(ခ)-လွတ်လပ်သောကုန်သွယ်မှုဒေသနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့(၂-၉-၂၀၁၁)

ယခုမေးခွန်းနှင့် ပတ်သက်၍    ပတ်သက်လို့ လွတ်လပ်သောကုန်သွယ်မှု ဒေသပေါ်ပေါက်ကျင့် သုံးလာတဲ့အခါမှာ အကောက်အခွန် လျော့ပေါ့ခံစားခွင့် C.E.P.T(Compound Effective Preferential Traff)တွေဟာ အဖွဲ့ဝင်နိုင်ငံ များအားလုံး ခံစားရမှာဖြစ်ပါတယ်။ သတ်မှတ်တဲ့ကုန်စည်များကိုလည်း သတ်မှတ်စည်းကမ်းနည်းလမ်းများဖြင့် လွတ်လပ်စွာတင်ပို့ရောင်းချခွင့် ရရှိတော့မှာဖြစ်ပါတယ်။ အဲဒီအခါမှာ အခွန်ဘဏ္ဍာများလျော့နည်း ရနိုင်သလို ကုန်ပစ္စည်းများဟာလည်း လွတ်လပ်စွာဝင်ရောက်တဲ့အခါမှာ ပြည်တွင်းမှထုတ်ကုန်များနဲ့ စက်မှုလုပ်ငန်းများမှာလည်း ယှဉ်ပြိုင်လာရတဲ့အခါမှာ ထိခိုက်မှုများရှိလာနိုင်ပါတယ်။ လွန်ခဲ့တဲ့       ၁၀ နှစ်ကျော်က Data အရပြည်တွင်းမှာ အကောက်အခွန် ဆိုင်ကုန်ပစ္စည်းအမယ်ပေါင်း ၅၄၇၃ ခု အနက်က ၂၃၅၆ ခုမှာတော့ အကောက်အခွန်လျှော့ပေါ့ ခံစားနိုင်မှာဖြစ်တယ်လို့တွေ့ရှိရပါတယ်။ ယခုအချိန်အခါမှာတော့ အမှန်တကယ်စတင်ဆောင်ရွက်လာတဲ့ စီးပွားရေး၊ ဈေးကွက်စီးပွာရေးစနစ် အရလည်းကောင်း၊ ပြုပြင်ပြောင်းလဲလာတဲ့ မူဝါဒများအရလည်းကောင်း၊ ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေများကို သိရှိနိုင်ရန်အတွက် အောက်ဖော်ပြပါမေးခွန်းကို မေးမြန်းသွားမှာဖြစ်ပါ တယ်။

မေးခွန်းအနေနဲ့ကတော့ ၁၉၉၂ ခုနှစ်တွင် AFTA ခေါ် လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ခဲ့ကြပါတယ်။ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ဈေးကွက်အတွင်း အရှိန်အဟုန်ဖြင့် ထိုးဖောက် ဝင်ရောက်ရေးတွင် ဒေသအတွင်းယှဉ်ပြိုင်မှုအား တိုးတက်စေရန်နှင့် ဒေသအတွင်း၌ အကောက်အခွန် လျှော့ပေါ့ခြင်း၊ အကောက်အခွန်မဟုတ်သည့် အတားအဆီးများ၊ ပို့ကုန်၊ သွင်းကုန်အရေအတွက်များ ကန့်သတ်ခြင်း၊ ဖယ်ရှားခြင်းဖြင့် လွတ်လပ်သော ကုန်သွယ်မှုဒေသကို ထုတ်ဖော်နိုင်ရန်ဟုသိရှိရ ပါသည်။ ယခုအခါ မြန်မာနိုင်ငံဟာဆိုလို့ရှိရင် ၂၀၁၅ ခုနှစ်မှာ စတင်ကျင့်သုံးလာတော့မှာ ဖြစ်ပါတယ်။ သို့ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် မိမိတို့၏ထုတ်ကုန်များကို ကာကွယ်ရန် အထူးသဖြင့် စက်မှုလုပ်ငန်းများ၊ လယ်ယာထွက်ကုန်ပစ္စည်းများ ကာကွယ်ရန်အတွက် မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်းနှင့် မိမိတို့ရရှိနိုင်မယ့် အကျိုးအပြစ်များနှင့်တကွ ခွဲခြား သိလိုပါကြောင်း မေးမြန်းသည်။


 

ဖြေကြားသူ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း
အဖြေ

၂၀၁၅ ခုနှစ်တွင် အာဆီယံ လွတ်လပ်သောကုန်သွယ်မှုစနစ် စတင်ကျင့်သုံးတော့မှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေနဲ့ စက်မှုထုတ်ကုန်၊ လယ်ယာထုတ်ကုန်များ ကာကွယ်ရန် မည်သို့ဆောင်ရွက်ထားသည်ကိုသိလိုပါကြောင်း မေးမြန်းချက်နှင့်စပ်လျဉ်းပြီး ကျွန်တော် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဖြေကြားမှာ ဖြစ်ပါတယ်၊ အာဆီယံသည် AFTA ကိုထူထောင်ရန် ၁၉၉၂ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ အာဆီယံ စီးပွားရေးအသိုက်အဝန်း ၂၀၁၅ (AEC၊ ၂၀၁၅)ကို စတင်ကျင့်သုံးတော့မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့လည်း အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများနည်းတူ မိမိတို့ထုတ်ကုန် များအတွက် အကာအကွယ်ပေးမှုများ ဆောင်ရွက်ထားရန် လိုအပ်တဲ့အတွက် ဌာနဆိုင်ရာများ၊ ဒေသအာဏာပိုင်များ၊ ကုန်သည်စက်မှုအသင်းအဖွဲ့များ ပညာပေးဆွေးနွေး ညှိနှိုင်းပြင်ဆင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လာခဲ့ကြပါတယ်။ လွတ်လပ်သောကုန်သွယ်မှုဒေသမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ ကုန်သည်တစ်ဦးနဲ့တစ်ဦး သူ့ပစ္စည်းကိုယ့်ပစ္စည်းဈေးကွက်မှာ အကောက်အခွန်ကင်းလွတ်စွာနဲ့ ယှဉ်ပြိုင်ရောင်းတဲ့အခြေအနေဖြစ်လို့ စားသုံးသူများကပစ္စည်းချင်းယှဉ်ရင် ဈေးသက်သာပြီး အရည်အသွေးကောင်းတာကို ဝယ်ယူအားပေးကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိနိုင်ငံထွက်ပစ္စည်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ထုတ်လုပ်မှုကုန်ကျစရိတ်များလျှော့ချခြင်း၊ အခွန်အကောက်များ လျှော့ချပေးခြင်း၊ မလိုလားအပ်သော Transactional Cost များကုန်ကျခြင်းမရှိအောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အလားတူ အခြားအာဆီယံနိုင်ငံများက တင်သွင်းလာမယ့် ကုန်ပစ္စည်းများကိုလည်း တားဆီး၍မရနိုင်တော့တဲ့အတွက် မိမိနိုင်ငံအတွင်းက ကုန်ပစ္စည်းထုတ်လုပ်သူများအနေနဲ့ သွင်းကုန်ပစ္စည်းများကြောင့် ထိခိုက်မှုမရှိစေရေးကိုလည်းစဉ်းစား ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် မိမိထုတ်လုပ်မှုစရိတ် မြင့်မားခြင်းကြောင့် ပြည်ပက ဆပ်ပြာမှုန့်အသေးတစ်ထုပ်ဟာ ရန်ကုန်မန္တလေးအရောက် နှစ်ရာကျပ်ဈေးနဲ့ ရောင်းနိုင်ချိန်မှာ ပြည်တွင်းထုတ်ဆပ်ပြာမှုန့် တစ်ထုတ်ဟာ သုံးရာကျပ်ဈေးနဲ့ရောင်းမှ ကိုက်မယ့်ထုတ်လုပ်မှုစရိတ်မြင့် နေတာမျိုးဆိုရင် စက်ရုံအရှုံးပေါ်ပြီးပြိုလဲမှာဖြစ်ပါတယ်။ လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်းက ပြည်တွင်းရှိရေခဲသေတ္တာ ထုတ်လုပ်သည့်စက်ရုံ ထူထောင်ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းရှင်များဟာ ပြည်ပမှရေခဲသေတ္တာ အစိတ်အပိုင်းများတင်သွင်းလာကာ ပြည်တွင်း၌ ပြန်လည်တပ်ဆင်ရောင်းချတဲ့ သွင်းကုန်လုပ်ငန်းရှင်များရဲ့ ပြည်တွင်းရောင်းဈေးနှုန်းကို ယှဉ်ပြိုင် ရောင်းချ နိုင်ခြင်းမရှိတဲ့အတွက် နစ်နာမှုများဖြစ်ပေါ်ခဲ့ပါတယ်။ ၎င်းအပြင် ပြည်တွင်းစက်မှုလုပ်ငန်းရှင်များတင်သွင်းတဲ့ ကုန်ကြမ်း ပစ္စည်းအချို့ရဲ့ အခွန်အခနှုန်းထားများမြင့်မားနေပြီး ကုန်ချောပစ္စည်းတင်သွင်းတဲ့ အခွန်အခနှုန်းထား များဟာသက်သာနေတဲ့အတွက် ပြည်တွင်းက ကုန်သည်လုပ်ငန်းရှင်များထိခိုက်ခဲ့ရတဲ့ အ‌ခြေအနေမျိုး လည်းဖြစ်ပေါ်ခဲ့ပါတယ်။ ၎င်းအခြေအနေများကြောင့် အခွန်အကောက်နှုန်းထားများ ပြန်လည်သုံးသပ် ပြင်ဆင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါတယ်။ မိမိနိုင်ငံထုတ်ကုန်များကို ကာကွယ်ဖို့ ယခင်အစိုးရလက်ထက်မှာ အမှတ်(၁) စက်မှုဝန်ကြီးဌာနနဲ့ အမှတ်(၂) စက်မှုဝန်ကြီးဌာန တို့ကဦးဆောင်ပြီး မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ပြီး အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့တာဟာ အခြားနိုင်ငံထုတ်ကုန်များ ကဲ့သို့ မိမိထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကုန်ထုတ်လုပ်စရိတ်လျှော့ချပြီး အရည်အသွေးတိုးတက် ကောင်းမွန်ရေး ဦးတည်ပညာပေးရည်မှန်းဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍမှာလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ စက်မှု ကုန်ထုတ်အသင်း၊ စိုက်ပျိုးရေးအခြေခံစားသောက်ကုန်အသင်း၊ မွေးမြူရေးအခြေခံစားသောက်ကုန် အသင်းတွေဖွဲ့စည်းပြီး ပုဂ္ဂလိကကုန်ထုတ်လုပ်မှုကဏ္ဍမြင့်မားရေးနဲ့ နိုင်ငံတကာနဲ့ဆက်သွယ်ပြီး အရင်းအနှီးနဲ့နည်းပညာများ ချိတ်ဆက်ရရှိရေးပါ ကြိုးပမ်းခဲ့ကြတာတွေ့ရှိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေဟာ ရန်ကုန်စက်မှုဇုန်အသီးသီးက လုပ်ငန်းရှင်‌တွေနဲ့ဌာန ဆိုင်ရာများပူးပေါင်းပြီး အာဆီယံလွတ်လပ်သောကုန်သွယ်မှုအတွက် ဆွေးနွေးပညာပေးမှုအကြိမ်ကြိမ် ပြုလုပ်ခဲ့သလို ဆိုင်ရာဌာနများနဲ့အသင်းများက စက်ရုံအလုပ်ရုံတစ်ခုချင်း ထိခိုက်နိုင်ဖွယ်ရာများနဲ့ ကာကွယ်စောင့်ရှောက်ရမယ့် နည်းလမ်းရှာရန် အသေးစိတ်ညှိနှိုင်းခဲ့ကြတာလည်း ဆောင်ရွက်ခဲ့ကြပါ တယ်။ စိုက်ပျိုးရေးထွက်ကုန်များအပိုင်းမှာလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က အသင်းအဖွဲ့များနဲ့ပူးပေါင်းပြီး မြန်မာ့ လယ်ယာထွက်ကုန်များ ထုတ်လုပ်မှုစရိတ်ကျဆင်းရေးနဲ့ အရည်အသွေးမြှင့်တင်အားပေးပြီးဆောင် ရွက်ခဲ့တာတွေ့ရှိရပါတယ်။ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အတွက်နိုင်ငံတော်အစိုးရက ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းစဉ်မှာ ထည့်သွင်း အကောင်အထည်‌ဖော်ဆောင်ရွက်လျက်ရှိသလို အမှတ် (၂) စက်မှုဝန်ကြီးဌာနကလည်း အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီရဲ့ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းဟာ အာဆီယံလွတ်လပ်သောကုန်သွယ်မှုမှာ မိမိနိုင်ငံထုတ်ကုန်များ ဈေးကွက်ယှဉ်နိုင်အောင်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ထို့အပြင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ နည်းပညာနှင့်အရင်းအနှီး ပိုမိုတိုးတက်ရရှိစေရန်၊ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့်အကျိုးတူ ဖက်စပ်ဆောင်ရွက်ခြင်းဖြင့် ပြောင်းလဲတိုးတက် စေရန် အလို့ငှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုက်ခရိုစီးပွားရေး ပေါ်လစီနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပေါ်လစီတို့ကို ပြုပြင်ပြောင်းလဲပြီး မဟာဗျူဟာ လုပ်ငန်းစဉ်များ ပြောင်းလဲကျင့်သုံးရန်စီစဉ်လျက်ရှိပါတယ်။ သို့မှသာ အလုပ်အကိုင်အခွင့်အလမ်း များ၊ နည်းပညာလွှဲပြောင်းရရှိမှုများဟာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနှင့်အတူပါရှိလာမှာဖြစ်ပြီး အခြားနိုင်ငံထုတ်ပစ္စည်းများနဲ့ ဈေးကွက်မှာယှဉ်ပြိုင်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အနေ နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လမှာကျင်းပခဲ့ပြီး၊ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များကိုအကောင်အထည်ဖော်နိုင်ရန်ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းဆွေးနွေးပွဲမှာ အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအသွင်ဖြင့် လွတ်လပ်သော ကုန်သွယ်မှုဒေသအတွင်း မြန်မာထွက်ကုန်များကို ကာကွယ်ရန်ဆွေးနွေးမှုများလည်းပါဝင်ပါတယ်။ လယ်ယာထွက်ကုန်အပိုင်းမှာ အခြားနိုင်ငံနဲ့ယှဉ်ပြိုင် ရာမှာထုတ်လုပ်မှုစရိတ်သက်သာပြီး အရည်အသွေးမြင့်မားရေး၊ ထွက်နှုန်းကောင်းရေးတို့အရေးပါ သလိုရာသီဥတုနဲ့နည်းပညာ လွှမ်းမိုးနေတာတွေ့ရပါတယ်။ ဥပမာ- ဆန်စပါးမှာထုတ်လုပ်မှုချင်း ယှဉ်နိုင်အောင်၊ ဈေးကွက်ရတာချင်းယှဉ်နိုင်အောင်၊ ဈေးနှုန်းရတာချင်းယှဉ်နိုင်အောင် ကြိုးစားကြရ မှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အားနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များရဲ့အားကို ပေါင်းစပ်ပြီး၊ အရင်း အနှီးနဲ့နည်းပညာ အားနည်းနေသေးတဲ့ တောင်သူလယ်သမားများရဲ့ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်ကို ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအမံရဲ့ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် အားပေးအကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ်။ သရက်သီး အစုအဖွဲ့၊ ဖရဲသီးအစုအဖွဲ့များရဲ့ ကြိုးပမ်းမှုကြောင့်မြန်မာ့သရက်သီး၊ ဖရဲသီးများအခြားနိုင်ငံ ဈေးကွက်အတွင်းသို့ စီးဝင်နိုင်သော်လည်း လိမ္မော်သီး၊ ပန်းသီးဈေးကွက်မှာ ပြည်ပမှစီးဝင်မှုကြောင့် ပြည်တွင်းလိမ္မော်သီးထုတ်လုပ်မှု ထိခိုက်ကျဆင်းရတဲ့ သင်ခန်းစာကိုတွေ့ရမှာဖြစ်ပါတယ်။ ပြည်ပက ကြက်သွန်ဖြူတစ်ပိဿာ ၇၀၀ ကျပ်နဲ့ မန္တလေးအရောက်ကိုဝင်ရောက်ချိန်မှာ ပြည်တွင်းကြက်သွန်ဖြူ ထုတ်လုပ်မှုသယ်ယူပို့ဆောင်စရိတ်မြင့်မားပြီး တစ်ပိဿာ ၁၀၀၀ အောက်ချမရောင်းနိုင်ပါက မိမိ ကုန်သည်ရော၊ တောင်သူပါထိခိုက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ဧကထွက်နှုန်းတိုးပြီး ထုတ်လုပ် မှုစရိတ်ကျရင်၊ အရည်အသွေးပါယှဉ်နိုင်ရင် ကိုယ့်ဈေးကွက်ထိခိုက်မှာမဟုတ်ကြောင်း တွေ့ရှိရပါ တယ်။ ဒါကြောင့် အရင်းအနှီး၊ နည်းပညာရရှိရေး၊ အစိုးရဌာနများ၊ အသင်းအဖွဲ့များပူးပေါင်း  ဆောင်ရွက်လျက်ရှိပါတယ်။ ကုန်ထုတ်လုပ်မှုအပိုင်းမှာ ကုန်ထုတ်လုပ်တင်ပို့ရောင်းချမှု ကွင်းဆက် (Supply Chain Management) အရေးကြီးပြီး၊ ထုတ်လုပ်မှုစရိတ်၊ သယ်ယူပို့ဆောင်စရိတ်၊ ထုတ်ပိုးမှုနဲ့အရည်အသွေး၊ ဈေးကွက်ခိုင်မာစွာချိတ်ဆက်နိုင်မှုများ ပူးပေါင်းချိတ်ဆက်နိုင်ဖို့လိုပါတယ်။ ဒီလုပ်ငန်းစဉ်တွေကိုလည်း နိုင်ငံတော်က အထူးပြုကုမ္ပဏီများဖွဲ့စည်းချိတ်ဆက်ခြင်း၊ အသင်းအဖွဲ့ ကုန်စည်ဒိုင်များအလိုက် ချိတ်ဆက်ခြင်းတို့ ဆောင်ရွက်ခြင်းဖြင့် အခြားနိုင်ငံဈေးကွက် ယှဉ်ပြိုင်နိုင် အောင်ဆောင်ရွက်လျက်ရှိပါတယ်။ လွတ်လပ်သော ကုန်သွယ်မှုဒေသဖြစ်ချိန်မှာ မိမိနိုင်ငံအတွက် အကျိုးရော၊ အပြစ်ပါတွေ့ရှိရမှာဖြစ်ပါတယ်။ မိမိမှာအားနည်းချက်ရှိရင် ထိခိုက်မှာဖြစ်သလို မိမိက အားသာအောင်ကြိုးစားနိုင်ရင်လည်း အကျိုးကျေးဇူးများခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ကုန်သည် လုပ်ငန်းရှင်တို့ရဲ့ စွမ်းဆောင်ရည်မြင့်မားမှု အရေးပါ‌‌ကြောင်းတွေ့ရှိရပါတယ်။ နိုင်ငံတိုင်းဟာ အမျိုးသားအကျိုးစီးပွား (National Interest) ကို ဦးစားပေးဆောင်ရွက်ကြရတာဖြစ်ပါတယ်။ သွင်းကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး ပြည်ပကဈေးပေါပေါ အရည်အသွေးညံ့ပစ္စည်းများ ဝင်လာလျှင် ဥပမာ-အရည်အသွေးအနိမ့်စားအုန်းဆီတင်သွင်းမှု၊ အရည်အသွေးနိမ်‌့ စက်ဆီ၊ ချောဆီတင်သွင်းမှုစတဲ့ စားသုံးသူပြည်သူများထိခိုက်မှုမရှိစေရန် ကာကွယ်မယ့်စားသုံးသူ အကာအကွယ်ပေးရေး(Consumer Protection) ပြည်ပမှအသီးအနှံအစားအသောက်မှတစ်ဆင့် ပြည်တွင်းကိုရောဂါပိုးမွှား ကူးစက်ပျံနှံ့ မလာအောင် ကာကွယ်မယ့်အပင်ရောဂါ၊ ပိုးမွှားကာကွယ်ရေး (Sanitary/ Phytosanitary) အခွန် လျှော့ပေါ့ပေးထားရတဲ့ နိုင်ငံကမဟုတ်ဘဲ အခြားနိုင်ငံကပစ္စည်းများဈေးပေါပေါနဲ့ ရောနှောဝင်မလာ နိုင်အောင်ကာကွယ်မယ့် ပင်ရင်းနိုင်ငံသက်သေခံ(Rule of Origin)၊ ဈေးပေါပေါနဲ့ ပစ္စည်းအတုတွေ ဝင်မလာနိုင်အောင် ကာကွယ်မယ့်ကုန်အမှတ်တံဆိပ်(Trade Mark)၊ နိုင်ငံတစ်နိုင်ငံရဲ့ ဈေးကွက် ထဲကိုဈေး‌လျှော့ချပြီး ပြည်တွင်းဈေးကွက်ပျက်အောင် စုပြုံဝင်ရောက်မှုကိုကာကွယ်တဲ့ Anti Dumping တစ်ဖက်နိုင်ငံရဲ့သွင်းကုန်ပစ္စည်း အမြောက်အများဝင်လာမှုကြောင့် မိမိနိုင်ငံထုတ်ကုန်လုပ်ငန်းများ ထိခိုက်မှုမရှိအောင်ကာကွယ်တဲ့ (Safe Guard Mechanism) စတဲ့လုပ်ငန်းများနဲ့ ကြိုတင်ပြင်ဆင် ကာကွယ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ သွင်းကုန် လိုင်စင်များအပေါ်စိစစ်တဲ့ (Filter Group) များဖြင့်စိစစ်ခြင်းများပြုလုပ်လျက်ရှိပါတယ်။ သို့ရာတွင် အာဆီယံဒေသတွင်းမှာ ၂၀၁၅ ကစပြီး (Free Flow of Goods)၊ လွတ်လပ်စွာ ကုန်စည်စီးဆင်းမှု အခွင့်အရေးပေးရတော့မှာဖြစ်သလို မကြာမီကကျင်းပခဲ့တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံအစည်းအဝေးဆွေးနွေးပွဲ၊ ဆွေးနွေးချက်များအရ နောင်အခါမှာ လိုင်စင်စိစစ်မှုစနစ်များကို ဖြေလျော့ပေးရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများကို အစိုးရဌာနများကအရာရာမှာ စိစစ်ကာကွယ်ပေးရန်ထက် ကုန်သွယ် လုပ်ငန်းရှင်များက မိမိတို့ အကျိုးအမြတ်တစ်ခုတည်းမကြည့်ပဲ အများပြည်သူအကျိုး၊ အမျိုးသား အကျိုးစီးပွားရှေ့ရှုပြီး၊ အသင်းအဖွဲ့များက ဦးဆောင်၍ စီးပွားရေးကျင့်ဝတ်များနှင့် တာဝန်သိ စိတ်ဓာတ်နဲ့ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းသွားဖို့ ပိုမိုအရေးပါလာကြောင်း တင်ပြအပ်  ပါတယ်။ အလားတူ အာဆီယံဒေသအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာ စီးဆင်းခြင်း(Free Flow of Investment) အခွင့်အရေးများပေးရတော့မှာဖြစ်သလို ပြည်တွင်း မှာလည်း တိုင်းရင်းသား လုပ်ငန်းရှင်များပိုမိုရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်မှသာလျှင် ကြိုတင်ပြင်ဆင် ခုခံကာကွယ်သွားနိုင်မှာဖြစ်ပါတယ်။ အချို့ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်စိစစ်တဲ့အခါ နိုင်ငံခြားသား က နိုင်ငံသားအမည်ခံ၍ ရင်းနှီးမြှုပ်နှံမှုများ၊ ရင်းနှီးမြှုပ်နှံမှုပမာဏမမှန်မကန် ဖော်ပြမှုများကြောင့် အမျိုးသားအကျိုးစီးပွားမထိခိုက်စေရန် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရပါတယ်။ ထိုသို့ စိစစ် ဆောင်ရွက်ခြင်းဟာ အချို့သော ပြည်တွင်း လုပ်ငန်းရှင်များယူဆသလို နှောင့်နှေးအောင် ပြုလုပ်ခြင်း မဟုတ်ဘဲ အမျိုးသားအကျိုးစီးပွားအတွက် စိစစ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရန်လိုအပ်ပြီး ၎င်းတို့နှင့် အကျိုးတူဖက်စပ်ပူးပေါင်းဆောင်ရွက်သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ၏ မမှန်မကန် ဆောင်ရွက်မှုများကို မိမိတို့ကပါလိုက်ပါ ဆောင်ရွက်ခြင်းမပြုဘဲ တာဝန်သိစိတ်ဓာတ်နဲ့ အမျိုးသား အကျိုးစီးပွားရှေ့ရှု ကြိုးပမ်းဆောင်ရွက်သွား ရန်လိုအပ်လာတာကို တွေ့ရှိရပါ တယ်။

နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်မှာ အာဆီယံလွတ်လပ်သော ကုန်သွယ်မှု ဒေသပေါ်ပေါက်လာတဲ့အခါ မိမိနိုင်ငံရဲ့ စက်မှုထုတ်ကုန်၊ လယ်ယာထုတ်ကုန်များ ထိခိုက်မှုမရှိစေရန် အတွက်ထုတ်လုပ်မှု စရိတ်လျှော့ချခြင်း၊ ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်း၊ အခွန်အခနှုန်းထားများ ပြန်လည်သုံးသပ်လျှော့ချခြင်း၊ မလိုလားအပ်သော Transactional Cost များအား လျှော့ချခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် မိမိထွက်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေး ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ဤသို့ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းလက်တွဲဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။