အဓိက ထွက်ရှိရာဒေသဖြစ်တဲ့အတွက် မိမိတို့ဒေသမှာလည်း ပြည်နယ်နှင့် ဒေသခံပြည်သူများအတွက်အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပွင့်လန်းလာစေဖို့ C class နဲ့ အောက်ကျောက်စိမ်း ကျောက်မျက်များကို မြစ်ကြီးနားမြို့တွင် ဥပဒေနဲ့အညီ ဈေးကွက်သတ်မှတ်၍ ရောင်းချခွင့်ပြုပေးနိုင် ခြင်း ရှိ၊ မရှိကိုသိလိုတဲ့အတွက် မေးမြန်းပါသည်။
မြန်မာ့ကျောက်စိမ်းကျောက်မျက်ဈေးကွက်ကို အခြားတစ်ဖက်နိုင်ငံများသို့ ရောက်ရှိ သွားခြင်းမျိုးမရှိစေရေးအတွက် မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်မှာ ကျောက်မျက်ရတနာရောင်း ချပွဲများကို နှစ်စဉ် စနစ်တကျပြုလုပ်လျက်ရှိပါတယ်။ ဒီလိုလုပ်တဲ့အတွက် ကျောက်စိမ်း၊ ကျောက်မျက်ဈေးကွက်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ နေပြည်တော်မှာ ဈေးကွက်ခိုင်မာစွာ ဖြစ်ထွန်း နေလျက်ရှိပြီးတော့မှ ဆက်လက်ခိုင်မာဖြစ်ထွန်းနေဖို့အတွက်လည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ရှိဖို့အတွက် လိုအပ်တဲ့ဥပဒေများကို ပြင်ဆင်ဆောင်ရွက်ထားပြီးတော့မှ ဆက်လက်ပြီး စနစ်တကျ ဆောင်ရွက်နေလျက်ရှိပါတယ်။ နေပြည်တော်မှာ နိုင်ငံတကာအဆင့်မီ ကျောက်စိမ်းကျောက်မျက် အရောင်းပြပွဲများကို တစ်နှစ်လျှင် သုံးကြိမ်ကျင်းပပြုလုပ်လျက်ရှိပါတယ်။ ဒီအထဲမှာ အသားကျောက် C နဲ့ D အမျိုးအစားကျောက်စိမ်းများကိုလည်း နေပြည်တော်မှာ မြန်မာကျပ်ငွေဖြင့် တစ်ကြိမ်ကျင်းပရောင်းချ ပေးခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် နောင်မှာလည်း ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို နိုင်ငံခြားငွေဖြင့် ရောင်းချပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ ဖားကန့်ရတနာြမေက ထွက်တဲ့ကျောက်စိမ်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များက ရတနာ နယ်ြမေမှာပဲ တွင်းဝခွန်ပေးဆောင်ပြီးတဲ့အခါမှာ နယ်စပ်ဒေသတွေမှအပ မြန်မာနိုင်ငံအနှံ့အပြားကို သွားရောက်ပြီး လွတ်လပ်စွာဥပဒေနဲ့အညီ ရောင်းချနိုင်ခွင့်ရှိပါတယ်။ ဒီလိုရှိတဲ့အတွက်လည်း ဒီလို ကျောက်စိမ်းကျောက်မျက်များကို လက်ရှိအနေအထားမှာ ပြည်တွင်းမှာရှိတဲ့ အချို့သောမြို့ကြီးများမှာ လည်းရောင်းချလျက်ရှိတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နေပြည်တော် မှာကျင်းပပြုလုပ်တဲ့ ပြပွဲတွေမှာလည်း လာရောက်တင်ပြရောင်းချလိုပါက ရောင်းချနိုင်တဲ့အခွင့် အရေးလည်းရှိပါတယ်။ သို့သော် နိုင်ငံတော်နဲ့ အကျိုးတူဆောင်ရွက်လျက်ရှိတဲ့ ကုမ္ပဏီများကမူ ဒီကုမ္ပဏီများရဲ့ လုပ်ကွက်မှာ ထွက်ရှိတဲ့ကျောက်စိမ်းများကိုတော့ တွင်းဝခွန်ပေးဆောင်ပြီးနောက် နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာအဆင့်ပြပွဲများမှာသာ တင်ပြရောင်းချရတာဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံတော်မှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီးဖြစ်တဲ့ ကျောက်စိမ်းကျောက်မျက် ဈေးကွက်အြခေအနေနှင့် နိုင်ငံတကာအဆင့် ကျောက်စိမ်းကျောက်မျက်ရောင်းချပွဲတို့ကို ကျောက်စိမ်း တူးဖော်တဲ့လုပ်ငန်းရှင်များ၊ ဒေသခံလုပ်ငန်းရှင်များ၊ ကျောက်စိမ်းလုပ်ငန်းကို ရောင်းဝယ်လုပ်ကိုင် နေသူများအားလုံးက နှစ်ခြိုက်သဘောကျပြီး ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အသိပဲဖြစ်ပါ တယ်။ ဒါပေမယ့် ဒီလို တရားဝင်လုပ်ကိုင် ဆောင်ရွက်ခွင့်တွေ ပေးထားသော်လည်းပဲ အချို့သောဒေသ တွေမှာတရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံများကို တရားမဝင်သွားရောက်ရောင်းချ မှုများရှိဆဲပဲဖြစ်ပါတယ်။ ဒါကိုလည်း ဥပဒေနဲ့အညီ တားဆီးလျက်ရှိပါတယ်။ ဒီလိုကိစ္စနဲ့ပတ်သက် ပြီးတော့ မေးခွန်းရှင် ကချင်ပြည်နယ်၊ တနိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေ အသိပဲဖြစ်မယ်ထင်ပါတယ်။ လက်ရှိအြခေအနေမှာလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ ကျောက်စိမ်းကျောက်မျက်များ တန်ဖိုးမြင့်ထုတ်လုပ်ထားတဲ့ လက်ဝတ်ရတနာများကို လွတ်လပ်စွာနဲ့ အဆင်ပြေစွာရောင်းချလျက်ရှိနေပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေရဲ့ မေးခွန်းမှာ ပါတဲ့ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ မဟာအောင်ြမေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းဆိုတာ ကျွန်တော်တို့ သတ္တုတွင်းဝန်ကြီးဌာနက တရားဝင်ဖွင့်လှစ်ထားတဲ့၊ သတ်မှတ်ပေးထားတဲ့ စခန်းမဟုတ် ပါဘူး။ ဒေသခံများကသတ်မှတ်ပြီး ဆောင်ရွက်ထားတဲ့လုပ်ငန်းသာဖြစ်ပါတယ်။ တရားဝင်အရောင်း ပြပွဲများလည်း ပြုလုပ်ခြင်းမရှိပါဘူး။ ဒေသခံလုပ်ငန်းရှင်များသည် မိမိတို့ရဲ့ဆန္ဒအလျောက် စုစည်း ပြီးတော့မှ ဆောင်ရွက်ထားတဲ့ လုပ်ငန်းများသာဖြစ်ကြောင်း ြဖေကြားလိုပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမှာလည်း ကျောက်စိမ်းကျောက်မျက်အရောင်းဆိုင်တွေဟာ မြို့တော်ရဲ့ နေရာအနှံ့အပြားမှာ ရှိနေပြီးတော့မှ စီးပွားဖြစ်ရောင်းဝယ်မှုများ ပြုလုပ်နေကြပါတယ်။ ဒီရောင်းဝယ်မှု ပြုလုပ်တဲ့နေရာတွေမှာ ဒေသခံပြည်သူများကသာမက တခြားသောဒေသမှလာရောက် ရောင်းဝယ်တဲ့ပြည်သူများနဲ့ပါ ပူးပေါင်းပြီးတော့မှ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီးတော့မှ စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းနေတယ်ဆိုတာလည်း တင်ပြလိုပါတယ်။ C class နဲ့အောက် ကျောက်စိမ်းကျောက်မျက်များကို မြစ်ကြီးနားမြို့မှာ ဥပဒေနဲ့အညီ ဈေးကွက်သတ်မှတ်ပြီး ရောင်းချ ခွင့်ပြုရေးဆိုတဲ့အဓိပ္ပာယ်တော့ ကျွန်တော်တို့ သိပ်ရှင်းလင်းမှုမရှိပါ။ သို့သော် ဒီအဓိပ္ပာယ်ကို ကျောက်စိမ်းအရောင်းပြပွဲ ပြုလုပ်လိုခြင်းဆိုတဲ့ အဓိပ္ပာယ်ဆိုလိုရင်တော့ လက်ရှိအြခေအနေမှာ လျော်ကန်သင့်မြတ်မှုမရှိသေးသော အချိန်ဖြစ်ကြောင်းြဖေကြားအပ်ပါတယ်။ မြန်မာ့ကျောက်စိမ်း ကျောက်မျက်ဈေးကွက်ကို တစ်ဖက်နိုင်ငံများသို့ ရောက်ရှိမသွားနိုင်ရေးအတွက် ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့မြို့တော် နေပြည်တော်မှာပဲ ကမ္ဘာ့အဆင့်မီ ကျောက်စိမ်း ကျောက်မျက်ဈေးကွက် ဖြစ်ထွန်းလျက်ရှိနေခြင်းကို ပိုမိုခိုင်မာအောင် ပိုမိုကျယ်ပြန့်စွာ ဖြစ်ထွန်းအောင် လုပ်ဆောင်သွားမှာဖြစ်ပြီးတော့မှ ဒါတင်သာမက တန်ဖိုးမြင့်လက်ဝတ်ရတနာများ၊ ရုပ်ထုရုပ်ထွင်း ပန်းချီပန်းပုများ ထုတ်လုပ်ရောင်းချနိုင်အောင်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။
