(ည)ရန်ကုန်မြို့သို့ ခရီးသွားလာရာတွင် ငွေကြေးပေးဆောင်ရသည့်ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ (၁-၉-၂၀၁၁)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ မောင်တောဒေသတွင်ဘူးသီးတောင်-မောင်တောဒေသတွင်း ၉၀ ရာခိုင်နှုန်းခန့်သောပြည်ထောင်စုဖွား ဒေသခံမဲဆန္ဒရှင်များဟာ များသောအားဖြင့် ဆင်းရဲနွမ်းပါးတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။ အဲဒီဒေသခံ ပြည်သူများဟာ မိမိတို့၏ ရွာမှနောက်တစ်ရွာသို့ အကြောင်းတစ်ခုခုနဲ့သွားဖု့ိအတွက် ထွက်ခွာမယ် ဆိုလျှင်ပင် အဲဒီရွာထွက်လက်မှတ်ဆိုတဲ့ဟာကိုယူရပါတယ်။ အဲဒီရွာထွက် လက်မှတ်ရရှိဖို့အတွက် ကိုလည်း တရားမဝင်ငွေတွေပေးနေရပါတယ်။ တစ်ခါ အဲဒီလဝကရဲ့ ပုံစံ(၄)ခေါ်ယာယီခရီး          သွားလာခွင့်လက်မှတ်ရရှိဖို့အတွက်လည်း ကျွန်တော်တို့ တရားမဝင်ငွေ ၂၀၀၀ ခန့် ပေးရပါတယ်။ ဒီနေရာမှာကြုံတုန်း ကျွန်တော် လဝကပုံစံ(၄)(ခေါ်) ယာယီခရီးသွားလာခွင့်လက်မှတ်နဲ့ ပတ်သက် ပြီးတော့အနည်းငယ်တင်ပြလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားသားအက် ဥပဒေပုဒ်မ ၁၀ အရ နိုင်ငံခြား သားတွေဟာ တစ်မြို့နယ်မှတစ်မြို့နယ်၊ တစ်ရွာမှတစ်ရွာသို့ အဲဒီလို ခရီးသွားမယ်ဆိုရင် ရက်အကန့် အသတ်နဲ့ သတ်မှတ်ထားတဲ့ ခရီးသွားလာခွင့်ပုံစံကို လဝကရဲ့နည်းဥပဒေအရပုံစံ(၄)လို့ ခေါ်ပါတယ်။ အဲဒီပုံစံ (၄)ဆိုတာ လဝကရဲ့ဖောင်အများကြီးထဲမှာ ပုံစံ (၄)၊ ပုံစံ (၆)၊ ပုံစံ (၁၀) အဲဒီထဲကမှ ပုံစံတစ်ခု ပုံစံရဲ့နာမည်ပါ။ ၁၉၉၅ ခုနှစ်က  ရန်ကုန်မြို့ကနေ ကျွန်တော်ရဲ့ဇာတိဖြစ်တဲ့ ဘူးသီးတောင်မြို့သို့ သွားပြီးတော့ အပြန် ခရီးမှာ ကျွန်တော်လည်း ဒီကိစ္စနဲ့ ကြုံခဲ့ရတဲ့အတွက် ကျွန်တော်‌့ရဲ့အတွေ့အကြုံကို ရှင်းပြရင်းနဲ့ လဝကပုံစံ(၄)နဲ့ ယာယီခရီးသွားလာခွင့်လက်မှတ် ဘယ်လိုကွာခြားမှုရှိသလဲဆိုတာကို တင်ပြရခြင်းဖြစ်ပါတယ်။ အဲဒီလဝကရဲ့ပုံစံ(၄)ရဲ့ ခေါင်းစီးမှာပါတာက နိုင်ငံခြားသားများခရီးသွားလာ ခွင့်လက်မှတ်ဆိုပြီးတော့ပါပါတယ်။ ပြီးတော့ ညာဘက်ထောင့်မှာ ပုံစံ (၄) ဆိုပြီးတော့ပါပါတယ်။ ၁၉၉၅ နှစ်ဆန်းပိုင်း ကျွန်တော်ရဲ့ဇာတိမြို့ ခုနကတင်ပြသလို ဘူးသီးတောင်မြို့ကိုသွားပြီးတော့ ကျွန်တော်ပြန်လာတဲ့အခါမှာ ခါတိုင်းပုံစံလိုပဲ ကျွန်တော် လေယာဉ်လက်မှတ်ကို ဝယ်ပြီးတော့ စစ်တွေလေဆိပ်ကိုသွားခဲ့ပါတယ်။ ဒါကျွန်တော် ကိုယ်တိုင်အတွေ့အကြုံပါ။ သွားတဲ့အခါမှာ ကျွန်တော်ကို သက်ဆိုင်ရာလဝက ကပြောပါတယ်။ ဦးရွှေမောင်က အစ္စလာမ်ဘာသာဝင် ဟုတ်ပါ သလားတဲ့။ ဟုတ်ပါတယ် ခင်ဗျားလို့။ အဲဒါဆိုရင် ခင်ဗျားတို့က ခရီးသွားလာခြင်းကို ကန့်သတ်ထား ခြင်းခံရတယ်။ အဲဒါဆိုရင် ကျွန်တော် ဘာလုပ်ရမလဲလို့ ပြန်ပြီးတော့မေးမြန်းတဲ့အခါမှာ သက်ဆိုင်ရာ လဝကအရာရှိက ပြည်နယ်လဝက ဦးစီးမှူးရဲ့ခွင့်ပြုချက်နဲ့ ခရီးသွားလာခွင့်လိုပါတယ်လို့ပြောတဲ့ အခါကျတော့ ဟုတ်ပြီ။ အဲဒါဆိုရင်လည်း ကျွန်တော် ဒါလိုအပ်ချက်ဖြစ်နေ‌တော့ နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကိုလည်း နိုင်ငံသားတစ်ဦးအနေနဲ့ လိုက်နာရမယ်ဆိုတော့ အဲဒီ ပြည်နယ်လဝကရုံးကိုသွားခဲ့ပါတယ်။ သွားတဲ့အခါမှာ ကျွန်တော်ကို ထုတ်ပေးတဲ့ပုံစံက အဲဒီပုံစံ (၄)ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီးတော့ နိုင်ငံခြားသားများ ခရီးသွားလာခွင့်လက်မှတ်လို့ အဲလိုရှိတဲ့ အခါမှာ ကျွန်တော် အတော်လည်းစိတ်မလျှော့နိုင်ဖြစ်ပြီးတော့ အဲ့ဒီမှာပြည်နယ်လဝကဦးစီးမှူးနဲ့ အဲဒီတုန်းက ဗိုလ်ကြီးတစ်ယောက်ပါ။ ကျွန်တော် နာမည်မေ့သွားလို့  မတင်ပြနိုင်တော့ဘူး။ အဲဒီတုန်းက ၁၉၉၅ တုန်းက ပြည်နယ်ဦးစီးမှူးကြီး။ ကျွန်တော်နိုင်ငံခြားသားမဟုတ်ဘူး။ ကျွန်တော်အဖေလည်း တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့တဲ့စခန်းမှူးတစ်ယောက်ပါ။ကျွန်တော်တို့ရဲ့မိသားစုမှာလည်း အကုန်လုံး နိုင်ငံသားတွေဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခြားနိုင်ငံသားများနည်းတူ အမျိုးသားမှတ်ပုံတင် ကတ်ပြားကိုလည်း ကိုင်ထားတယ်။ နိုင်ငံသားကိုလည်း ကျွန်တော် လျှောက်ထားသေးတယ်။ သို့သော် ကျွန်တော် ယနေ့ထိ မရသေးတာပဲရှိတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးရုံနဲ့ နိုင်ငံသား မဟုတ်ဘူးလို့ အဲဒီလိုယူဆလို့မရဘူးလို့ ကျွန်တော်ထင်မြင်ပါတယ်။ ဒါပေမယ့် အခု ကျွန်တော်ကို ပေးနေတဲ့ ဒီပုံစံသည် နိုင်ငံခြားသားများသာသုံးတဲ့အတွက်  ကျွန်တော့်အနေနဲ့ မဆိုင်တဲ့အတွက် ဒီဟာလေးကို ကူညီဖြေရှင်းပေးပါ။ ကျွန်တော်ဒီဟာကို မယူလိုပါဘူး။ အဲဒီလို တင်ပြတဲ့အခါကျတော့ ဒါက အားလုံးအတွက် သတ်မှတ်ထားတဲ့ပုံစံတဲ့ ကျွန်တော့်ရဲ့ တင်ပြခြင်းကို သူကလုပ်တဲ့အနေနဲ့ သူကဒီဟာကို အဲဒီတုန်းက ဒီပြည်နယ်မှာ တာဝန်ရှိတဲ့လူကြီးတွေကို တင်ပြပြီးတော့ လုပ်ပေးပါမယ်တဲ့။ လောလောဆယ် ကျွန်တော့်ကို နိုင်ငံခြားသားဆိုတဲ့စကားလုံးကို ဖျက်ပြီးတော့ အဲဒီမှာ ယာယီဆိုပြီးမှ သူလက်နဲ့ရေးပေးခဲ့ပါတယ်။ အဲဒီကစပြီးတော့မှ ယာယီခရီးသွားလာခွင့်လက်မှတ်ဆိုပြီးတော့ ဖြစ်သွား ပါတယ်။ အဲဒီနောက်ပိုင်း ကျွန်တော် ခရီးသွားလာတာတွေကို လေ့လာကြည့်တဲ့အခါမှာ ပုံစံ(၄)မှပါတဲ့ အချက်အလက်များအပြင် နောက်ထပ် အချက်အလက်နှစ်ခုကို ထပ်တိုးတာတွေ့ပြီးတော့ ပုံစံ(၄)ဆိုတဲ့ ဖောင်နာမည်လေးကိုမတပ်ဘဲနဲ့ ယာယီခရီးသွားလာခွင့်လက်မှတ်ဆိုပြီးတော့ ခေါင်းစဉ်တပ်ပါတယ်။ ကျွန်တော် ယူဆတာကတော့ ၁၉၉၅ ခုနှစ်မှာ ကျွန်တော် အဲဒီလို တင်ပြခဲ့တဲ့အတွက် သုံးသပ်ပြီးမှ ပြည်နယ်လဝက ကလုပ်သွားပုံရတယ်လို့ ကျွန်တော် ယူဆပါတယ်။ အဲဒီမှာ တကယ်တမ်း ကျွန်တော် လေ့လာကြည့်တဲ့အခါ အဲဒီယာယီခရီးသွားလာခွင့်လက်မှတ်သည် လဝကရဲ့ နိုင်ငံခြားသားတွေ အတွက်သုံးတဲ့ နိုင်ငံခြားသားအက်ဥပဒေပုဒ်မ ၁၀ အရ သုံးတဲ့ပုံစံ(၄)ထက်ကို ပိုမိုတင်းကျပ်ထား တာကိုလည်း ကျွန်တော်တွေ့ရပါတယ်။ အဲဒါဘာပါသလဲဆိုတော့ အပိုအနေနဲ့ လူနှစ်ယောက်က ထောက်ခံပေးရမယ်၊ အဲဒီထောက်ခံတဲ့ပေးတဲ့သူသည် အကြောင်းတစ်ခုခုနဲ့ ဒီပုံစံ (၄)နဲ့ရက် အကန့်အသတ်ရက် ၃၀၊ ရက် ၄၅ ရက်အတွင်းမှာ အဲဒီကာယကံရှင် ပြန်မလာလို့ရှိရင် အာမခံထားတဲ့ လူနှစ်ယောက်က ဥပဒေအရ အရေးယူခြင်းခံမည်ဆိုတဲ့ဟာနဲ့ အဲဒီမှာ ဂရမ်တာ သို့မဟုတ် စပွန်ဆာ နှစ်ယောက်၊ အဲဒါသည် နဂိုလဝကရဲ့ပုံစံ (၄) မှာမပါဘဲနဲ့ ယာယီခရီးသွားလာခွင့် လက်မှတ်လို့သုံးတဲ့ အဲဒီအထဲမှာ ပါဝင်နေတာကို လေ့လာတွေ့ရှိရပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီတစ်ရွာဝင် တစ်ရွာထွက် အဲလိုသွားရတယ်။ ကျွန်တော်တို့ ဘူးသီးတောင်နဲ့ မောင်တော၊ မောင်တောနဲ့ ဘူးသီးတောင်ကြားထဲမှာ နယ်စပ်ဒေသစစ်ဆေးရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ကွပ်ကဲမှုဌာနချုပ်ရဲ့ ကြားစခန်း၊  အတိုကောက်ဖြင့်ပြောရရင် နစကကြားစခန်းလို့ ခေါ်ပါတယ်။ အဲဒီ နစကကြားစခန်းမှာ ဘူးသီးတောင်မြို့ကနေ မောင်တောမြို့ကို ခရီးသွားမယ်ဆိုရင် အဲဒီကြားစခန်းမှာ တရားမဝင်ငွေ ၃၀၀၀ ကျပ်ပေးရပါတယ်။ အဲဒါက နေ့ချင်းပြန်ခရီး၊ အကယ်၍ နေ့ချင်းမပြန်နိုင်ဘူး။ လူမှုရေး၊ စီးပွားရေးအဲဒီလိုတစ်ခုခုနဲ့ တစ်ရက်၊နှစ်ရက်၊သုံးရက်အဲလိုကြာမယ်ဆိုရင် တစ်ရက်ပိုကြာတိုင်း ၁၀၀၀ ကျပ်စီလည်း ကျွန်တော်တို့အပြန်ခရီးလာတဲ့အခါမှာ အပိုဆောင်းပေး ရတာကိုလည်းကျွန်တော်တို့ သိရှိရပါတယ်။ တဖန်ဘူးသီးတောင်၊ မောင်တောဒေသမှ စစ်တွေမြို့ကို ရောက်တဲ့အခါလည်း အဲဒီဟာသည် မြို့နယ်ကျော်ဖြစ်သွားတဲ့အတွက် ကျွန်တေ‌ာ်အသေးစိတ်ကိုတော့ မတင်ပြလိုဘဲ ကျွန်တော့်မှာ အသေးစိတ်ပြုစုထားတဲ့ စာရင်းဇယားရှိပါတယ်။ စုစုပေါင်း ကျွန်တော်တို့ တင်ပြလို့ရှိရင် ငွေသုံးသောင်းလောက်ကုန်ပါတယ်။ ကျွန်တော်တို့ ဒီသင်္ဘောခက  ၁၀၀၀၊ ၅၀၀၊ ၆၀၀ လောက် ရှိတဲ့အခြေအနေမှာ ဘူးသီးတောင်-မောင်တောမြို့ကနေ စစ်တွေမြို့ကို ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာတာတောင်မှ ဒီတရားမဝင်ငွေ ၃၀၀၀၀ ပေးရတဲ့အတွက် သာမန်ဆင်းရဲနွမ်းပါးတဲ့ လူတွေအတွက် အင်မတန်နစ်နာဆုံးရှုံးရပါတယ်။ ပြီးတော့ စစ်တွေကနေ ရန်ကုန်ရောက်တဲ့အခါလည်း စစ်တွေမှာလိုအပ်တဲ့ ခုန Formality တွေ အဲဒီခွင့်ပြုချက် ကျွန်တော်တို့ ပြည်နယ်လဝကရဲ့ ပုံစံတွေနဲ့ အခြားလိုအပ်တဲ့ စာရွက်စာတမ်းအားလုံးအတွက်လည်း တရားမဝင်ပေးရငွေကျပ်က ၄၀၀၀၀၀ ခန့် ကျွန်တော်တို့ ပေးရပါတယ်။ တော်တော်များပြားတဲ့ ငွေကြေးပါ။ တော်ရုံတန်ရုံဆင်းရဲတဲ့ လူတွေအနေနဲ့ ကျန်းမာရေး ကိစ္စတွေနဲ့ ရန်ကုန်မြို့သို့ လာရောက်မယ်ဆိုရင်လည်း တော်တော်လေးကို အခက်အခဲ ဖြစ်မှာပါ။ ခုနက ကျွန်တော်တင်ပြတဲ့ကိစ္စတွေသည် နိုင်ငံတော်မှ ဆင်းရဲမွဲတေမှုပပျောက်ရေးဟူသော မူဝါဒ၊ အခြားမူဝါဒများနှင့် ဆန့်ကျင်ပြီးတော့ ပြည်ထောင်စုဖွားဒေသခံ မဲဆန္ဒရှင်များမှာများစွာထိခိုက် နစ်နာလျက်ရှိတဲ့အတွက် အဲဒီပြည်သူများရဲ့ အခက်အခဲကို နိုင်ငံတော်အစိုးရမှ ကူညီ ဆောင်ရွက်ဖြေရှင်းပေးရန်လိုအပ်တဲ့အတွက် ကျွန်တော့်ရဲ့ဒီမေးခွန်းကို မေးရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော် မေးမြန်းလိုတဲ့ မေးခွန်းကတော့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှ           ၉၀ ရာခိုင်နှုန်းခန့်သော ပြည်ထောင်စုဖွားဒေသခံမဲဆန္ဒရှင်များသည် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စများအတွက် မိမိတို့ဒေသမှ ရန်ကုန်မြို့သို့ခရီးသွားလိုလျှင် ဘူးသီးတောင်၊ မောင်တော ဒေသမှ စစ်တွေမြို့သို့ရောက်အောင် တရားမဝင်ပေးရငွေ ကျပ် ၃၀၀၀၀ခန့် ကုန်ကျပြီး၊ စစ်တွေမြို့မှ ရန်ကုန်မြို့သို့ရောက်အောင် တရားမဝင်ပေးရငွေကျပ် ၄၀၀၀၀၀ ကုန်ကျခံနေရပါသဖြင့် ထိုကိစ္စကို ပပျောက်အောင် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်း အပ်ပါတယ်။


 

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ
အဖြေ

တစ်ဖက်နိုင်ငံနဲ့ ဆက်စပ်နေတဲ့  ဘူးသီးတောင်-မောင်တောဒေသမှ စစ်တွေနဲ့ ရန်ကုန်ကိုသွားရောက်ရာ လမ်းတစ်လျှောက်မှာ တစ်ဖက်နိုင်ငံနေ ဘင်္ဂါလီများတရားမဝင်ခိုးဝင်မှု ကာကွယ်တားဆီးနိုင်ရေး အတွက် လုံခြုံရေးနဲ့ အမျိုးသားရေးလိုအပ်ချက်တွေအရ လိုအပ်တဲ့နေရာတွေမှာ စစ်ဆေးကြပ်မတ်တားဆီးရေးလုပ်ငန်း များကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ဌာနတစ်ခုတည်း သက်သက်သာမဟုတ်ပဲ သက်ဆိုင်တဲ့ ဌာနပေါင်းစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့များနဲ့ စိစစ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိနေပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ဌာနတိုင်းဟာ ဥပဒေနဲ့အညီသာဆောင်ရွက်ဖို့ သတ်မှတ်ညွှန်ကြားနေကြစမြဲသာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အမှန်တကယ်နစ်နာသူတွေ ရှိနေတယ်ဆိုရင် ကာယကံရှင်တွေဘက်က အချိန်၊ နေရာအပါအဝင်တိကျမှန်ကန်တဲ့ အထောက်အထားများနဲ့ တရားဝင်တိုင်ကြားမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနအပိုင်းကတော့ ယခုကာလမှာ နိုင်ငံတစ်ဝန်း ကျေးရွာ၊ ရပ်ကွက်တွေအထိ မိုးပွင့်အဆင့်-၁အမည်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပိုမိုလွယ်ကူလျင်မြန်စွာရရှိအောင် ဖြေလျော့ရေးစနစ်သစ်နဲ့ ဆောင်ရွက်ပေးနေလျက် ရှိနေပြီးတော့ ကြိုတင်ပြင်ဆင်နေတဲ့ ကာလကတည်းကအခုအချိန်အထိ လာဘ်ပေးလာဘ်ယူ ပြုလုပ်ပါက တိုင်ကြား နိုင်ကြောင်း လက်ကမ်းစာ‌စောင်တွေ သန်းချီဖြန့်ဝေပြီး ဖြစ်ပါတယ်။ ဒီလိုပဲ လူသိရှင်ကြား နေ့စဉ် ရက်ဆက် ကွင်းဆင်းအသိပေးဟောပြောခြင်း၊ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီရုပ်သံတွေမှာ တွေ့ဆုံ မေးမြန်းခန်းတွေလုပ်ပြီး တိုင်ကြားနိုင်တဲ့ တယ်လီဖုန်း၊ ဖက်စ်နံပါတ်များ တရားဝင်အသိပေး ထုတ်ပြန်ခြင်း၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ အသိပေးဖော်ပြခြင်း၊ ဌာနပိုင် Website များ လွှင့်တင်အသိပေး ခြင်းများစတဲ့နည်းလမ်းမျိုးစုံနဲ့ နစ်နာသူတိုင်း တိုင်ကြားနိုင်ပါကြောင်း၊ အပြုသဘောအကြံဉာဏ် များပေးခြင်းများကိုလည်း ဝမ်းပန်းတသာလက်ခံပါကြောင်း နိုင်ငံတစ်ဝန်း ထုတ်ဖော်ပြောဆိုကြေညာ ဆောင်ရွက်နေတာကို သတိပြုမိကြမည်ဟု လေးနက်စွာ ယုံကြည်ပါတယ်။ ကနေ့အချိန်အထိလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဒေသခံပြည်သူပေါင်းများစွာက မရှင်းလင်းတာတွေကို မေးမြန်းခြင်း၊ ပြုပြင်ပေးစေလိုတဲ့ကိစ္စတွေနဲ့ အသိပေးခြင်းများကိုလည်း ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခြင်းများပြုလုပ်လျက်ရှိပါတယ်။ ဌာနအနေနဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို သွေဖည်ဆောင်ရွက်မှုများ ရှိခဲ့တဲ့ဝန်ထမ်း ၁၂ ဦးကိုလည်း ဇူလိုင်လ၁ရက်နေ့ကစလို့ ကနေ့အထိ နှစ်လတာစီမံချက်ကာလအတွင်း ထုတ်ပယ်ခြင်း၊ အဆင့်လျှော့ချခြင်း၊ နယ်ပြောင်းခြင်းစတဲ့ အပြစ်ပေး အရေးယူခြင်းများလည်း ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်ကတော့ အထောက်အထားအပြည့်အစုံနဲ့ ဖော်ပြတိုင်ကြားလာပါက စနစ်တကျစိစစ်ဖော်ထုတ်ပြီး မှန်ကန်ပါက အရေးယူသွားရန်အသင့်ရှိပါကြောင်းနဲ့ နိုင်ငံတော် အစိုးရအဖွဲ့သစ်ရဲ့ ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance) သန့်ရှင်းသောအစိုးရ (Clean Government)  ဖြစ်ထွန်းပေါ်ပေါက်စေရေး အတွက် အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်နေသည်ကိုလည်း သိရှိစေလို ပါ ကြောင်း ‌ဖြေကြားပါသည်။