ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မောင်တောခရိုင်ဟာ ၂၀၁၀-၂၀၁၁ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်အနည်းဆုံးအဆင့်ကို ရောက်ရှိ တာကို ကျွန်တော့်အနေနဲ့ ဝမ်းနည်းစွာတွေ့ရှိရတာတင်ပြလိုပါတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတယ် ဆိုတာကတော့ ထိုသို့ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းမှာ မောင်တောခရိုင်မှာရှိနေတဲ့ ဘူးသီးတောင်၊ မောင်တော နှစ်မြို့နယ်ရဲ့လူဦးရေအားလုံး၏ ၉၀ ရာခိုင်နှုန်းသော ဒေသခံ မြန်မာ-မွတ်စလင်မဲဆန္ဒရှင်များ၏ သားသမီးများသည် တက္ကသိုလ်ဝင်တန်းကို ရမှတ်ကောင်းများဖြင့် အောင်မြင်ခဲ့သော်လည်း ကျွန်တော် ပထမမေးခွန်းမှာ တင်ပြခဲ့သလို အသက်မွေးဝမ်းကျောင်း တက္ကသိုလ်သို့ တက်ရောက်ရန်မျှော်လင့်ချက်မရှိခြင်း၊ သွားရေးလာရေးခက်ခဲခြင်း၊ ဒေသခံဆရာ၊ ဆရာမများအလွန် နည်းပါးနေခြင်းကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့် မောင်တောခရိုင်၏ ပညာရေး အဆင့်အတန်း နိမ့်ကျမှုသည်နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်းကောင်း၊ ပြည်သူလူထု၏ အကျိုးစီးပွားကိုလည်းကောင်း များစွာအဟန့်အတားပြုနေသည်ကို နိုင်ငံတော်မှ မည်သို့ဆောင်ရွက်ပေးနိုင်မည်ဟူသော ကိစ္စနဲ့ပတ်သက်၍ ကျွန်တော့်အနေနဲ့ မေးမြန်းရခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော် မေးမြန်းလိုတဲ့ တတိယမေးခွန်းကတော့ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၏ ပညာရေးနိမ့်ကျနေမှုသည် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူနေမှုဘဝ မြင့်မားရေးကို များစွာဟန့်တားနေပါသဖြင့် နိုင်ငံတော်အစိုးရမှ မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် ပုံမှန်ရှိနေခြင်းမျိုးမဟုတ်ဘဲ အတက်အကျ၊ အနည်းအများ ကွာဟမှုရှိနေမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်းသည် ကျောင်းသား၊ ကျောင်းသူ များ၏ သင်ယူလေ့လာ ကြိုးစားအားထုတ်မှုအပေါ်တွင် မူတည်ပါတယ်။ နှစ်အလိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ရာခိုင်နှုန်းမှာ ၂၀၀၉ ခုနှစ်တွင် ဘူးသီးတောင် မြို့နယ်မှ ၁၉.၉၅ ရာခိုင်နှုန်း၊ မောင်တောမြို့နယ်မှ ၁၇.၂၇ ရာခိုင်နှုန်း၊ ၂၀၁၀ ခုနှစ်တွင် ဘူးသီးတောင် မြို့နယ်မှ ၂၂.၈၇ ရာခိုင်နှုန်းနဲ့ မောင်တောမြို့နယ်မှ ၁၈.၈၅ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် ဘူးသီးတောင်မြို့နယ်မှ ၂၀.၄၁ ရာခိုင်နှုန်းနဲ့ မောင်တောမြို့နယ်မှ ၁၇.၀၅ ရာခိုင်နှုန်း အောင်မြင် ခဲ့ပါတယ်။ မောင်တောမြို့နယ်တွင် အ.ထ.က ငါးကျောင်း၊ အ.ထ.ကခွဲ သုံးကျောင်း၊ အ.လ.ကကျောင်း ရှစ်ကျောင်း၊ အ.လ.ကခွဲ တစ်ကျောင်း၊ တွဲဖက်အ.လ.က တစ်ကျောင်း၊ မူလွန် ၁၆ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၂၅ ကျောင်းကိုလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်တွင် အ.ထ.က သုံးကျောင်း၊ အ.ထ.ကခွဲ တစ်ကျောင်း၊ တွဲဖက် အ.ထ.က နှစ်ကျောင်း၊ အ.လ.က သုံးကျောင်း၊ အ.လ.ကခွဲ သုံးကျောင်း၊ မူလွန်ကျောင်း ၂၀ နှင့် အ.မ.က ၁၂၂ ကျောင်းတို့ကိုလည်းကောင်း ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ မောင်တောခရိုင်တွင် အခြေခံပညာကျောင်းများ လုံလောက်စွာဖွင့်လှစ် ထားပြီး ဆရာ၊ ဆရာမများ ပြည့်စုံစွာခန့်ထားပြီးဖြစ်၍ ပညာရေးနိမ့်ကျမှုမရှိပါကြောင်း ဖြေကြားပါသည်။
