ပခုက္ကူ-ပေါက်-မင်းတပ်-မတူပီ-ဆင်းလက်ဝမှ အိန္ဒိယနိုင်ငံနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အထိ အသီးသီးစီးပွားရေး မဟာဗျူဟာလမ်း အတွက် အဆင့်မြှင့်တင် ဖောက်လုပ်မည်ဆိုလျှင် ပြည်တွင်းစီးပွားရေး ကုန်စည်စီးဆင်းမှုသာမက နိုင်ငံတကာ စီးပွားရေးကုန်စည် စီးဆင်းမှုအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည့် မော်တော်ကားလမ်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိအလင်္ကာ နိုင်ငံနှင့်ထိုင်းနိုင်ငံတို့၏ စီးပွားကုန်သွယ်ရေး မဟာမိတ်အဖွဲ့အစည်းဖြစ်သည့် BIMSTEC အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါကြောင်း၊ BIMSTEC အဖွဲ့၏ ဗဟိုအချက်အချာ အကျဆုံးလည်းဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများသည် ပခုက္ကူမှတစ်ဆင့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ စီးပွားရေးအတွက် အတိုဆုံးနှင့် အလွယ်ကူဆုံးသော ကုန်သွယ်ရေးလမ်းကြောင်းမှာ ပခုက္ကူ-ပေါက်-မင်းတပ်-မတူပီ-ဆင်းလက်ဝမှတစ်ဆင့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် လမ်းကြောင်းများဖြစ်ပါကြောင်း၊ ပခုက္ကူမြို့သည် မြန်မာနိုင်ငံရှိ မြို့ကြီးများနှင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများဖြင့် အဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်သည့် မြန်မာနိုင်ငံ၏ အနောက်ဘက် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပခုက္ကူ-ပေါက်-မင်းတပ်-မတူပီ-ဆင်းလက်ဝ မှတစ်ဆင့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ စီးပွားရေးမဟာဗျူဟာလမ်းအဖြစ် အသုံးပြုနိုင်ရေးအတွက် အဆင့်မြှင့်တင် ဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ပခုက္ကူ-ပေါက်-မင်းတပ်-မတူပီ-ဆင်းလက်ဝ-ကလက်ဝ-မြိတ်ဝ လမ်းကြောင်းသည် စုစုပေါင်း မိုင်ပေါင်း ၄၀၂ မိုင် ၅ ဖာလုံရှည်လျားသော လမ်းမကြီးဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို စီးပွားရေးမဟာဗျူဟာလမ်းအဖြစ် အသုံးပြုရန် ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းတွင်ပါဝင်သည့် ပလက်ဝ-ဆင်းလက်ဝ-ကလက်ဝ တစ်ပိုင်းဖြစ်ပြီး ကလက်ဝမှ မြိတ်ဝအထိ နှစ်ပိုင်းပါဝင်ခြင်းဖြစ်ပါကြောင်း၊ ထိုအပိုင်းများကို ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၂၅၇ သန်းနှင့် အိန္ဒိယအစိုးရ အကူအညီဖြင့် ဖောက်လုပ်ရန် လျာထား လျက်ရှိပါကြောင်း။
၎င်း ပလက်ဝ-ကလက်ဝလမ်း ၃၇ မိုင် ၆ ဖာလုံ ရှည်လျားသည့် အပိုင်းကို မြန်မာနိုင်ငံ အစိုးရမှ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ထို့အတူ ကလက်ဝမှ မြိတ်ဝအထိကို အိန္ဒိယနိုင်ငံအစိုးရ၏ ကုမ္ပဏီများက ဆောင်ရွက်ရန်ဆိုပြီး မိမိတို့ သဘောတူထားခြင်းဖြစ်ပါကြောင်း၊ ထိုနှစ်ပိုင်းစလုံးကို မိမိတင်ပြခဲ့သည့် အမေရိကန်ဒေါ်လာ ၂၅၇ သန်းနှင့် အိန္ဒိယနိုင်ငံအစိုးရမှ ကုမ္ပဏီတစ်ခုဖြစ်သည့် MS IRCON ကုမ္ပဏီကို စီမံကိန်းအသေးစိတ် အစီရင်ခံစာ (Detail Project Report) (DPR) ကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံအစိုးရနှင့် သဘောတူထားသည့်အတိုင်း ပလက်ဝမှ ကလက်ဝ၊ ကလက်ဝကနေ မြိတ်ဝအထိ ဆောင်ရွက်သည့် လုပ်ငန်းများကို အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေ မရရှိသေးသည့်အတွက် လုပ်ငန်းများစတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း၊ အကယ်၍ ရန်ပုံငွေများရရှိပါက အိန္ဒိယအစိုးရနှင့် သဘောတူညှိနှိုင်းထားသည့်အတိုင်း အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
