ရသုံးခန့်မှန်းခြေငွေစာရင်းတင်ပြ တဲ့နေရာမှာ ဦးစီးဌာနများနှင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများဆိုပြီးတော့ နှစ်မျိုးခွဲခြားပြီး တင်ပြကြပါတယ်။ ဒီနေရာမှာဦးစီးဌာနများရဲ့ ငွေစာရင်းပုံစံနဲ့ စီးပွားရေးအဖွဲ့အစည်းများရဲ့ ငွေစာရင်းပုံစံများမတူညီကြပါဘူး။ ဥပမာတင်ပြရင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှာရှိတဲ့ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနဆိုတာ ရေအားလျှပ်စစ်စီမံကိန်းများကို ပြုလုပ်ပေးတဲ့ ဌာနဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ငွေကိုသုံးစွဲတဲ့ ဦးစီးဌာနဖြစ်တဲ့အတွက်ကြောင့် သူဟာငွေစာရင်းကို ဌစပုံစံများဖြင့်ကျင့်သုံးပါတယ်။ သို့ရာတွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းဆိုတဲ့ Enterprise ဟာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအောက်မှာရှိပေမယ့် Corporation ငွေစာရင်းပုံစံနဲ့ သုံးစွဲပါတယ်။ အဲ့ဒီတော့ ယခင်က လျှပ်စစ်ဝန်ကြီးဌာနဆိုတာ မပေါ်ပေါက်ခင်က Electric Power Corporation (EPC) အနေနဲ့ ရပ်တည်တုန်းကတော့ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်တဲ့အတွက်ကြောင့် ငွေစာရင်းပုံစံက တစ်ခုတည်းပြုလုပ်တယ်။ အဲ့ဒီဌာနက ပြုလုပ်တဲ့ ရေအားလျှပ်စစ်စီမံကိန်းဖြစ်ဖြစ်၊ သဘာဝ ဓာတ်ငွေ့သုံးစီမံကိန်းဖြစ်ဖြစ်၊ သူမှာသတ်မှတ်ထားတဲ့ပုံစံနဲ့ Fixed Accept Register များ သွတ်သွင်းခြင်း၊ Depercation လို့ခေါ်တဲ့ တန်ဖိုးလျော့ခြင်းများကိုစနစ်တကျ ပြုလုပ်လာကြပါတယ်။ ဝန်ကြီးဌာနဖြစ်လာတဲ့အခါမှာ ဝန်ကြီးဌာနတစ်ခုအောက်မှာပင် ဦးစီးဌာနနှင့် လုပ်ငန်းဆိုပြီး နှစ်ခုကွဲသွားပါတယ်။ ဦးစီးဌာနက Capital Buget ငွေအရင်းအနှီးအမြောက်အမြားနဲ့ လုပ်ငန်း တွေကို အကောင်အထည်ဖော်ပေးတယ်။ ပြီးတာနဲ့ လုပ်ငန်းကိုလွှဲပေးပါတယ်။ အဲ့ဒီလိုလွှဲပေးတဲ့ နေရာမှာ စနစ်ကျသော Accounting Procedure မလုပ်ခဲ့ရင် အရှုံးအမြတ်စာရင်းများဟာလည်း မမှန်ကန်နိုင်ပါဘူး။ ကျွန်တော်တစ်ဆက်တစ်စပ်တည်း တင်ပြချင်တာက ဆည်မြောင်းဦးစီးဌာန ကြီးအုံကြီးဝဆိုတဲ့ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၂-၂၀၀၃ ကနေ ၂၀၁၁-၂၀၁၂ အထိ ၁၀ နှစ်နီးပါး လုပ်ကိုင်ခဲ့ပါတယ်။ လုပ်ကိုင်ပြီးတော့ တာဘိုင်ဂျင်နရေတာများ တပ်ဆင်တဲ့အပိုင်းကျရောက်တဲ့အခါ လျှပ်စစ်ဝန်ကြီးဌာနက ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းက ဝန်ထမ်းတွေကို လုပ်ကိုင် စေပြီးတော့ ဒီစက်ရုံကြီးကို လျှပ်စစ်ဝန်ကြီးဌာန ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းက မောင်းနှင်လျက်ရှိပါတယ်။ အဲ့ဒီတော့ ကြီးအုံကြီးဝရေအားလျှပ်စစ်စက်ရုံဟာ တစ်နှစ်ကို ကီလိုဝပ်နာရီ သန်းပေါင်း ၃၆၀ ထွက်တဲ့အတွက်ကြောင့် သူဟာ တစ်ယူနစ် ၂၀ နဲ့တွက်ရင် ဘီလီယံကျပ်သန်းပေါင်း ၇၄၀၀ ဝင်ငွေရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီဝင်ငွေကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းက မောင်းနေတဲ့အတွက်ကြောင့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှသာ ရရှိတာဖြစ်ပါ တယ်။ အဲ့ဒီတော့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းဟာ ဝင်ငွေ ကျပ်သန်းပေါင်း ၁၄၁၁၈၀ ဝင်ငွေရှိပါတယ်။ နောက်သူသုံးစွဲတဲ့ငွေက ၃၈၆၉၄.၈၇၉ ရှိတဲ့အတွက် ကြောင့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းဟာ ပိုငွေ ၁၀၂၄၈၅.၁၂၁ သူမှာ အမြတ်ငွေ သဘောမျိုးပေါ်နေပါတယ်။ ဒါပေမယ့် ဆည်မြောင်းဦးစီးဌာနမှ ကြီးအုံကြီးဝဆိုတဲ့ စီမံကိန်းကြီးကို ၁၀ နှစ်လောက်လုပ်ငန်းကြီးနဲ့ ရင်းပေးရပေမယ့် ၂၀၁၃-၂၀၁၄ မှာ ဆည်မြောင်းဦးစီးဌာနရဲ့ ဝင်ငွေသည် ၅၃၁.၆၃၆ သာရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း သည် ၁၀၂ ဘီလီယံတကယ်သူမြတ်တာပါ။ သူရင်းနှီးရတဲ့ငွေတွေကို ထည့်သွင်းဖို့မစဉ်းစားလို့ ဒီမျှပိုငွေဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ အလားတူ ဆည်မြောင်းဦးစီးဌာနသည် ကြီးအုံကြီးဝရေအားလျှပ်စစ် စီမံကိန်းကြီးကို ဘီလီယံနှင့်ချီပြီး ရင်းနှီးလုပ်ကိုင်ပေမယ့် သူဟာ ဒီလုပ်ငန်းကို မောင်းနေတဲ့ အတွက်ကြောင့် ဝင်ငွေမရရှိပါဘူး။ အကယ်၍ သူကိုယ်တိုင်မောင်းခဲ့လို့ရှိရင် တစ်နှစ်မှာ ကျပ်သန်း ပေါင်း ၇၄၀၀၊ ၇.၄ ဘီလီယံလောက် ဝင်ငွေသင့်ပါတယ်။ ယခုကဲ့သို့ဆွေးနွေးရခြင်းဟာ ဒီနေ့ Market Economy ဆိုတဲ့ စနစ်ကို သွားနေတယ်။ ကျွန်တော်တို့ရဲ့ ဘတ်ဂျက်ပုံစံတွေလည်းပြောင်းနေတယ်။ အဲ့ဒီအဖွဲ့အစည်းတွေကလည်း စီးပွားရေးပုံစံနဲ့ ရှေ့ကိုချီတက်မယ်ဆိုတဲ့လုပ်နေတဲ့ အချိန်အခါသမယ မှာ Accounting Procedure တွေကို မှန်မှန်ကန်ကန်မရေးဆွဲနိုင်ခဲ့ရင် အမြတ်၊ အရှုံးမပီပြင်တဲ့ အတွက်ကြောင့် ဓာတ်အားခနှုန်းထား စဉ်းစားတဲ့အခါမှာလည်း မမှန်ကန်သလို နိုင်ငံတော်က ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို တွက်ချက်တဲ့နေရာမှာလည်း မမှန်မကန်များဖြစ်နိုင်ပါတယ်။ သို့ဖြစ်တဲ့ အတွက်ကြောင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုခြင်းမှာ ဦးစီးဌာနများမှ ရေအားလျှပ်စစ်စီမံကိန်း ကဲ့သို့ လုပ်ငန်းကြီးများကို အကောင်အထည်ဖော်ပြီးတော့ မောင်းနှင်မယ့်ဌာနများကို လွှဲပြောင်းပြီးတဲ့ အခါ မည်ကဲ့သို့သော Accounting Procedure များဖြင့် ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနရဲ့ အခြေခံစာရင်းပြုဌာန များအတွက် ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်းညွှန်ကြားချက်များနှင့်အညီ တည်ဆောက်ရေးနှင့် ဌာနခွဲများမှ ပေးပို့လာသော စာရင်းများကို ပေါင်းချုပ်၍ အပိုင်း ၅ ပိုင်းပါရှိသည့် ပုံစံ (စရ-၁)ဖြင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ လစဉ်ပေးပို့ရပါတယ်။ ပေးပို့ရာတွင် ပုံစံ(စရ-၁) အပိုင်း ၂ တွင် ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများ၊ ဖြည့်စွက်လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းစီမံကိန်းသစ်များ စသည်ဖြင့် ခွဲခြားပေးပို့ဖော်ပြခဲ့ပါတယ်။ သက်ဆိုင်ရာ တည်ဆောက်ရေးများမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် စီမံကိန်းများပြီးစီးပါက စီမံကိန်းအသုံးစရိတ်မှန်ကန်ရေးအတွက် ဌာနခွဲ အသုံးစရိတ်များ နှင့် ပစ္စည်းရရှိ၊ လွှဲပြောင်း၊ ချေးငှားများကို စာရင်းစစ်ဆေးညှိနှိုင်းဆောင်ရွက်ပြီး လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာ (Completion Report) ပြုစု၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ မှတ်တမ်းတင် အတည်ပြုချက်ရယူပြီးမှသာ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာနမှ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသို့ လွှဲပြောင်းပေးအပ် သည့် လုပ်ငန်းစဉ်အဆင့်များအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆည်မြောင်းဦးစီးဌာနအနေဖြင့်လည်း ရေလှောင်တမံစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အချို့စီမံကိန်းများ၌ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက် ခြင်းများပါဝင်ခဲ့ပါတယ်။ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများတည်ဆောက်ပြီးစီးပါက ယင်းဓာတ်အားပေးစက်ရုံနှင့် ဆက်စပ်အဆောက်အအုံတို့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအား လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသို့ လုပ်ငန်းအနေဖြင့်သာ လွှဲပြောင်းပေးအပ်သည့် လုပ်ငန်း စဉ်အဆင့်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ သို့ပါ၍ နိုင်ငံံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများသို့ လွှဲပြောင်းခြင်းနှင့်ပတ်သက်၍ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနနှင့် ဆည်မြောင်း ဦးစီးဌာနတို့သည် အထက်ဖော်ပြပါ လုပ်ငန်းစဉ်များ အတိုင်းဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
