စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသမြို့နယ်များဖြစ်တဲ့ လဟယ်မြို့နယ်အတွင်း ယမ်းကြုံးဂွင်၊ ကြူယမ်းဂွင်နှင့် နန်းယွန်းမြို့နယ် တံခါးဒေသချောင်းဘေးတွေမှာ ကချင်ပြည်နယ် နယ်စပ်မှာရှိတဲ့ ရှင်ဘွေယန်ချောင်းဘေးတစ်လျှောက်တွေမှာ ဘိန်းများစိုက်ပျိုးပြီးတော့မှ ထုတ်လုပ် စားသုံးနေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့မှ မေးခွန်းမေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နာဂတိုင်းရင်းသားများဟာ တခြားတိုင်းရင်းသားများနှင့် နှိုင်းယှဉ်လို့ရှိရင် လူနေမှုအဆင့်အတန်း နိမ့်ကျနေသေးတဲ့အပြင် ပညာရေးအဆင့်အတန်းပါ နိမ့်ကျနေသေးတဲ့ တိုင်းရင်းသား မျိုးနွယ်စုဖြစ်ပါ တယ်။ မြန်မာစကားပုံအရ နူနေပါတယ်ဆိုမှ ဝဲစွဲဆိုသလိုပဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များရဲ့ နားလည်မှုတွေ၊ ခွင့်လွှတ်ပေးမှု အပေါ်မှာ အကြောင်းပြုပြီးတော့မှ ဘိန်းစိုက်ခင်းများကို လွတ်လပ်စွာစိုက်ပျိုးခြင်း၊ စားသုံးခြင်းတို့ ကြောင့် နောက်ဆက်တွဲပြဿနာများဖြစ်တဲ့ လုပ်အားဆုံးရှုံးခြင်း၊ သားသမီးများရဲ့ ပညာရေးမှာ အားပေးမှုနည်းပါးခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားမှုအားနည်းခြင်း တို့ကြောင့် နာဂဒေသတိုင်းရင်းသားလူငယ်များအတွက် စိုးရိမ်ရပါတယ်။ သို့ဖြစ်ပါ၍ ဘိန်းစိုက်ခင်းများကို တားဆီးဖျက်ဆီးပေးခြင်း၊ သုံးစွဲသူများ၊ ရောင်းဝယ်သူများကို တိကျစွာအရေးယူပေးခြင်း၊ ဘိန်းအစား ထိုးသီးနှံစိုက်ပျိုးသွားနိုင်ရေးအတွက် ဖန်တီးပေးခြင်း၊ ပညာပေးဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း၊ ဘိန်းစိုက်ခင်းတိုက်ဖျက်ရေးကို စီမံကိန်းချလုပ်ဆောင်ပေးခြင်းများဖြင့် ဒေသခံတိုင်းရင်းသားများ နောင်ရေးအတွက် ဖန်တီးပေးရန် လိုအပ်ကြောင်း တင်ပြလိုပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော့်အနေနဲ့ နာဂဒေသမြို့နယ်များအတွင်း ဘိန်းစိုက်ပျိုးမှုများကို တိုက်ဖျက်နိုင်ရန်အတွက် သက်ဆိုင်ရာမှ အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းပါသည်။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်ကို ကာကွယ်တားဆီးနိုင်ဖို့ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး တော့ ဘက်ပေါင်းစုံကနေ ဆောင်ရွက်လျက်ရှိပါတယ်။ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို မဟာဗျူဟာနှစ်ရပ်၊ နည်းဗျူဟာသုံးရပ် ချမှတ်ဆောင်ရွက်လျက်ရှိတဲ့အပြင် နိုင်ငံတော် က မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ၁၉၉၉-၂၀၀၀ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ်အထိ ၅ နှစ်စီ ပိုင်းခြားပြီး စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးပပျောက် ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ဖို့အတွက် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအစည်းအဝေး (၂/၂၀၁၂) ကနေ စီမံကိန်းသက်တမ်းကာလကို နောက်ထပ် ၅ နှစ် သက်တမ်းတိုးမြှင့်ပြီး ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ အထိ ဆက်လက်ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းချက်ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ကို ရာသီဥတုနှင့် မြေအနေအထားအပေါ်မူတည်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ အများဆုံး စိုက်ပျိုးပြီး ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အနည်းငယ်စီ စိုက်ပျိုးလျက်ရှိကြောင်း စိစစ်သိရှိရပါတယ်။ နှစ်စဉ် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စီမံချက်ရေးဆွဲပြီး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် ဒေသခံပြည်သူလူထုပူးပေါင်းပြီး ဘိန်းခင်းများ ရှာဖွေဖော်ထုတ်ဖျက်ဆီးမှုကို အရှိန်အဟုန်မြှင့် ဖျက်ဆီးလျက် ရှိပါတယ်။ အဲ့ဒီလို ဘိန်းခင်းများ ဖျက်ဆီးမှုများကြောင့် မြန်မာနိုင်ငံဘိန်းစိုက်ဒေသတွေမှာ ၂၀၁၀-၂၀၁၁ ဘိန်းစိုက်ရာသီ မှာ ဘိန်းခင်း ၁၇၄၄၀.၂၅ ဧက ဖျက်ဆီးနိုင်ခဲ့ရာကနေ ၂၀၁၁-၂၀၁၂ ဘိန်းစိုက်ရာသီမှာ ၅၈၇၃၈.၆၉ ဧက ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ၄၁၂၉၈.၄၄ ဧက တိုးတက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်များကို ဘိန်းများ စတင်ဝင်ရောက်လာမှုက ကချင်ပြည်နယ်မှတစ်ဆင့် ကူးစက်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရပါ တယ်။ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ နန်းယွန်းမြို့နယ် ကျေးရွာများက ပြည်သူများက ကချင်ပြည်နယ် ကျေးရွာတွေမှာရှိတဲ့ ဘိန်းစိုက်သူများဆီကို နေ့စားဓားရမ်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ရာမှ စမ်းသပ်သုံးစွဲလာကြပြီး မျိုးစေ့တွေကို ရယူစိုက်ပျိုးမှုများ ပျံ့နှံ့လာကြောင်း လေ့လာသိရှိရပါတယ်။ သို့ပေမယ့်လည်း စီးပွားဖြစ်ဧကများများ စိုက်ပျိုးမှုမရှိဘဲ ဘိန်းစွဲသူများအနေနဲ့ စားသုံးဖို့အတွက် အနည်းအကျဉ်းသာ စိုက်ပျိုးကြကြောင်း စိစစ်တွေ့ရှိရပါတယ်။ လဟယ်မြို့နယ်အတွင်း ဘိန်းစိုက်ခင်း များကို ဖျက်ဆီးခဲ့ရာမှာ ၂၀၀၂ ခုနှစ်၊ မေလမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစီအစဉ်နဲ့ လဟယ် မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်မှာ ဝ.၇၅ ဧက၊ ၂၀၀၃ ခုနှစ်၊ ဧပြီလအတွင်း မြို့နယ်အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်တဲ့ လုံခင်း၊ ခါးလယ်၊ ဝုထ၊ စံပြ၊ လောင်တန်း၊ ဟွေထိုက်ကျေးရွာများမှာ ၃.၅ ဧက၊ ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် နယ်မြေခံတပ်နှင့် ပူးပေါင်းပြီး မြို့နယ်ရဲ့ အနောက်မြောက်ဘက်ခြမ်း နယ်စပ်ကျေးရွာတွေဖြစ်တဲ့ လောနောက်ကုန်း၊ ယမ်ကြိမ်၊ ရွှေလော၊ ဟောက်ရမ်ကျေးရွာများမှာ ၁.၈ ဧက၊ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလမှာ နယ်မြေခံတပ်နှင့် ပူးပေါင်းပြီး မြောက်ဘက်ခြမ်းကျေးရွာများဖြစ်တဲ့ ယမ်ကြုံ၊ ကာမွေလောရီ၊ နောက်ညူကျထောက်၊ နောက်ညူခါဆန်နှင့် နောက်ညူမန်ဆွေကျေးရွာ များမှာ ၃ ဧကတို့ကို အသီးသီး ဖျက်ဆီးဆောင်ရွက်နိုင်ခဲ့ပါတယ်။ နန်းယွန်းမြို့နယ်မှာ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နယ်မြေခံတပ်များနှင့်ပူးပေါင်းပြီး လောက်လိုင်ကျေးရွာ၊ ဓမ္မတိုင်ကျေးရွာ၊ ပန်ဆောင်အင်းတစ်ဝိုက်နှင့် စွန်ပါကျေးရွာအနီး တခီးချောင်းတစ်ဝိုက်တို့မှာ စုစုပေါင်း ၇ ဧကကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အဲဒီလိုဖျက်ဆီးနိုင်တာက စိုက်ပျိုးတဲ့ကျေးရွာ၊ စိုက်ပျိုးတဲ့နေရာကို အတိအကျ သိရတဲ့အတွက် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး အဲဒီကာလနောက်ပိုင်းမှာတော့ ဘိန်းစိုက်ပျိုးမှု သိသိသာသာ လျော့နည်းသွားပြီး ဘိန်းစိုက်ပျိုးတဲ့နေရာကို အတိအကျမသိရှိရတဲ့အတွက် ဖျက်ဆီးနိုင်မှုမရှိကြောင်း သိရှိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဘိန်းခင်းဖျက်ဆီးမှုအနေနဲ့ ၂၀၀၆-၂၀၀၇ ခုနှစ် ဘိန်းစိုက် ရာသီမှာ ၂၁.၃၉ ဧက ဖျက်ဆီးခဲ့ပြီး ခန္တီးမြို့နယ်မှာ ၂.၈၉ ဧက၊ လဟယ်မြို့နယ်မှာ ၁၈.၅ ဧက၊ ၂၀၀၈-၂၀၀၉ ခုနှစ် ဘိန်းစိုက်ရာသီမှာ ခန္တီးမြို့နယ်မှာ ၃.၅ ဧက၊ ၂၀၁၀-၂၀၁၁ ခုနှစ် ဘိန်းစိုက် ရာသီမှာ ခန္တီးမြို့နယ်မှာပဲ ဝ.၁၅ ဧက ဖျက်ဆီးနိုင်ခဲ့ပါတယ်။ နာဂဒေသမှာရှိတဲ့ လဟယ်နှင့် နန်းယွန်းမြို့နယ်များက လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် အုပ်ချုပ်ရေးအပိုင်းမှာ အားနည်း မှုများရှိခဲ့ပါတယ်။ ယခုအခါမှာတော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး နာဂဒေသအတွင်း တရားဥပဒေစိုးမိုးရေးအတွက် ဖြန့်ကျက်ဆောင်ရွက်နိုင်ဖို့ မြို့နယ်ခွဲများကိုလည်း ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။ နာဂဒေသနေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အောင်သီရိရန်ပုံငွေ (နာဂဒေသ) အဖြစ် ကျပ်သိန်း ၅၀၀၀ ကို မတည်ပေးထားပြီး အဲဒီရန်ပုံငွေ အတိုးရရှိငွေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိပါတယ်။ နာဂဒေသ လဟယ်နှင့် နန်းယွန်းမြို့နယ်များအတွင်း ဘိန်းစိုက်ပျိုးမှု၊ သုံးစွဲမှု လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်အလိုက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ကြီးကြပ်မှုကော်မတီအနေနဲ့ နယ်မြေခံတပ်ရင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်တဲ့ အဖွဲ့ငယ်များ စုဖွဲ့ပြီး သတင်းရယူခြင်း၊ ဖျက်ဆီးခြင်းနှင့် ပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ် ဘိန်းစိုက်ရာသီမှာလည်း ပြီးခဲ့တဲ့ ဘိန်းစိုက်ရာသီထက် ပိုမိုပြီး အရှိန်အဟုန်မြှင့် ဖျက်ဆီးနိုင်ဖို့အတွက် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စီမံချက်ရေးဆွဲပြီး တပ်မတော်၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပူးပေါင်းပြီး ဘိန်းစိုက်ခင်း ဖျက်ဆီးမှု ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် စီမံထားရှိပါကြောင်း ဖြေကြားပါသည်။
