(က) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်း အချက်အလက်နှင်‌့ နည်းပညာ ဌာနတွင် လုပ်ကိုင်လျက် ရှိသော နေ့စား ဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၅.၃.၂၀၁၃)

 

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန တွင် လုပ်ငန်းလိုအပ်ချက်အရ ကျွမ်းကျင်ပညာရှင်များအား လျှောက်လွှာခေါ်ယူ၍ ခန့်ထားပေးခဲ့ရာ စီမံကိန်းနေ့စားအဖြစ် ဆောင်ရွက်လျက်ရှိကြသော နေ့စားဝန်ထမ်းများမှာ လုပ်သက်သက်တမ်း ၁ နှစ် မှ ၅ နှစ်အထိ ရှိနေကြကြောင်းသိရှိရပါတယ်။ သို့ဖြစ်ပါ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်း အချက်အလက်နှင့် နည်းပညာဌာနတွင် လုပ်ကိုင်လျက်ရှိသော နေ့စားဝန်ထမ်းများအား ပေးထားသည့် နေ့တွက်စရိတ် လုပ်ခများသည် ခေတ်စနစ်နှင့် လျော်ညီခြင်းရှိ၊ မရှိနှင့် အဆိုပါနေ့စားဝန်ထမ်းများအား အမြဲတမ်း ဝန်ထမ်းများအဖြစ် ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည်‌့အချိန် တွင် ခန့်ထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ လုပ်ကိုင်လျက်ရှိတဲ့  နေ့စားဝန်ထမ်းများမှာ ၂ ပိုင်းရှိပါတယ်။  ပထမတစ်ပိုင်းက နိုင်ငံတော်ရဲ့ ခွင့်ပြုချက်အရခန့်ထားတဲ့ ယာယီနေ့စား (Muster Roll) ဝန်ထမ်းများဖြစ်ပြီးတော့ ဒုတိယနေ့စား များကတော့ ဌာနရဲ့ လုပ်ငန်းလိုအပ်ချက်အရ ပြင်ပလုပ်ငန်းဆောင်ရွက်မှုစရိတ်ကနေ ငှားရမ်းထားတဲ့ နေ့စားလုပ်သားများပဲ ဖြစ်ပါတယ်။ ဒီနေ့စား ၂ မျိုးမှာ ကျွန်တော်တို့ Muster Roll အရ ခန့်ထားတဲ့ ဝန်ထမ်းများကိုတော့ အမြဲတမ်း ဝန်ထမ်းများနည်းတူ သာမန်အသုံးစရိတ် လစာငွေခေါင်းစဉ်အောက် က ကျခံပေးချေတဲ့အတွက် အပိုထောက်ပံ့ကြေးငွေလည်း ခံစားခွင့်ရှိပါတယ်။ ဒုတိယအမျိုးအစား နေ့စားဝန်ထမ်းတွေကတော့ ဌာနရဲ့ဆောင်ရွက်ရမယ့်လုပ်ငန်းအပေါ်မှာ အခြေခံပြီးတော့ လုပ်ငန်း လိုအပ်ချက်အရ ပုတ်ပြတ်ငှားရမ်းထားတဲ့ အလုပ်သမားများသာ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းများထပ်မံတိုးချဲ့ဖွဲ့စည်းဖို့တင်ပြလျက်ရှိ ပါတယ်။ ကျွန်တော်တို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနဟာ လက်ရှိဖွဲ့စည်းပုံအရ အရာထမ်း ၁၆ ဦး၊ အမှုထမ်း ၆၁ ဦးနှင့် စုစုပေါင်း ၇၇ ဦးပဲ ရှိတဲ့အတွက် လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းဦးရေ အများအပြားလိုအပ်ပါတယ်။ ဒါနှင့်ပတ်သက်ပြီးတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တင်ပြတဲ့အခါမှာ အစိုးရအဖွဲ့ရုံးအနေနဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဖွဲ့စည်းပုံအသစ်အနေနဲ့ အရာထမ်း ၁၉၆ ဦး၊ အမှုထမ်း ၆၂၃ ဦး၊ စုစုပေါင်း ၈၁၉ ဦးကို ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူပဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုလည်း လုပ်ငန်းလိုအပ်ချက်အရ ထပ်မံပြီးတော့ တိုးချဲ့ဖို့တင်ပြထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ယခုလက်ရှိလုပ်နေတဲ့ နေ့စားဝန်ထမ်းအားလုံးလိုလိုပင် ထပ်မံပြီးတော့ ခန့်ထားရမှာဖြစ်တဲ့အတွက် ဦးသိန်းထွန်းဦးတင်ပြတဲ့ နေ့စားဝန်ထမ်းအားလုံးလိုလိုဟာ ဝန်ထမ်းများ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ခန့်အပ်ပြီးတော့ အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်ပေးသွားမှာ ဖြစ်ပါကြောင်း ကျွန်တော့်အနေနဲ့ ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။