(စ)-အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ တက်ရောက်ခွင့်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ (၁-၉-၂၀၁၁)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်များတွင် ပြည်သူလူထု ၉၀ ရာခိုင်နှုန်းခန့်သည် ယာယီ သက်သေခံလက်မှတ် အဖြူရောင်ကတ်များကို ကိုင်ဆောင်ထားတာဖြစ်ပါတယ်။ အထက်တန်း ကျောင်းသားအများစုကလည်း အဆိုပါယာယီသက်သေခံလက်မှတ် အဖြူရောင်ကတ်တွေကိုပဲ ကိုင်ဆောင်ထားကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်မှ ကျင်းပပြုလုပ်သော အခြေခံပညာအထက်တန်း စာမေးပွဲများတွင် ထူးချွန်တဲ့ကျောင်းသားများက ဂုဏ်ထူးလေးဘာသာ၊ ငါးဘာသာ ၊ ခြောက်ဘာသာ ရပြီးတော့ ထူးချွန်စွာ အောင်မြင်ခဲ့သော်လည်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရရှိသေး၍ ၎င်းတို့ ဝါသနာပါသော၊ ဆန္ဒရှိသောအသက်မွေးဝမ်းကျောင်းတက္ကသိုလ်များဖြစ်တဲ့ ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်စတဲ့တက္ကသိုလ်၊ ကောလိပ်နဲ့ သိပ္ပံများသို့ဝင်ခွင့်ပြုရန် လျှောက်ထား သော်လည်း ဝင်ခွင့်မပြုဘဲ ငြင်းပယ်ခြင်းခံခဲ့ရတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားမှတ်ပုံတင် ကတ်ပြားတွေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား‌တွေကိုစတင်ပြီး လဲလှယ်ပေးခဲ့တဲ့ ၁၉၉၀ ခုနှစ်ကနေ စပြီးတော့မှ ထိုဒေသရှိလူထုက နိုင်ငံသားစိစစ်ရေးကတ်ပြားတွေရရှိအောင် သက်ဆိုင်ရာဌာနများသို့ လျှောက်ထားခဲ့သော်လည်း ယနေ့ထိမရရှိကြသဖြင့် ပုဂ္ဂိုလ်ရေးအရလည်းကောင်း၊ နိုင်ငံတော်အတွက် လည်းကောင်း များစွာနစ်နာဆုံးရှုံးရပါတယ်။ ကျွန်တော်တို့ ပါလီမန်ဒီမိုကရေစီခေတ်၊  မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် အေးချမ်းသာယာရေးကောင်စီခေတ် စတဲ့ခေတ်အဆက်ဆက်မှာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များမှာ ပညာသင်ကြားခွင့်တွေရရှိခဲ့ ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ဥပမာအားဖြင့်တချို့ကို တင်ပြလို ပါတယ်။ ဘူးသီးတောင်မြို့နယ်မှာဆိုရင် မျက်စိ၊ နား၊ နှာခေါင်းနဲ့ လည်ချောင်းအထူးကု ဆေးရုံအုပ်ကြီး ဒေါက်တာဦးဘတင်ဟာ ဘူးသီးတောင်ဒေသခံဖြစ်ပါတယ်။ နောက် ဒေါက်တာ ဗိုလ်ကြီးရာမတ်၊ ဒေါက်တာချစ်ဆွေ၊ ဒေါက်တာဟတ်ရှင်း၊ မောင်တောမြို့နယ်မှ ဒေါက်တာလှမြင့်၊ ဒေါက်တာဇော်မင်း၊ ဒေါက်တာထွန်းအောင်၊ ဒေါက်တာ ဇော်ဟိန်း၊ ဒေါက်တာအီးအက်စ်ကမ်းမား အဲဒီ ဆရာဝန်ကြီးတွေဟာ ဆေးတက္ကသိုလ်၊ ရန်ကုန်ကဘွဲ့ရခဲ့တဲ့ ဆေးပညာရှင်များဖြစ်ကြပါတယ်။ အဲဒီအပြင် အခြား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အသီးသီးမှလည်း ဘွဲ့ရသူများရှိပါတယ်။  ကျွန်တော်ခုနက တင်ပြခဲ့တဲ့ ဒီဆရာဝန်ကြီးတွေဟာ ၁၉၉၀ မတိုင်ခင်ကပဲ အကုန်လုံးပညာသင်ခွင့်တွေရပြီးမှ ဘွဲ့အသီးသီးရရှိခဲ့တာကို ကျွန်တော် အထူးတင်ပြလိုခြင်း ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ လတ်တလောဖြစ်နေတဲ့ ပြဿနာကတော့ ၁၉၉၀ ကနေစပြီးမှ အမျိုးသားမှတ်ပုံတင်နဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို လဲလှယ်ပေးခဲ့တဲ့လုပ်ငန်းမှာ ဘူးသီးတောင်၊ မောင်တောဒေသမှာ အဲဒါမျိုး သက်ဆိုင်ရာ လဝကဌာနကနေ လဲလှယ်ပေးတဲ့အခါမှာ ‌နှောင့်နှေးကြန့်ကြာတဲ့ အကြောင်းအမျိုးမျိုး ကြောင့် ဒီပြဿနာတွေဖြစ်နေတာလို့ ကျွန်တော့်အနေနဲ့ ရိုးသားစွာ တင်ပြလိုပါတယ်။ နောက်ဆုံးတစ်ခု ဥပမာတင်ပြရမယ်ဆိုရင် အခု ၂၀၁၁ ခုနှစ်မှာ ဒီအခြေခံပညာအထက်တန်းကို သုံးဘာသာဂုဏ်ထူးနဲ့ အောင်မြင်တဲ့၊ အလယ်တန်းပြ ဆရာဦးဂျန်ဟိုင်တင် သူ့ရဲ့သားက သုံးဘာသာဂုဏ်ထူးနဲ့အောင်တဲ့အခါ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တက်ဖို့ ဆုံးဖြတ်ထားပါတယ်။ သို့သော် ဒီနိုင်ငံသားစိစစ်ရေး ကတ်ပြား အခက်အခဲရှိတာကိုသိနေတဲ့အတွက် သူ့အနေနဲ့ ဘူးသီးတောင်မြို့နယ် ကျွန်တော်တို့ လဝကရုံးသို့၊ မြို့နယ်လဝကရုံးသို့သွားရောက်ပြီးမှ သူတင်ပြလျှောက်ထားခဲ့ပါတယ်။ ကျွန်တော့် သားက ဒီနှစ် သုံးဘာသာဂုဏ်ထူးနဲ့အောင်တယ်။ ကျွန်တော်တို့ အရင်နှစ်တွေက အဲဒါမျိုးအောင်မြင် လို့ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိတဲ့အတွက် တက်ခွင့်မရခဲ့ပါဘူး။ အဲဒါကြောင့် ကျွန်တော့်ရဲ့သားက သူတက်ချင်တဲ့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ကိုတက်လို့ရအောင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခွင့်ပေးပါလို့ လျှောက်တဲ့အခါကျတော့  ခါတိုင်းဖြေနေကြပုံစံအတိုင်းပဲ အပေါ်ကနေ အမိန့် မရှိသေးလို့ မပေးနိုင်သေးကြောင်း ပြန်ဖြေပါတယ်။ ဒါပေမယ့် အဲဒီ ကျောင်းဆရာသည် သူ့ရဲ့ ရင်သွေးက သုံးဘာသာဂုဏ်ထူးနဲ့ အောင်မြင်သော်လည်း ကျောင်းတက်ခွင့်မရမှာကို စိုးရိမ်တဲ့အတွက် အဲဒီ လဝကမြို့နယ်ဦးစီးမှူးကို ပြန်လည်တင်ပြပါတယ်။  ဟုတ်ကဲ့ ကျွန်တော်က ဘာတွေလိုအပ်နေ လို့လဲ။  အဲဒီလိုပြန်တင်ပြတဲ့အခါကျတော့ သူ့ကိုပြန်ပြီးတော့ ဖြေကြားပါတယ်။ ဟုတ်ပြီ အဲဒီခင်ဗျားရဲ့ သားက နိုင်ငံသားစိစစ်ရေးကတ်ပြားရအောင် ခင်ဗျားမိဘနှစ်ပါးမှာနိုင်ငံသားစိစစ်ရေးကတ်ပြား ရှိဖို့လိုတယ်။ ခင်ဗျား အ.လ.ပြ ဆရာလို့ပြောနေတယ်၊ ခင်ဗျားနဲ့ခင်ဗျားအမျိုးသမီးမှာ နိုင်ငံသား စိစစ်ရေးကတ်ပြားရှိပါသလား။ သူဖြေတယ်။ မရှိဘူး။ ဘာလို့လဲဆိုတော့  ကျွန်တော်တို့ လျှောက်ထား တယ်။ မရသေးဘူး၊ အဲဒါဆိုရင် ခင်ဗျားတို့အနေနဲ့ လျှောက်ထားဖို့လိုပါတယ်တဲ့။ အဲဒါဆိုရင် ဆရာကြီးရယ်တဲ့ အဖေနဲ့အမေကော လျှောက်ထားတာရှိပါသလား။ သူ့တို့ကတော့ ၁၉၉၀ နှစ်က လျှောက်ထားတယ်။ လျှောက်ပြီးတော့ လေး၊ ငါးနှစ်ကြာတဲ့အခါမှာ အဖေကဆုံးသွားပြီ။ အမေကလည်း အခုအသဲအသန်ဖြစ်နေတဲ့အတွက် မကြာခင် ကျန်းမာရေးမကောင်းတဲ့အတွက် သူလည်းဆုံးသွား တယ်။ ဒါပေမယ့် အဲလို ၁၉၉၀ နှစ်ကနေ ကျွန်တော်တင်ပြချင်တာက ၁၉၉၀ နှစ်ကတည်းက ဒီအမျိုးသားမှတ်ပုံတင်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လဲလှယ်ပေးခဲ့တဲ့နောက်ပိုင်းမှာ အခု နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်လာပြီဖြစ်တဲ့အတွက် အဲဒီအခက်အခဲကြောင့်  အခုအချိန်မှာဆိုရင် မြေးအထိ၊ အ.လ.ပြဆရာ ဦးဂျန်ဟိုင်းရဲ့ သားသမီးအထိ ကျွန်တော်တို့ ဒီနိုင်ငံသားစိစစ်ရေးကတ်ပြား ကိုမရရှိဘဲ ထူးချွန်စွာအောင်မြင်သော်လည်း ကျောင်းတက်ဖို့အတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကျောင်းတက်ဖို့အတွက် အခက်အခဲဖြစ်နေတာကို ရိုးသားစွာတင်ပြခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ယခုအချိန်ကာလတွင် အခြေခံပညာအထက်တန်းကို ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ အချိန်မီတက်ရောက် သင်ကြားနိုင်ဖို့အတွက် လိုအပ်သောနိုင်ငံသားစိစစ်ရေးကတ်ပြားများ အမြန်ရရှိအောင် နိုင်ငံတော်နဲ့ သက်ဆိုင်ရာဌာနမှ ကူညီပံ့ပိုးစေလို့တဲ့အတွက် ကျွန်တော်မေးခွန်းမေးရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်မေးမြန်းလိုသော မေးခွန်းမှာ ပထမအကြိမ်ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်များမှ အခြေခံပညာ အထက်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သောကျောင်းသား၊ ကျောင်းသူများသည် အသက်မွေး ဝမ်းကျောင်းတက္ကသိုလ်များသို့ တက်ရောက်ရန်အမှတ်မီသော်လည်း တက်ရောက်ခွင့်မရကြသဖြင့် နိုင်ငံတော်မှမည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်ကြောင်းမေးမြန်းခြင်းနဲ့ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးဒေါက်တာချမ်းငြိမ်းက ထိုသို့ဝင်ခွင့်ရရန် တည်ဆဲနိုင်ငံသားဥပဒေနဲ့ကိုက်ညီသော နိုင်ငံသား ဖြစ်ပြီး အနိမ့်ဆုံးအမှတ်ကိုပြည့်မီပါက အဆိုပါတက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများသို့ ဝင်ခွင့်ပြုကြောင်း ဖြေကြားခဲ့ရာ ထိုကျောင်းသားများ၏ နိုင်ငံသားကတ်ကို နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဌာနများက အချိန်မီရရှိအောင် မည်ကဲ့သို့ ပြုလုပ်ဆောင်ရွက်ပေးနိုင်မည်ကိုသိလိုပါကြောင်း မေးမြန်းပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်ရဲ့ ဒုတိယမေးခွန်းကလည်း ပညာရေးနဲ့ပတ်သက် နေတဲ့အတွက် ကျွန်တော်ကိုဆက်လက်ပြီးမေးခွင့်ပြုပါ။ ကျွန်တော်ရဲ့ ဒုတိယမေးခွန်းနဲ့ပတ်သက်ပြီး တော့လည်း ကျွန်တော် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာလည်း တင်ပြ ပေးဖူးပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်များမှာ အခြေခံပညာ ကျောင်းများတွင် မြို့နယ်ပြင်ပမှ ဆရာ၊ဆရာမများအများစုကိုခန့်ထားပြီးတော့ ပညာသင်ကြား လျက်ရှိရာ ခရီးသွားလာရေးအခက်အခဲ၊ စားသောက်၊ နေထိုင်ရေးအခက်အခဲ၊ ဘာသာစကား အခက်အခဲများကြောင့် ပညာသင်ကြားရေးတွင် အခက်အခဲများစွာနဲ့ကြုံတွေ့နေရပါတယ်။ ထို့ကြောင့် ဒေသခံဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက မည်ကဲ့သို့ကူညီဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းခဲ့ရာ  ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီသောဒေသခံများကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အချိုးကျရွေးချယ်ခေါ်ယူပြီး ဆရာအတတ်ပညာသင်တန်းများ တက်ရောက်စေလျက် သင်တန်းအောင်မြင်ပြီးဆုံးပါက ယင်းတို့၏ ဒေသခံတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဦးစားပေးခန့်ထားခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့သော်လည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၏ ဇာတိနွယ်ဖွား ဒေသခံဘာသာစကားနဲ့ ဓလေ့ထုံးစံကို နားလည်သော ဒေသခံဆရာ၊ ဆရာမများရရှိအောင် မည်ကဲ့သို့ဆောင်ရွက်လျက်ရှိသည်ကို သိလိုတဲ့ အတွက် ကျွန်တော်အခုလို မေးခွန်းမေးရတာဖြစ်ပါတ


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒေါက်တာမြအေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၏ မေးခွန်းဖြစ်ပါတယ်။ ၎င်းမေးခွန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့် အနေနဲ့ဖြေရမယ်ဆိုရင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်များမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများသည် မိမိကြိုက်နှစ်သက်ရာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်၊  ကောလိပ်၊ သိပ္ပံကျောင်းများသို့ တက်ရောက်သင်ယူနိုင်ကြပါတယ်။ အဆိုပါ တက္ကသိုလ်၊  ကောလိပ်၊ သိပ္ပံကျောင်းများတက်ရောက်ရန် သတ်မှတ်ထားသောတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ရမှတ် ပြည့်မီရန်လိုအပ်ပြီး ပညာရေးဝန်ကြီးဌာနအနေနဲ့ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့၏ လက်ရှိ ဥပဒေ၊ စည်းမျဉ်း ၊ စည်းကမ်းများနဲ့လည်း ညီညွတ်ရန်လိုအပ်ပါကြောင်း ဖြေကြားအပ်ပါတယ်။