(က)ဝန်းသိုမြို့နယ်အတွင်းဒေါင်းမြူးတမံတည်ဆောက်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ (၁-၉-၂၀၁၁)

ဝန်းသိုမြို့နယ်ဟာ မူးမြစ်တို့ ဖြတ်သန်း စီးဆင်းတဲ့ဒေသမျိုးမဟုတ်ပါဘူး။ တောတောင်များထူထပ်ပြီး မိုးရွာသွန်းမှုများပြားတဲ့ ဒေသဖြစ်တဲ့ အတွက် တောင်ကြောများ၊ တောင်တန်းများကို အခြေပြုပြီး ချောင်းမြောင်းများ စတင်စီးဆင်းတဲ့ဒေသ တစ်ခုဖြစ်ပါတယ်။ သဖန်းဆိပ်ရေလှောင်တမံရဲ့ ရေဝေရေလဲဒေသလည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ စိုက်ပျိုးရေးအတွက် တောင်ကျချောင်းများကို ပိတ်ဆို့ပြီး သွယ်တန်းအသုံးပြုနေကြရတဲ့အတွက် မိုးရာသီသီးနှံများကိုသာ အဓိကစိုက်ပျိုးနေကြပါ တယ်။ တစ်နှစ်အတွင်းသီးထပ် ထပ်မံစိုက်ပျိုးနိုင်မှု အားနည်းပါတယ်။ စိုက်ပျိုးရေများကို ကြီးမားတဲ့ တာတမံကြီးများဖြင့် ထိန်းသိမ်းထားပြီး စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်သင့်တဲ့ ဒေသလည်းဖြစ်ပါတယ်။ သို့ဖြစ်တဲ့အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက် အထူးစီမံကိန်းကြီးများ အစည်းအဝေးမှာ တည်ဆောက်ခွင့်ပြုခဲ့ပြီး မြေနေရာ ရွေးချယ်မှုလုပ်ငန်းများ၊ တိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသို မြို့နယ်အတွင်း တည်ဆောက်ရန်လျာထားတဲ့ ဒေါင်းမြူးတမံစီမံကိန်းအား မည်သည့် အချိန်ကာလတွင် စတင်တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးမြင့်လှိုင် ပြည်ထောင်စုဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
အဖြေ

ဒေါင်းမြူးရေလှောင်တမံဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ ဆည်ဦးကျေးရွာအနီး၌ တည်ရှိပါတယ်။ စိုက်ပျိုးရေးအတွက်သာမက ဝန်းသိုမြို့နှင့် ကောလင်းမြို့ ရေကြီးမှုမှ ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး အထူးစီမံကိန်းများအကောင်အထည်ဖော်ရေး အဖွဲ့၏ ၁/၂၀၀၈ အစည်းအဝေးမှ တည်ဆောက် အကောင်အထည်ဖော်ရန် သတ်မှတ်အတည်ပြုခဲ့ပြီး ဖြစ်သော စီမံကိန်းလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒေါင်းမြူးချောင်းအပေါ်မှာ အမြင့် ၁၃၅ ပေရှိ မြေသားတမံတည်ဆောက်ပြီးရေ ၆၄၆၆၀ ဧကပေ သိုလှောင်ပြီးတော့မှ သီးထပ်သီးညှပ်အနေဖြင့် လယ်ဧက ၁၀၀၀၀ ခန့်အား အကျိုးပြုနိုင်မယ့် စီမံကိန်းတစ်ခုဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဇလဗေဒတိုင်းတာခြင်း၊ မြေပြင်တိုင်းတာခြင်း၊ ဘူမိဗေဒစူးစမ်းလေ့လာခြင်း၊ တမံ ၄ ပေ x ၆ပေ နှစ်ပေါက်ပါ ရေထုတ်ပြွန်နှင့် အကျယ် ၁၅၀ ပေရှိ ရေပိုလွှဲဒီဇိုင်းပုံစံများထုတ်လုပ်ခြင်း လုပ်ငန်းများကို ရေးဆွဲဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများ စတင်ရန်အသင့်ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဦးစားပေး အစီအစဉ်များအရ ရန်ပုံငွေခွဲဝေခွင့်ပြုပေးနိုင်မှုအပေါ်မှာမူတည်ပြီး ဝန်ကြီးဌာနအနေဖြင့်လုပ်ငန်းများအား ခွင့်ပြုရန်ပုံငွေအရ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။