ပင်လောင်း မြို့နယ် လုံးပင်ကျေးရွာအုပ်စု၊ ဆောင်ပြောင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင်အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိသိလိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ ဆောင်ပြောင်းကျေးရွာဟာ ပင်လောင်း-လွိုင်ကော် ပြည်ထောင်စု လမ်းမပေါ်တွင်တည်ရှိပြီးတော့ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်နယ်စပ်တွင်တည်ရှိသော ရွာကြီး တစ်ရွာဖြစ်ပါတယ်။ နယ်စပ်မြို့နယ်နှစ်ခုဖြစ်တဲ့ အားလျော်စွာ ရှမ်း၊ ပအိုဝ့်၊ ကယား၊ နှစ်ထပ်ကရင် စသည့်တိုင်းရင်းသားများ စုပေါင်းပြီး အေးအတူပူအမျှ နေထိုင်ကြတဲ့အရပ်ဒေသ တစ်ခုပဲဖြစ်ပါတယ်။ ယခုအချိန်မှာ ဆောင်ပြောင်းကျေးရွာဟာစံပြကျေးရွာဖြစ်တဲ့အပြင် ၂၄ နာရီမီးရရှိရေး၊ မီးလင်းခြင်း၊ တိုက်နယ်ဆေးရုံ တည်ဆောက်ရေးနိုင်ငံတော်မှ ခွင့်ပြုချက်ရရှိပြီးဖြစ်တဲ့အတွက် ကြိုးစားပမ်းစား နယ်သူနယ်သားများမှ တစ်ဖက်တစ်လမ်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါကျောင်း၏ မြောက်ဘက်ပင်ကွမ် အ.ထ.ကကျောင်းမှ ၈ မိုင်ခန့်ဝေးပြီးတော့မှ တောင်ဘက်ဖယ်ခုံမြို့ရှိ အထက်တန်းကျောင်းရှိ ၁၀ မိုင် ကျော်ကွာဝေးပါတယ်။ ဒါ့အပြင်ပတ်ဝန်းကျင်တွင် မူလတန်းကျောင်း ပေါင်း ၂၀ ကျော်လည်း ဝိုင်းရံထားတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ဆောင်ပြောင်းအထက်တန်း ကျောင်းခွဲရဲ့ သမိုင်းကိုကြည့်တဲ့အခါမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ပြည်သူ့ကောင်စီ အဆင့်ဆင့်ခေတ် ကတည်းက မြန်မာပြည်ကွန်မြူနစ်ပါတီ ပဲခူးရိုးမပြန်လည်အခြေကုတ်ရရှိရေးအတွက် စစ်ဆင်ရေးတစ်ရပ်တွင် ထူးခြားသောဖြစ်စဉ်တစ်ရပ်ကြောင့် စည်းလုံးရေးကိုရှေးရှုဦးတည်ပြီး အလယ်တန်းကျောင်းကို ဖွင့်လှစ်ပေးကြောင်းသိရပါတယ်။ အထက်ပါကျွန်တော်တင်ပြခဲ့တဲ့ အကြောင်း အချက်အလက်များအပြင် အလယ်တန်းကျောင်းအဖြစ် ရပ်တည်လာခဲ့တာဟာ နှစ်အတော်ကြာပြီ ဖြစ်ပါတယ်။ ယခု အချိန်မှာဆိုရင်လည်းပဲ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် ပတ်ဝန်းကျင်နှင့် ကျောင်းရဲ့လိုအပ်တဲ့အင်္ဂါ၊ လက္ခဏာရပ်များလည်း ပြည့်စုံနေပြီဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးများခင်ဗျား။ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအား ဆောင်းပြောင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံ ပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးပါက ပင်လောင်းမြို့နယ်တောင်ခြမ်းနှင့် ဖယ်ခုံ မြို့နယ်အနောက် မြောက်ခြမ်းရှိ ရှမ်း၊ ပအိုဝ့်၊ ကယား၊ ကရမ်း၊ နှစ်ထပ်ကရင်စသည့် တိုင်းရင်းသား များ၏ ရင်သွေးငယ်များ ဆုံးခန်းတိုင်ပညာသင်ကြားနိုင်မှာဖြစ်ကြောင်း ဧကန်မလွဲဖြစ်တဲ့အတွက် ဤမေးခွန်းကို လေးစားစွာဖြင့် မေးမြန်းရခြင်း ဖြစ်ပါသည်။
ဆောင်ပြောင်းအထက(ခွဲ)အား၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
