ချင်းပြည်နယ် မင်းတပ်ခရိုင် အတွင်းမှာရှိတဲ့ မြို့နယ်များအတွင်းမှာ ရှေးမြန်မာတိုင်းရင်းသားအချို့ရဲ့ အဝတ်အစား၊ ရိုးရာ အသုံးအဆောင်ပစ္စည်းများ အထိုက်အလျောက်ကျန်ရှိနေဆဲဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ခြင်းလုပ်ငန်းဖြစ်ပေါ်လာတဲ့အတွက် ရှေးဟောင်းပစ္စည်းများနှင့် ရိုးရာ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အစားများ တိမ်ကောပျောက်ကွယ်လုမတတ် တွေ့ရှိရပါတယ်။ မင်းတပ်ခရိုင်အတွင်း အထူးသဖြင့် ပျူခေတ်အသုံးအဆောင်များလို့ ထင်မြင်ယူဆရတဲ့ ရှေးဟောင်း ပစ္စည်းအချို့ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ ရှေးဟောင်းရိုးရာ အဝတ်အစားများဖြစ်တဲ့ လည်ဆွဲပယင်း ပုတီးတွေ၊ ခြူလုံးခါးပတ်များနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများဖြစ်တဲ့ ဆေးရိုးဆေးတံများ၊ လေး၊ မြား၊ လှံ၊ ဓား၊ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးများစသည်တို့ကိုလည်း တွေ့မြင်နေရပါတယ်။ ပျူကျောက်စာများအရ မင်းတပ်ခရိုင်မှာ နေထိုင်လျက်ရှိကြတဲ့ တိုင်းရင်းသားအချို့ရဲ့ စကားများဟာ ပျူစကားအချို့နှင့်တူညီ နေကြောင်း လက်ရှိအထောက်အထားရှိတာရယ်၊ ပျူခေတ်က ကျောက်ပြားကြီးများတည်ပြီးတော့ အဲဒီကျောက်ပြားများအောက်မှာ အရိုးအိုးတွေထားရှိသလိုပဲ မင်းတပ်ခရိုင်အတွင်းမှာလည်းပဲ ရှေးကတည်ထားခဲ့တဲ့ ကျောက်ပြားကြီးများနဲ့ အဲဒီကျောက်ပြားတွေရဲ့အောက်မှာ အရိုးအိုးတွေကို ကျေးရွာများမှာ တွေ့မြင်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အသုံးအဆောင်ပစ္စည်းများ၊ သမိုင်း အထောက်အထားများ၊ အရိုးအိုးများ စနစ်တကျစုဆောင်းထားရှိနိုင်ရန် လိုအပ်လာပါတယ်။ ချင်းပြည်နယ်မှာ ယဉ်ကျေးမှုဌာနနှင့် ယဉ်ကျေးမှုဆိုင်ရာအဆောက်အဦကို ဟားခါးတစ်မြို့တည်းမှာပဲ ဆောက်လုပ်ပေးတာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ အဲဒီဖော်ပြခဲ့တဲ့ ရှေးဟောင်းအသုံးအဆောင် ပစ္စည်းများနှင့် အထောက်အထားများ ထိန်းသိမ်းထားရှိနိုင်ရန်နှင့် ပြသနိုင်ရန်အတွက် ချင်းပြည်နယ်၊ မင်းတပ်ခရိုင် မင်းတပ်မြို့မှာ ရှေးဟောင်းပစ္စည်းပြတိုက် အဆောက်အဦ ဆောက်လုပ်ပေးနိုင်ရန် အခွင့်အလမ်း ရှိ၊ မရှိနှင့် အခွင့်အလမ်းရှိပါက ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမည်ကို သိလိုကြောင်း မေးမြန်းပါသည်။
ပျူလူမျိုးတို့သည် လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ ကျော်ခန့် က မြန်မာနိုင်ငံအနှံ့အပြားမှာနေထိုင်ခဲ့ကြကြောင်းကို ပျူယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများ အရ လေ့လာတွေ့ရှိခဲ့ပါတယ်။ ပျူယဉ်ကျေးမှုနှင့်ပတ်သက်ပြီးတော့ ဝန်ကြီးဌာန အစီအစဉ်ဖြင့် ကွင်းဆင်းသုတေသနပြုခြင်း၊ တူးဖော်ထိန်းသိမ်းခြင်း၊ မှတ်တမ်းပြုစုခြင်း၊ စာတမ်းဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ပျူယဉ်ကျေးမှု အထောက်အထားပစ္စည်းများကို အမျိုးသားပြတိုက် အပါအဝင် သက်ဆိုင်ရာပြတိုက်များမှာ ထိန်းသိမ်းပြသထားရှိပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားအချင်းချင်းတစ်ဦးရဲ့ယဉ်ကျေးမှုကို တစ်ဦးကသိရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ် ရေး ပိုမိုတိုးတက်လာစေရန်၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရေး အတွက် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုအဆင့်အတန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားပစ္စည်းများကို ပြည်သူလူထု သိရှိပြီး ဗဟုသုတကြွယ်ဝလာစေရန်တို့အတွက် ရည်ရွယ်ပြီး ယဉ်ကျေးမှုပြတိုက် (Culture Museum) နှင့် ရှေးဟောင်းသုတေသနပြတိုက် (Archeology Site Museum) ဆိုပြီးတော့ အဓိကအားဖြင့် ပြတိုက်အမျိုးအစား ၂ မျိုးခွဲခြား၍ ဖွင့်လှစ်ပြသထားရှိပါတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ ရှိတဲ့ တိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ အစုံအလင်ကို လေ့လာကြည့်ရှုနိုင်ဖို့ အတွက် ပြည်နယ် ၇ ခုနှင့် တိုင်းဒေသကြီး ၂ ခုတို့မှာ ယဉ်ကျေးမှုပြတိုက်များကို ဖွင့်လှစ်ပြသထား ပါတယ်။ ရှေးမြို့ဟောင်းများတွင် ဌာနမှ တူးဖော်သုတေသနပြုပြီး စုဆောင်းရရှိထားသော ရှေးဟောင်း ဝတ္ထုပစ္စည်းများကို ခင်းကျင်း၍ပြသနိုင်ရန် ဒေသဆိုင်ရာ ရှေးဟောင်းသုတေသန ပြတိုက်များကိုလည်း ဖွင့်လှစ်ထားရှိပါတယ်။ အဆိုပါပြတိုက်များကို ရှေးမြို့ဟောင်းများတည်ရှိတဲ့ ပုဂံ၊ ပဲခူး၊ သရေခေတ္တရာ၊ မြောက်ဦး၊ ကျောက်တော်၊ ပုခန်းကြီး၊ အင်းဝ၊ ဗိဿနိုး၊ တကောင်းစတဲ့ ဒေသများမှာ ဖွင့်လှစ် ထားရှိပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များရှင့်။ ၁၉၅၇ ခုနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းအက်ဥပဒေပုဒ်မ ၄ တွင် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရှေးဟောင်း ဝတ္ထုပစ္စည်းများကို မပျက်စီးရအောင် စီမံထားရှိရန် ဖော်ပြထားပါတယ်။ သို့ပါ၍ ဒေသဆိုင်ရာ အစီအစဉ်ဖြင့်သော်လည်းကောင်း၊ ပြည်နယ်အစိုးရ အစီအစဉ်ဖြင့်သော်လည်းကောင်း၊ ရှေးဟောင်း ပစ္စည်းပြတိုက် သို့မဟုတ် ယဉ်ကျေးမှုပြတိုက်ဆောက်လုပ်၍ ထိန်းသိမ်းပြသလိုပါက ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ လိုအပ်ပါ ကလည်း ခင်းကျင်းပြသနိုင်ရေးအတွက် ပညာရှင်များဖြင့် ပံ့ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင့်။ ထို့အတူ တာဝန်သိပြည်သူများက ရှေးဟောင်းပစ္စည်းများကို ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လာရောက် အပ်နှံမယ်ဆိုပါကလည်း ပစ္စည်း၏ ရှေးဟောင်းတန်ဖိုး၊ သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှုအနုလက်ရာ တန်ဖိုးများ အပေါ်မူတည်ပြီးတော့ စုဆောင်းရယူထိန်းသိမ်းပြီး သင့်တော်ရာ ပြတိုက်များသို့ ပို့ဆောင် ပြသသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ရှေးဟောင်းပစ္စည်းများကို သက်ဆိုင်ရာသို့ လာရောက်အပ်နှံခြင်း မရှိဘဲ တရားမဝင်သယ်ဆောင် ရောင်းဝယ်မှုများပြုလုပ်ပါက ၁၉၅၇ ခုနှစ် ရှေးဟောင်းဝတ္ထုပစ္စည်း အက်ဥပဒေပုဒ်မ ၃ နှင့် ပုဒ်မ ၇ တို့အရ တည်ဆဲဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူခံရမှာ ဖြစ်ပါ တယ်။ ရှေးဟောင်းပစ္စည်း တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူ များနှင့် ပူးပေါင်းကာ သတင်းရရှိရေး၊ ဖော်ထုတ်ဖမ်းဆီးရမိရေး ကိစ္စများကိုလည်း သက်ဆိုင်ရာမှ စီမံ ဆောင်ရွက်လျက်ရှိပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများရှင့်။ ချင်းပြည်နယ် ၌ ယဉ်ကျေးမှုပြတိုက်ကို ဟားခါးမြို့တွင် ၁၉၈၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ချင်းပြည်နယ်ရှိ တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုနှင့် အဆင်တန်ဆာများ၊ ရိုးရာတူရိယာများ၊ လက်နက်များ စသည်တို့အပါအဝင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ ပစ္စည်းများ၊ ဗုဒ္ဓဆင်းတုတော်များကို ခင်းကျင်းပြသထားပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနသည် ယဉ်ကျေးမှုပြတိုက်မရှိသေးသော တိုင်းဒေသကြီးအချို့၌ ယဉ်ကျေးမှုပြတိုက်များ တည်ဆောက်ပြသရန် နှစ်အလိုက် ဦးစားပေးလျာထား ဆောင်ရွက်လျက်ရှိတဲ့အပြင် ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့တွင်လည်း ယဉ်ကျေးမှုပြတိုက်ရှိပြီး ဖြစ်သောကြောင့် မင်းတပ်ခရိုင် မင်းတပ်မြို့၌ ပြတိုက်အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားပါသည်။
