(စ)-အခြေခံပညာအဆင့်တွင် အားကစားကို စွမ်းရည်တစ်ရပ် (ဘာသာရပ်တစ်ခု) အဖြစ် သတ်မှတ် ကျင့်သုံး ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၂.၁.၂၀၁၃)

ကျွန်တော်တို့ နိုင်ငံတော်မှာ အားကစားဝါသနာရှင်များနှင့် အားကစားကလောင်ရှင်များက မြန်မာ့ အားကစားအဆင့်ကို ဝေဖန်သုံးသပ်ရေးသား ဖော်ပြထားတာကို လေ့လာတွေ့ရှိရပါတယ်။ ၁၉၆၂ ခုနှစ် ကနေပြီးတော့ ၁၉၇၄ ခုနှစ်အထိ မြန်မာ့အားကစားအဆင့်ဟာ ရွှေခေတ်လို့တင်စားဖော်ပြထားတာကို တွေ့ရပါတယ်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်ဖြစ်ပါ တယ်။ ၁၉၆၂ ခုနှစ်က‌နေ ၁၉၇၄ ခုနှစ်အထိ အခြေခံအခြေအနေကိုလေ့လာတဲ့အခါမှာ ပညာရေး ဝန်ကြီးဌာန အခြေခံပညာအဆင့်မှာ စနစ်ကျတဲ့ လုပ်ငန်းစီမံချက်ရေးဆွဲထားတာကို လေ့လာတွေ့ရှိရပါ တယ်။ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆရာ့လက်စွဲမူလတန်းလွန်ဆိုတဲ့ စီမံချက်စာအုပ်ကို ၁၉၆၄ ခုနှစ်မှာ ပြုစုထုတ်ဝေထားတာကိုလေ့လာတွေ့ရှိရပါတယ်။ အဲဒီလက်စွဲစာအုပ်မှာ အဖွဲ့များ ဖွဲ့စည်းပြီးတော့ တစ်ဖွဲ့ချင်းစီရဲ့ လက်တွေ့ဆောင်ရွက်ရမယ့်အသေးစိတ်စီမံချက်များကို စနစ်တကျ ရေးဆွဲပြဋ္ဌာန်းပေးတာကို လေ့လာတွေ့ရှိရပါတယ်။ အဲဒီအဖွဲ့တွေကတော့ ကာယပညာအဖွဲ့၊ ကျောင်း ကျန်းမာရေးအဖွဲ့၊ ပန်းချီအနုပညာလေ့လာရေးအဖွဲ့၊ အနုပညာဂီတအဖွဲ့၊ စာပေဖြင့်အသိပညာမြှင့်တင် ရေးအဖွဲ့၊ ဗဟုသုတရှာမှီးရန် ခရီးသွားလုပ်ငန်းအဖွဲ့၊ စက်မှုလက်မှုအဖွဲ့၊ သင်ရိုးဖက်သိပ္ပံလုပ်ငန်း အဖွဲ့၊ စိုက်ပျိုးမွေးမြူရေးအဖွဲ့၊ အိမ်တွင်းမှုသိပ္ပံအဖွဲ့နှင့် ဝါသနာပါလုပ်ငန်းအဖွဲ့ဆိုပြီးတော့ ဖွဲ့စည်းထား တာကိုတွေ့ရပါတယ်။ အဲဒီအဖွဲ့တွေကတော့ အလယ်တန်းနှင့်အထက်တန်းကျောင်း၊ မူလတန်းလွန် ကျောင်းတွေမှာ အားလုံးဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။ ၁၉၆၄ ခုနှစ် တော်လှန်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ပြုစုထုတ်ဝေခြင်းဖြစ်ပြီးတော့ ပညာရေးတာဝန်ခံကတော့ ဗိုလ်မှူးကြီး ဒေါက်တာစည်သူလှဟန် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့မေးခွန်းနဲ့ အဓိကဆက်စပ်နေတဲ့ ကာယပညာ အဖွဲ့ရဲ့ ဆောင်ရွက်ချက်အကျဉ်းကို ဖော်ပြလိုပါတယ်။ ကာယပညာအဖွဲ့ရဲ့ အသေးစိတ်စီမံချက်မှာ အားကစားနည်းအလိုက် အသက်အပိုင်းအခြားအလိုက် လုပ်ဆောင်ရမယ့်အခြေခံကျွမ်းကျင်မှုစနစ် များကို ဖော်ပြထားပါတယ်။ ကျောင်းသူကျောင်းသားတိုင်း မဖြစ်မနေဆောင်ရွက်ရမယ့် အသက်အပိုင်း အခြားအလိုက် ကြံ့ခိုင်ရည်ဆန်းစစ်မှုစံချိန်များကို သတ်မှတ်ပြီးတော့ သတ်မှတ်စံချိန်အောက်ရောက် နေတဲ့ ကျောင်းသူကျောင်းသားများကို ကာယပညာဘာသာရပ်ကျရှုံးတယ်လို့ သတ်မှတ်ပါတယ်။ ဥပမာ အလယ်တန်းအဆင့် အမျိုးသားဆိုလို့ရှိရင် အသက် ၁၄ နှစ်ကနေ ၁၇ နှစ်အတွင်းမှာရှိတဲ့ ကျောင်းသူကျောင်းသားများရဲ့ အနိမ့်ဆုံးစံချိန်ကတော့ မီတာ ၁၀၀ ကို ၁၃ စက္ကန့် အမြင့်ခုန်ကို  ၄ ပေ ၆ လက်မ၊ အလျားခုန်ကို ၁၅ ပေ ၆ လက်မ၊ တွန်းထ ၂ မိနစ်ကို ၁၅ ကြိမ်၊ အိပ်ထမတင် ၁ မိနစ်ကို အနည်းဆုံး ၂၅ ကြိမ်၊ ခိုဆွဲကို ၂ မိနစ်ကို ၈ ကြိမ်အနည်းဆုံးစံချိန်သတ်မှတ်ပါတယ်။

          အလယ်တန်းအဆင့် အမျိုးသမီးအသက် ၁၄ နှစ်ကနေ ၁၇ နှစ်အောက်ရဲ့စံချိန်ကတော့  မီတာ ၁၀၀ ကို ၁၅.၂ စက္ကန့်၊ အမြင့်ခုန် ၄ ပေ၊ အလျားခုန် ၁၂ ပေ ၁၀ လက်မ၊ တွန်းထ ၂ မိနစ်ကို ၁၅ ကြိမ်၊ အိပ်ထမတင် ၁ မိနစ်ကို အနည်းဆုံး ၁၅ ကြိမ်၊ ခုန်ထကို ၂ မိနစ်ကို အနည်းဆုံး ၁၅ ကြိမ်၊ အထက်တန်း အဆင့် အမျိုးသား အသက် ၁၇ နှစ်ကနေ ၂၀ နှစ်အတွင်းမှာရှိတဲ့ ကျောင်းသူကျောင်းသားများရဲ့ အနိမ့်ဆုံးစံချိန်ကတော့ မီတာ ၁၀၀ ကို ၁၂.၈ စက္ကန့်၊ အမြင့်ခုန် ၄ ပေ ၁၀ လက်မ၊ အလျားခုန် ၁၇ ပေ၊ တွန်းထ ၂ မိနစ်ကို ၁၈ ကြိမ်၊ အိပ်ထမတင် ၂ မိနစ်ကို အနည်းဆုံးအကြိမ် ၃၀ ၊ ခိုဆွဲက ၂ မိနစ်ကို အနည်းဆုံး ၁၀ ကြိမ် စသည်အားဖြင့်သတ်မှတ်ပြီးတော့ ကာယစွမ်းရည်ဆန်းစစ်တာကိုတွေ့ရပါတယ်။ အဲဒီဖော်ပြခဲ့တဲ့အတိုင်းပဲ ကာယကြံ့ခိုင်မှုဆန်းစစ်တဲ့စံချိန်များသတ်မှတ်ပေးထားတဲ့အတွက် ကာယ ပညာဘာသာရပ်မှာ မကျရှုံးနိုင်အောင် ကျောင်းသူကျောင်းသားများအားလုံး အားကစားကွင်း၊ အားကစားရုံများကို အလိုအလျောက် ရောက်ရှိလေ့ကျင့်ရေး မိမိတို့စိတ်ပါဝင်စားတဲ့ အားကစားနည်း တစ်ခုကို တစ်စိုက်မတ်မတ်လေ့ကျင့်ခွင့်ရတဲ့အတွက် မီးခဲပြာဖုံးကစားသမားများ၊ ရွက်ပုံးသီးကစား သမားများ၊ ပါရမီရှင်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာတဲ့အတွက်ကြောင့် ၁၉၆၄ ခုနှစ်ကနေပြီးတော့ ၁၉၇၄ ခုနှစ်အကျော်ကာလအထိ မြန်မာ့အားကစားအဆင့်ဟာ ရွှေခေတ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်နောက်ပိုင်း ယနေ့အထိ အခြေခံပညာအဆင်‌့မှာ အားကစားနှင့် ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းနှင့်ပတ်သက်ပြီးတော့ ဆရာ့လက်စွဲစီမံချက်စာအုပ် စသည်တို့ကို ပြုစုထုတ်ဝေထားတာမျိုးမတွေ့ရှိရပါဘူး။ ဒါပေမယ့်လည်း မိမိအနေနဲ့ လေ့လာမှုအားနည်းနေတာကြောင့်လည်းဖြစ်နိုင်တယ်။ လက်လှမ်းမမီတာကြောင့်လည်း ွဖစ်နိုင်တယ်လို့ ယူဆမိပါတယ်။ ဒါကြောင့်မို့လို့ အခြေခံပညာအဆင့်မှာ ကျောင်းသူကျောင်းသားတိုင်း အားကစားနည်း တစ်နည်းနည်းမှာ မဖြစ်မနေပါဝင်ယှဉ်ပြိုင်ရေးမူ Compulsory Participate တစ်ရပ်ချမှတ်ဆောင်ရွက်မှသာ ထိရောက်မှာဖြစ်လို့ အလားအလာရှိတဲ့ မျိုးရိုးဗီဇကောင်းတဲ့ မျိုးဆက်သစ်ကစားသမားများ မီးခဲပြာဖုံးကစားသမားများ၊ ရွက်ပုံးသီးကစားသမားများ အစစ်အမှန် ပေါ်ထွက်လာမှာဖြစ်ပါတယ်။ အခြေခံပညာအဆင့်မှာ အခြေခံကောင်းပြီး အလားအလာရှိတဲ့ အားကစားသမားများကို အားကစားဝန်ကြီးဌာနက ဆက်လက်မွေးထုတ်မြေတောင်မြှောက်ပေးခြင်း နည်းလမ်းဖြင့်သာ မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာလိမ့်မယ်လို့ အလေးအနက် ခံယူထားတဲ့အတွက်ကြောင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာအဆင့်မှာ အားကစားကို စွမ်းရည် တစ်ရပ် (ဘာသာရပ်တစ်ခု)အဖြစ် သတ်မှတ်ကျင့်သုံးဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုတဲ့ အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသော အခြေခံပညာ သင်ရိုးညွှန်းတမ်းအရ အခြေခံပညာအဆင့်အတန်း အသီးသီးမှာ ကာယပညာနှင့် အားကစားဘာသာရပ်ကို တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် သတ်မှတ်ပြီး အခြေခံပညာကျောင်းအားလုံးမှာ လေ့ကျင်‌့သင်ကြားပေးလျက်ရှိပါတယ်။ မူလတန်း အောက်အဆင့်မှာ ကိုယ်ခန္ဓာကျန်းမာရေး လေ့ကျင့်ခန်း၊ကြံ့ခိုင်စွမ်းရည်လေ့ကျင့်ခန်းများ၊ သီဆို လှုပ်ရှားအားကစားနည်းများ၊ စုပေါင်းကစားနည်းများပါဝင်ပါတယ်။ သင်ချိန်ခွဲဝေမှုမှာ တစ်ပတ်လျှင် သင်ချိန် ၄ ချိန်ဖြင့် တစ်နှစ်လျှင် ၁၄၄ ချိန်ဖြစ်ပါတယ်။ မူလတန်းအထက်ဆင့်မှာ မူလတန်းအောက် အဆင့်၌သင်ကြားတဲ့ ခေါင်းစဉ်များအနက် သီဆိုလှုပ်ရှားအားကစားနည်းမှလွဲ၍ အားလုံးပါဝင်ပါတယ်။ သင်ချိန်ခွဲဝေမှုမှာ တစ်ပတ်လျှင် ၄ ချိန်ဖြင့် တစ်နှစ်လျှင် ၁၄၄ ချိန်ဖြစ်ပါတယ်။ အလယ်တန်း အဆင့်တွင် ကာယပညာအကြောင်း၊ လက်တွေ့ လေ့ကျင့်ခန်းများ၊ ကြံ့ခိုင်စွမ်းရည်လေ့ကျင့်ခန်းများ၊ အတန်းအုပ်ချုပ်မှု အားကစားနည်းများ ပါဝင်ပါတယ်။ သင်ချိန်ခွဲဝေမှုမှာ တစ်ပတ်လျှင် သင်ချိန် ၂ ချိန် ဖြင့် တစ်နှစ်လျှင် ၇၂ ချိန်ဖြစ်ပါတယ်။ အထက်တန်းအဆင့်မှာ သင်ကြားသော အကြောင်းအရာများမှာ အလယ်တန်း အဆင့်အတိုင်းဖြစ်ပြီး သင်ချိန်ခွဲဝေမှုမှာ တစ်ပတ်လျှင် သင်ချိန် တစ်ချိန်နှုန်းွဖင့် တစ်နှစ် လျှင် ၃၆ ချိန် သင်ကြားလျက်ရှိပါတယ်။ အားကစားတွင် ထူးချွန်တဲ့လူငယ် လူရွယ်များကို နိုင်ငံတော်ျက တာဝန်ယူပြီး ပညာသင်ကြားမှုမပျက် လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိတဲ့ အားကစားနှင့် ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးအထက်တန်းကျောင်း ၂ ကျောင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ် ထားရှိပြီး ဖြစ်ပါတယ်။ လူငယ်များရဲ့ အားကစားအရည်အသွေးမြင့်မားရေးကို ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါတယ်။ အခြေခံပညာကျောင်းများမှာ အကျင်‌့စာရိတ္တကောင်းမွန်ပြီး ဘက်စုံပညာထူးချွန် တဲ့ ကျောင်းသားကျောင်းသူများဖြစ်အောင် ဆောင်ရွက်ရာမှာ အားကစားသည်အပိုင်းကဏ္ဍတစ်ရပ် အနေဖြင့် ခိုင်ခိုင်မာမာထည့်သွင်းဆောင်ရွက်နေပြီဖြစ်ပါ၍ အခြေခံပညာအဆင့်တွင် အားကစား စွမ်းရည်တစ်ရပ် (ဘာသာရပ်တစ်ခု) အဖြစ် သတ်မှတ်ကျင့်သုံးဆောင်ရွက်ရန် အစီအစဉ်မရှိသေး ပါကြောင်း တင်ပြဖြေကြားပါသည်။